ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ၌ တပ်မတော်နှင့် ညီနောင်မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးရှိကာ အရပ်သားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ၌ တပ်မတော်နှင့် ညီနောင်မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးရှိကာ အရပ်သားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ
ဓါတ်ပုံ - CJ
ဓါတ်ပုံ - CJ
Published 31 May 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးအနီး လျပ်စစ်ကုန်း၌ ယနေ့ (မေလ ၃၁ ရက်) နံနက် ၀၀ နာရီ ၄၀  မိနစ်ခန့်မှ နံနက် ၅ နာရီခန့်အထိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ညီနောင် မဟာမိတ်တပ်ပေါင်းစုတို့ ၅ နာရီနီးပါး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် နှစ်ဖက် အထိအခိုက်ဒဏ်ရာရှိခြင်းနှင့် ကျဆုံးခြင်းများရှိခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်မတော်နဲ့ ညီနောင် မဟာမိတ်တပ်ပေါင်းစုတို့ လျပ်စစ်ကုန်းဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ တစ်ညလုံးနီးနီးဘဲ၊ တဒိုင်းဒိုင်းတကြိမ်းကြိမ်းနဲ့ ရက်ကွက် ၆ က တစ်ယောက်က ခြေသလုံး အစထိတယ်၊အဲဒါကို နမ့်ဖက်ကာ ဆေးရုံမှာဘဲကုပြီးသွားပြီ၊ မြို့ပြင် EPC ရုံက တပ်ဘက်က ၁၀ ယောက်လောက် နဲ့ EPC ရုံးစောင့်တဲ့ အရပ်သား အဘိုး တစ်ဦးတို့ သေဆုံးတယ်လို့တော့ကြားတယ်။ အခုလက်ရှိအချိန်မှာတော့ ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေ ပုံမှန်သွားလာနေကြပါပြီ” ဟု နမ့်ဖက်ကာကျေးရွာနေ ဒေသခံတစ်ဦးကပြောကြားသည်။

ထိုပြင်အဆိုပါတိုက်ပွဲ ဖြစ်ပွားစဉ်ကာလအတွင်း တက်မတော်ဘက်က ၁၀ ဦးခန့် ကျဆုံးခဲ့ပြီး မဟာမိတ် တပ်ပေါင်းစုဘက်က ၂ ဦးကျဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

တပ်မတော်ဘက်က ကျဆုံးမှုများနှင့်ပတ်သက်၍ တပ်မတော်ထံမှ သီးခြားအတည်ပြုချက်မရသေးပေ။

 ထို့အတူ နမ့်ဖက်ကာရွာအနီးရှိ ဦးအင်ဗွေဂမ်ဂျာ အိမ်အတွင်း နှင့် ပြည်ထောင်စုလမ်းမပေါ်တွင် လက်နက်ကြီးကျရောက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြိုနယ်၌ ယခုနှစ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မကြာခဏဆိုသလို တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလျက် ရှိကြောင်းသိရသည်။

 

Most Read

Most Recent