ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းဒေသကြီး တမူးမြို့နယ်တို့တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ များပြားလာသည့်အတွက် Stay at Home မြို့နယ်အဖြစ် ကြေညာ

ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းဒေသကြီး တမူးမြို့နယ်တို့တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ များပြားလာသည့်အတွက် Stay at Home မြို့နယ်အဖြစ် ကြေညာ
Published 28 May 2021

ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းဒေသကြီး တမူးမြို့နယ်တို့အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြန်သည်ဟု မေ ၂၈ ရက် ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

ကြေညာချက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နဲ့တပြေးညီ ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှု များပြားလာတာကြောင့် အချို့သော မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများသည် နေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ Stay at Home အစီအစဉ်တွင် အကျုံးဝင်သောပြည်သူများသည် မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှအပ မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် နှာခေါင်းစည်းတပ်ရန်၊ တာဝန်ထမ်းဆောင်သည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့်ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှှစ်ဦးသာ သွားရောက်ရန်စသည့် သတ်မှတ်ချက်များလည်း ဖော်ပြပါရှိသည်။ 

ထို့ပြင် ယင်းသတ်မှတ်ချက်များထက် ပိုလျှင်ဖြစ်စေ၊ အခြားကိစ္စရပ်များအတွက် သွားလာရန်ရှိသည်ဖြစ်စေ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန်သွားရောက်ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်ထွက်ခွင့်မပြုရန်နှင့် ယင်းအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအမိန့်သည် ၂၀၂၁ ခုနှစ် မေ ၂၉ ရက် နံနက် ၄ နာရီအချိန်မှစတင်သက်ရောက်ကြောင်း MRTV သတင်းကြေညာချက်အရ  သိရသည်။