၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနှင့် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးလျက်ရှိ

၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနှင့် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးလျက်ရှိ
တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
Published 27 May 2021

၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနှင့် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးနေပြီး စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့       လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း တောင်သူများ ပြန်လည်ပေးဆပ်ရမည့် ၂၀၂၀-မိုးရာသီ ချေးငွေများကို ဇူလိုင်လကုန်အထိ တိုးမြှင့်ဖြေလျှော့ပေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ၂၀၂၀- မိုးရာသီ ချေးငွေများ ဆပ်ရန် ငွေကြေးအခက်အခဲများ ရှိနေသည့် တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ၂၀၂၀- မိုးချေးငွေ နောက်ဆုံးပေးဆပ်ရန် ကာလသတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ (၁၅) ရက်အစား ၂၀၂၁ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ တိုးမြှင့် ပြင်ဆင် ဖြေလျှော့ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ၂၆-၅-၂၀၂၁ ရက်နေ့မှစ၍ ၃၀-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးသွားမည်ဖြစ်သည်။

တောင်သူလယ်သမားများအနေဖြင့် ချေးငွေဟောင်းပြေကျေအောင် ပေးဆပ်ပြီး ၂၀၂၁-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့် နွေစပါးစုစုပေါင်းစိုက်ဧက ၁၈ သန်းနီးပါးစိုက်ပျိုးပြီး  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း  စပါးသီးနှံစိုက်ပျိုးဧက အနည်းဆုံးနှစ်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် မိုးစပါးနှင့် နွေစပါးစုစုပေါင်းစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၃၇ သန်း၊ နွေစပါး ၂ ဒသမ ၄၅ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၂  သန်း၊ ၂၀၁၆-၂၀၁ရဘဏ္ဍာ နှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၄ သန်း၊ နွေစပါး ၂ ဒသမ ၄၆ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၇၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၂ သန်း၊ နွေစပါး ၂ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၀၈ သန်း၊ နွေစပါး ၂ ဒသမ ၇၈သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၄ဒသမ ၉၈ သန်း၊ နွေစပါး ၂ ဒသမ ၃၃ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၃၁ သန်း စိုက်ပျိုးထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆည်ရေဖြင့် မိုးစပါးနှင့်နွေစပါးစိုက်ဧက ၂ ဒသမ ၁ သန်းကျော်စိုက်ပျိုးနိုင်ပြီး ယခင်နှစ်ကာလတူထက် ဆည်ရေဖြင့် စိုက်ပျိုးနိုင်မှုဧက တစ်သိန်းကိုးသောင်းကျော် လျော့ကျခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ပြီး ကြံ့ကြံ့ခံနိုင်မည့် စိုက်ပျိုးရေးအလေ့အကျင့်များ ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် မြို့နယ်အလိုက် စိုက်ပျိုးပညာပေးရေးလုပ်ငန်းစီမံချက် (Agricultural Extension Plan) ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent