နယ်စပ်တင်းမာမှုများအကြား အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ ထိတ်တိုက်တွေ့နိုင်သလော

နယ်စပ်တင်းမာမှုများအကြား အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ ထိတ်တိုက်တွေ့နိုင်သလော
Photo:AFP
Photo:AFP
Published 22 May 2021
ဇင်မျိုး

အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား ၁၁ ရက်ကြာဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှာ အီဂျစ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ပါလက်စတိုင်းတို့အား ထောက်ခံသည့် ဟစ်ဘိုလာအဖွဲ့ဘက်က တုံ့ပြန်မှုအတွက် လက်ဘနွန်နယ်စပ်တွင် လေ့ကျင့်ပေးထားသူများကို လူအများကစိတ်ဝင်စားသွားကြသည် ဆိုသည့်တိုင် အီရန်ကျောထောက် နောက်ခံပြုအဖွဲ့ ဟစ်ဇ်ဘိုလာအနေဖြင့်အလုံး စုံစစ်ပွဲတစ်ရပ်ကိုစွန့်စားမည့် အလားအလာမရှိဟု လေ့လာစောင့်ကြည့်သူများက ဆိုကြသည်။

မကြာသေးမီ ရက်ပိုင်းများက နယ်စပ်တွင်ဖြစ်ပွားသော တိုက်ပွဲများသည် တင်းမာမှုများကို မြင့်တက်စေသည်ဆိုသော်လည်း နက်ရှိုင်းသော နိုင်ငံရေးအကျပ်အတည်းနှင့်  စီးပွားရေးအကျပ်အတည်းတို့အကြား ဒူးထောက်နေရသော လက်ဘနွန်နှင့်အတူ ရှီးအိုက်အုပ်စု ဟစ်ဇ်ဘိုလာသည် တင်းမာမှုမြင့်တက်လာမည့်အရေးကို ရှောင်ရှားလိုပုံရသည်။

“လောလောဆယ်မှာ ပဋိပက္ခကြီးထွားနေတာကို ညွှန်းဆိုနေတာ ဘာမှမရှိပါဘူး။  ဒါပေမဲ့ စစ်ပွဲဖြစ်ပွားမယ့် ဆုံးဖြတ်ချက်ဟာ အစဉ်အလာအရ အစ္စရေးအပေါ်မှာ မူတည်နေတာပါ” ဟု ဟစ်ဇ်ဘိုလာနှင့်နီးစပ်သည့်  လက်ဘနွန်ပညာရှင် ဆာဒစ်အယ်လ်နာဘူဆီက ပြောသည်။

အစ္စရေးနှင့်အနောက်နိုင်ငံအများစုက အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ထားကြသော ဟစ်ဇ်ဘိုလာနှင့် ပါလက်စတိုင်းဟားမာ့စ်တို့သည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ဆီးရီးယားစစ်ပွဲ၏အတိုက်အခံများ  အဖြစ်အဆုံးသတ်ခဲ့ရပြီးနောက် ဆက်ဆံရေးတိုးတက်လာခဲ့ကြသည်။

အစ္စရေး၏ လက်ဘနွန်တောင်ပိုင်း ကျူးကျော်မှုကိုတိုက်ထုတ်ရန် ၁၉၈ဝပြည့်နှစ် ကာလများတွင် တည်ထောင်ခဲ့သောဟစ်ဇ်ဘိုလာသည် ဆီးရီးယား၊အီရတ်နှင့်ယီမင်တို့တွင် သတင်းပေး ထောက်လှမ်းရေးများ ရှိထားခြင်းနှင့်အတူ အီရန်၏အဓိကဒေသတွင်း လျှို့ဝှက်ကိုယ်စားပြုအဖွဲ့ အဖြစ်ကြီးထွားလာခဲ့သည်။

၁၉၇၅-၉၀ ပြည်တွင်းစစ်အပြီးတွင်  လက်ဘနွန်အဖွဲ့ကသာလျှင်လက်နက်များကို သိမ်းထားခဲ့ရာ  ယခုအခါဟစ်ဇ်ဘိုလာသည်  လက်ဘနွန်အမျိုးသားစစ်တပ်ထက် အင်အားပိုမိုကောင်းသော လက်နက်များကိုပိုင်ဆိုင်ထားသည်။ လှုပ်ရှားမှုအကြောင်းပြောရာတွင် အရေးပါသော အကြောင်းအရာဖြစ်နေဆဲ  ရန်သူတော်အစ္စရေးအား ခုခံတိုက်ခိုက်မှု အခန်းကဏ္ဍကို အလေးထားနေခြင်းဖြင့်  ဟစ်ဇ်ဘိုလာတွင် လက်နက်အင်အား ပိုမိုသာလွန်သည့်အချက်မှာ ကျိုးကြောင်းဆီလျော်မှုရှိသည်။

၂ဝဝဝပြည့်နှစ်တွင် အစ္စရေးက လက်ဘနွန်မှ ထွက်ခွာခဲ့ပြီးနောက် ခြောက်နှစ်အကြာတွင် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့သည်  ပြင်းထန်သည့် ၃၄ရက်ကြာစစ်ပွဲကို တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၆ စစ်ပွဲကြောင့် လက်ဘနွန် ၁,၂ဝဝခန် ့သေဆုံးခဲ့ရပြီး အခြေခံအဆောက်အအုံ၊ရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့ထိခိုက်ခဲ့ကာ နိုင်ငံသည်  အဆမတန် ပေးဆပ်လိုက်ရသည်။ 

၂၀၀၈၊၂၀၁၂နှင့်၂၀၁၄တို့တွင် ဂါဇာ၌ဖြစ်ပွားခဲ့သည့် ယခင်စစ်ပွဲများအတွင်း အလုံးစုံစစ်ပွဲများအပါအဝင် ရန်သူတော်နှစ်ဦးသည်  ၂၀၀၆ စစ်ပွဲနောက်ပိုင်းတွင် မီးကုန်ယမ်းကုန်  စစ်ပွဲကိုလက်ရှောင်ခဲ့ကြသည်။

၎င်းတို့၏တငွေ့ငွေ့ လောင်နေသော ပဋိပက္ခသည် စစ်ကြောင့်ဖွတ်ဖွတ် ညက်ညက်ကြေခဲ့သည့် ဆီးရီးယားတွင် အဓိကဖြစ်ပွားခဲ့ရာ ၎င်းတွင်အစ္စရေးက ဟစ်ဇ်ဘိုလာနှင့် အခြားအီရန်လိုလားသူများကို တိုက်ခိုက်မှုများ ရာချီလုပ်ဆောင်ခဲ့သည်။

ထုံ့ပိုင်းထုံ့ပိုင်း အသေးအဖွဲနယ်စပ် ပြဿနာများသည် တင်းမာမှုများကို ဒေါသူပုန်ထသည့် အနေအထားများအထိ ဖြစ်စေခဲ့သည်ဆိုသော်လည်း ၎င်းပြဿနာများမှာ မကြာခဏဆိုသလို သိက္ခာဆယ်သည့် ဝေ့လည်ကြောင်ပတ်စကားလုံးများဖြင့်သာ  အဆုံးသတ်သွားတတ်သည်။

“အသေးအဖွဲအဖြစ်အပျက်မှန်သမျှဟာ တစ်ခဏချင်း ပြင်းထန်လာနိုင်တဲ့ တုံ့ပြန်မှုကို ဦးတည်သွားစေနိုင်ပါတယ်။ တွက်ချက်မှုအမှားအယွင်း မှန်သမျှဟာတင်းမာမှုကို ဖြစ်စေနိုင်ပါတယ်” ဟုနာဘူဆီကပြောသည်။

နယ်စပ်တင်းမာမှုများ

ဂါဇာကမ်းမြောင်တွင် ဂျူးနိုင်ငံနှင့်လက်နက်ကိုင် ပါလက်စတိုင်းအုပ်စုများအကြား လွန်ခဲ့သောသီတင်းပတ်တွင် ရန်လိုမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် တတိယအကြိမ် အလားတူတိုက်ခိုက်မှုအဖြစ် မေ ၁၉ရက်တွင် လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးသို့ ဒုံးလေးစင်းပစ်ခတ်ခဲ့သည်။

ဒုံးတစ်စင်းကို လေကြောင်းကာကွယ်ရေးစနစ်က ကြားဖြတ််ဟန့်တားခဲ့ပြီးနောက်  မိမိတို့ကအမြောက်ဖြင့် တုံ့ပြန်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။အခြားဒုံးများသည် လဟာပြင်နေရာများကို ကျသွားဖွယ်ရှိသည်ဟု ဆိုသည်။

မေ၁ရရက်ညနေပိုင်းတွင် လက်ဘနွန်တောင်ပိုင်း ရှီးဘားယာမြေဒေသမှ ဒုံးများကို  အစ္စရေးဘက်သို့ပစ်ခဲ့သော်လည်း နယ်စပ်ကိုမကျော်ခဲ့ပေ။ အစ္စရေးစစ်တပ်က အမြောက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

မတ်၁၃ရက်ကလည်း ဒုံးသုံးစင်းကို ပါလက်စတိုင်းဒုက္ခသည်စခန်း ရှာရှီဒီယက်အနီးမှ အစ္စရေးဘက်ကိုပစ်ခဲ့သည်။ အဆိုပါ ဒုံးများသည် ပင်လယ်ထဲကျသွားခဲ့သည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဟစ်ဇ်ဘိုလာက တရားဝင် မှတ်ချက်ပြုခြင်းမရှိခဲ့ပေ။

ပါလက်စတိုင်းထောက်ခံသော လူထုစုဝေးပွဲအတွင်း လွန်ခဲ့သောသီတင်းပတ်က အစ္စရေး၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဟစ်ဘိုလာအဖွဲ့ဝင်၏ စျာပနနှင့်အတူဂါဇာတွင် အစ္စရေး၏လေကြောင်း စစ်ဆင်ရေးကို  ဆန့်ကျင်သည့် ကန့်ကွက်ဆန္ဒပြပွဲများကို  နယ်စပ်ဒေသတွင်ပြုလုပ်ခဲ့ကြသည်။ ဟစ်ဇ်ဘိုလာသည် ကျဆုံးသွားသောအဖွဲ့ဝင်ကို အာဇာနည်အဖြစ် ပူဆွေးငိုကြွေးခဲ့သည် ဆိုသော်လည်း အစ္စရေးကိုလက်စားချေမည်၊  လက်တုံ့ပြန်မည်ဟုဆော်သြခြင်းမျိုးမရှိခဲ့ပေ။

နောက်ဆုံးဖြစ်ပွားသော တင်းမာမှုများမတိုင်ခင် ဟစ်ဇ်ဘိုလာနှင့်အစ္စရေးတို့က ၎င်းတို့အနေဖြင့် တင်းမာမှုအရှိန်ကြီးထွားလာမည်ကို စိတ်မဝင်စားကြောင်း အရိပ်အယောင်များကို ထပ်တလဲလဲပြသခဲ့ကြသည်။ ပါလက်စတိုင်းပြည်သူများ၏ နောက်မှရပ်တည်ရေးသည် မိမိလှုပ်ရှားမှုအတွက် တာဝန်တစ်ရပ်ဖြစ်သည်ဟု ယခုလ အယ်လ်ကွပ်(ဂျေရုဆလင်)နေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် ဟစ်ဇ်ဘိုလာအကြီးအကဲ ဟာဆန်နာ ဆရယ်လာကပြောခဲ့သည်။

“ဒါပေမဲ့ မူလတာဝန်ကတော့ ပါလက်စတိုင်း ပြည်သူတွေအပေါ်မှာရှိနေတာ ဖြစ်ပါတယ်” ဟု၄င်းကပြောကြားခဲ့ပြီး လက်ဘနွန်ကို ကျူးကျော်မည်ဆိုပါက မိမိတို့အုပ်စုက ခိုင်ခိုင်မာမာ တုံ့ပြန်ရလိမ့်မည်ဟု  အစ္စရေးကို သတိပေးခဲ့သည်။

ခံစစ်

ဂါဇာတွင် အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် ပါလက်စတိုင်းအဖွဲ့များကို ပြတ်ပြတ်သားသား ကူညီသွားမည်ဟု ယခုသီတင်းပတ် ထုတ်ပြန်ချက်တွင် ဟစ်ဇ်ဘိုလာဒုတိယ အကြီးအကဲ နိုင်းကာဆမ်က ကတိပြုခဲ့သည်။

“ကျွန်တော်တို့ဟာသူတို့နဲ ့အတူရှိနေမှာပါ။ နည်းလမ်းပေါင်းစုံနဲ ့ကူညီ၊ထောက်ပ့ံမှုတွေကို ကမ်းလှမ်းသွားပါမယ်။ မတူညီတဲ့ ခြေလှမ်းတွေနဲ့အဆင့်တွေအတွင်း လိုအပ်တဲ့အလျှောက် ကျွန်တော်တို့ရဲ ့ တာဝန်ကို ကျွန်တော်တို ့အမြဲတမ်းထမ်းဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်းအဖွဲ့များ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်းကပြောကြားခဲ့သည်။

“လက်ဘနွန်တော်လှန်ရေးဟာ ခံစစ်ဖြစ်ပါတယ်။ အစ္စရေးကို ကျွန်တော်တို့ကစပြီး  ကျူးကျော်ရန်စမှာမဟုတ်ပါဘူး။ ဒီနေ့မှာ လက်ဘနွန်ဟာ အစ္စရေးနဲ့ရှေ့တန်းစစ်မျက်နှာဖွင့်ဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ဒါပေမဲ့ အစ္စရေးရဲ့ကျူးကျော်ရန်စမှုမှန်သမျှကို ကျွန်တော်တို ့ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ၏  အဓိကမဟာမိတ်  Amal Movement ပါတီမှ လွှတ်တော်အမတ် မိုဟာမက်ခါ၀ါဂျာက ပြောကြားခဲ့သည်။                        

Most Read

Most Recent