နိုင်ငံတော်လုံခြုံရေးဟူသည်...

နိုင်ငံတော်လုံခြုံရေးဟူသည်...
Published 19 May 2021

နိုင်ငံတော်လုံခြုံရေးဟူသည် အစိုးရအဖွဲ့တစ်ရပ်အနေဖြင့် လွှတ်တော်များနှင့်အတူ နိုင်ငံတော်နှင့် နိုင်ငံသားများကို နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေး အစရှိသော စွမ်းအား အာဏာအမျိုးမျိုးမှတစ်ဆင့် အမျိုးသားဆိုင်ရာ အကျပ်အတည်းများနှင့် ပဋိပက္ခများ အမျိုးအစားအားလုံးမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရမည်ဟူသည့် သဘောတရား ဖြစ်သည်။ ယင်းသဘောတရားသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အားလုံးတွင် စတင်ဖွံ့ဖြိုးလာသည့် သဘောတရားဖြစ်သည်။ အစောပိုင်းတွင် စစ်အင်အားအပေါ်၌သာ အဓိကထားသော်လည်း ယခုအခါ အတိုင်းအတာ ကျယ်ပြောလှသည့် မျက်နှာစာအသီးသီး ပါဝင်၍လာသည်။ စစ်ရေးမဟုတ်သော မျက်နှာစာ၌ နိုင်ငံ တော် စီးပွားရေးလုံခြုံမှုနှင့် တစ်မျိုးသားလုံးက ထောက်ခံအားပေးထားသော စံတန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရေးက အဓိကပါဝင်သည်။

နိုင်ငံတော်လုံခြုံရေးကို ပိုင်ဆိုင်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေး လုံခြုံမှု၊ စွမ်းအင်လုံခြုံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာလုံခြုံမှု အစရှိသည်တို့ကို ပိုင်ဆိုင်ရန် လိုအပ်သည်။ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများထဲတွင် အခြားနိုင်ငံများကဲ့သို့သော အစဉ်အလာအားဖြင့်ရှိနေသည့် ရန်သူများအပြင် နိုင်ငံအနေဖြင့် မဟုတ်သော အကြမ်းဖက်များ၊ မူးယစ်ဆေးဂိုဏ်းများ၊ နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့များနှင့် အစိုးရမဟုတ်သည့် အဖွဲ့များလည်း ပါဝင်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများကို ဖြစ်စေသည့် သဘာဝဘေးအန္တရာယ်များနှင့် ဖြစ်ရပ်များသည်လည်း ခြိမ်းခြောက်မှုများထဲ၌ ပါဝင်သည်။

နိုင်ငံတော်လုံခြုံရေး အာမခံချက်ရှိအောင် ပြုလုပ်ရန်နည်းလမ်းများ၌ အထီးကျန် မဖြစ်စေရန် မဟာမိတ်ဖွဲ့ရေးအတွက် သံတမန်ရေးရာကို အသုံးပြုခြင်း၊ ပူးပေါင်းဆောင်ရွက်မှု၌ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် သို့မဟုတ် အထောက်အကူပြုအောင် စီးပွားရေးပါ၀ါ ထူထောင်ခြင်း၊ ထိရောက်သည့် လက်နက်ကိုင်တပ်များ ရှိအောင် ထိန်းသိမ်းထားခြင်း၊ (အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဥပဒေပြုရေးအပါအဝင်) အရပ်ဘက်ကာကွယ်ရေးနှင့် အရေးပေါ်အခြေအနေရပ်များဆိုင်ရာ ပြင်ဆင်မှုများ အကောင်အထည်ဖော်ခြင်း၊ ဒဏ်ခံနိုင်ရည်ရှိပြီး အပိုအရန်အဖြစ်ရှိသည့် အရေးကြီးသည့် အခြေခံအဆောက်အအုံများ ရှိနေခြင်း၊ ခြိမ်းခြောက်မှုများနှင့် သူလျှိုလုပ်မှုများကို စုံစမ်းထောက်လှမ်းရန် သို့မဟုတ် ချေမှုန်းရန် သို့မဟုတ် ရှောင်ရှားနိုင်ရန်နှင့် အရေးကြီးသောအချက်အလက်များကို ကာကွယ်ရန် စုံစမ်းထောက်လှမ်းရေးဌာနများကို အသုံးပြုခြင်းနှင့် ပြည်တွင်းခြိမ်းခြောက်မှုများမှနေ၍ နိုင်ငံတော်ကိုကာကွယ်ရန် တန်ပြန်စုံစမ်းထောက်လှမ်းမှုဌာနများ သို့မဟုတ် လျှို့ဝှက်ရဲတပ်ဖွဲ့များ ထားရှိခြင်းတို့ ပါဝင်သည်။

အမှန်တကယ်၌ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးက လက်ခံထားသည့် တစ်ခုတည်းသော အဓိပ္ပာယ်သတ်မှတ်ချက် မရှိပေ။ အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးမျိုးသည် နိုင်ငံတော်လုံခြုံရေး သဘောတရားနှင့်ပတ်သက်၍ အသုံးအနှုန်းများစွာတို့အပေါ် သုံးသပ်ချက်တစ်ရပ်ကို ပေးနိုင်သည်။ စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုမှနေ၍ လွတ်လပ်ခွင့်ကို အဓိကထားသည့် အစောပိုင်းသဘောတရားကို အခြေခံသော ပိုမိုရိုးရှင်းသည့် အဓိပ္ပာယ်သတ်မှတ်ချက်ဖြစ်သော နိုင်ငံတော်လုံခြုံရေးဟူသည့် သဘောတရား သည် အဓိပ္ပာယ်အမျိုးမျိုး ဆောင်နေဆဲဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အကျပ်ကိုင်မှု အပါအဝင် စစ်ရေးနှင့်မဆိုင်သော လုံခြုံရေးကိစ္စအမျိုးမျိုးသည် အချိန်နှင့်အမျှ တိုးပွားလာနေဆဲဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးဟူသည် စစ်ရေးသက်သက်မဟုတ်ဘဲ စစ်ရေးနှင့်မဆိုင်သည့် အကြောင်းခြင်းရာများပါ သက်ဝင်လာပုံကို သိသာစေရန် အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကို တင်ပြလိုပါသည်။

နိုင်ငံတစ်နိုင်ငံသည် စစ်ပွဲကိုရှောင်ရှားရန် ၎င်း၏ တရားဝင်ဖြစ်မှု အကျိုးစီးပွားကို စတေးရန် မလိုသည့်အခါ၊ စိန်ခေါ်မှုများ ဖြစ်ပေါ်ပါက နိုင်ငံ၏ တရားဝင်ဖြစ်မှု အကျိုးစီးပွားကို စစ်ပွဲဖြင့် ထိန်းသိမ်းနိုင်စွမ်းရှိသည့်အခါ ယင်း၌ နိုင်ငံတော်လုံခြုံရေးရှိသည်ဟု ဆိုနိုင်သည်။ (ဝေါလ်တာလစ်ပမန်၊ ၁၉၄၃)။ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်၍ သိသာထင်ရှားသောအဓိပ္ပာယ်မှာ ပြည်ပအာဏာသက်ရောက်မှုမှ လွတ်မြောက်ခြင်းဖြစ်သည်။  (ဟာရိုးလက်စ်ဝဲ၊ ၁၉၅၀)။ နိုင်ငံတော်လုံခြုံရေး၏ ဓမ္မဓိဋ္ဌာန်ကျသည့် အဓိပ္ပာယ်မှာ ရရှိထားသည့် စံတန်ဖိုးများအား ခြိမ်းခြောက်ခံရခြင်းမှ လွတ်မြောက်ခြင်းဖြစ်ပြီး ပုဂ္ဂလဓိဋ္ဌာန်ကျသည့် အဓိပ္ပာယ်မှာ ယင်းစံတန်ဖိုးများ တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ရခြင်းမှ လွတ်ကင်းမှုဖြစ်သည်။ (အာနိုးဝုဖာ၊ ၁၉၆၀)။ နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ ခိုင်မြဲမှုနှင့် ပိုင်နက်ကို ထိန်းသိမ်းရန်၊ ကျိုးကြောင်းဆီလျော်သည့် နည်းလမ်းများအားဖြင့် ကမ္ဘာ၏ ကျန်အစိတ်အပိုင်းနှင့် စီးပွားရေးဆက်ဆံမှုကို ထိန်းသိမ်းရန်၊ ပြင်ပနှောင့်ယှက်မှုများမှနေ၍ နိုင်ငံ၏ သဘာဝ၊ အင်စတီကျူးရှင်းနှင့် အုပ်စိုးမှုကို ထိန်းသိမ်းရန်နှင့် နိုင်ငံနယ်စပ်များကို ထိန်းချုပ်ရန်တို့သည် နိုင်ငံတော်၏လုံခြုံရေး ဖြစ်သည်။ (အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟာရိုးဘရောင်း၊ ၁၉၇၇- ၁၉၈၁)။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်၊ ကြွယ်ဝမှုနှင့် ဖူလုံမှုတို့ရရှိရန် သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်းမှ ပြည်သူများ၏ ထင်မြင်မှုက ယုံကြည်သော ပြည်တွင်းနှင့် ပြည်ပအခြေအနေရပ်များအား ထိန်းချုပ်နိုင်စွမ်းရှိခြင်းကို နိုင်ငံတော်၏လုံခြုံရေးဟု ခေါ်သည်။ (ချား မေယာ၊ ၁၉၉၀)။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးသည် ယင်းနိုင်ငံအစိုးရ၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent