၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၃ ဒသမ ၁၈ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၁၁ လဆက်တိုက် ပြန်လည်ကျဆင်းခဲ့

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၃ ဒသမ ၁၈ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၁၁ လဆက်တိုက် ပြန်လည်ကျဆင်းခဲ့
ရန်ကုန်မြို့ရှိ စားသောက်ကုန်များ ရောင်းချရာစျေးတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စားသောက်ကုန်များ ရောင်းချရာစျေးတစ်ခုကို တွေ့ရစဉ်
Published 18 May 2021

၂၀၂၁ ခုနှစ်ဇန်နဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၃ ဒသမ ၁၈ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ၁၁ လဆက်တိုက် ပြန်လည်ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ (၁၁လ ဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ) တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာကြည့်ပါက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၃၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့်နှစ် မတ်လ၌ မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားလာချိန်မှစ၍ အိမ်ထောင်စုများ၏သုံးစွဲမှု လျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၀ ဒသမ ၇၄ ရာခိုင်နှုန်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ တစ်နှစ်ပျမ်းမျှ ၃ ဒသမ ၁၈ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၃ ဒသမ ၈၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၇၀ လျော့နည်းလာကြောင်း သိရသည်။

၂၀၂ဝပြည့်နှစ် ဖေဖော်ဝါရီလတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါသက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှုကျဆင်းပြီး စားသုံးသူစျေးဆနှုန်းမှာ တိုးနှုန်းအရှိန်လျော့နည်းလာရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ ဒသမ ၁၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၇ ဒသမ ၃၁ ရာခိုင်နှုန်းဖြင့် ပထမအမြင့်ဆုံး၊ ပြည်ထောင်စုနယ်မြေတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ကရင်ပြည်နယ်တွင် ၄ ဒသမ ၇၈ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်လျက်ရှိသည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၃ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး နေပြည်တော်တွင် ၂ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသောငွေကြေး ယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏တန်ဖိုးကို လျော့ကျစေခြင်း ဖြစ်သည်။

Most Read

Most Recent