အဂတိလိုက်စားသည်ဆိုရာဝယ်

အဂတိလိုက်စားသည်ဆိုရာဝယ်
Published 17 May 2021

နိုင်ငံတစ်နိုင်ငံမှာ အဂတိလိုက်စားမှု များလေလေ၊ ဥပဒေတွေ များလေလေပဲ။

တက်စီးတက်စ် (၅၆ အေဒီ - ၁၂၀ အေဒီ)

ရောမလွှတ်တော်အမတ်နှင့် သမိုင်းပညာရှင်

လူအများက အဂတိလိုက်စားသည်ဆိုခြင်းကို လာဘ်စားခြင်းတစ်ခုတည်းဟုသာ အမြင်မှားအသိမှား နေတတ်ကြသည်။ အမှန်တကယ်၌ အဂတိလိုက်စားခြင်းဟူသည် လာဘ်စားခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ဗုဒ္ဓမြတ်စွာဘုရားသည်ပင်လျှင် သိင်္ဂါလလုလင်အား မဟာကရုဏာတော်မြတ်ဖြင့် ရှောင်ကြဉ်ရမည့် ကမ္မကိလေသတရားလေးပါးကို ပြညွှန်းတော်မူခဲ့ပြီး အဂတိတရားလေးပါးကို မလိုက်စားအပ်ကြောင်း ဆုံးမတော်မူခဲ့သည်။ ယင်းအဂတိတရားလေးပါးမှာ (၁) ဆန္ဒာဂတိ (၂) ဒေါသာဂတိ (၃) မောဟာဂတိ (၄) ဘယာဂတိတို့ ဖြစ်ကြသည်။

(၁) ဆန္ဒာဂတိ (ချစ်ခင်သဖြင့်  မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - ဆွေမျိုးတော်စပ်သောကြောင့်ဖြစ်စေ၊ ရင်းနှီးခင်မင်သောကြောင့်ဖြစ်စေ၊ ချစ်ခင်အောင် လိုက်လျောခံရသောကြောင့်ဖြစ်စေ၊ တံစိုးလက်ဆောင် လာဘ်လာဘယူ၍ဖြစ်စေ မိမိ၏တာဝန်ဝတ္တရား၊ ကိုယ်ကျင့်တရားတို့မှ တိမ်းစောင်းချွတ်ချော်ကာ မပြုသင့်မပြုအပ်သည်ကို ပြုခြင်းဖြစ်သည်။

(၂) ဒေါသာဂတိ (စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း၊ အာဃာတထားခြင်းတို့အပေါ် အခြေခံလျက် မိမိပြုလုပ်ရမည့်အရာတွင် သမာသမတ်မရှိဘဲ လျော်ညီစွာကျင့်ရမည့် တရားထုံးတမ်းမှ တိမ်းစောင်းချွတ်ချော်သွားခြင်းဖြစ်သည်။

(၃) မောဟာဂတိ (ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - အမှန်နှင့် အမှား၊ အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်၊ သမ္မာနှင့် မိစ္ဆာ၊ ဓမ္မနှင့် အဓမ္မတို့အား ခွဲခြမ်းဝေဖန် စိစစ်ဉာဏ်ကင်းမဲ့သောကြောင့် တာဝန်ဝတ္တရားနှင့်အညီ ဖြောင့်မတ်စွာ မဆောင်ရွက်ခြင်းဖြစ်သည်။

(၄) ဘယာဂတိ (ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) - အကြောက်တရား၏ ဖိစီးနှိပ်စက်မူကြောင့် လူ့အားမာန်၊ လူ့သတ္တိကင်းမဲ့လျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်အကျပ်ကိုင်သူ အဓမ္မဝါဒီအင်အားစုတို့၏ အလိုကျအမှန်တရားမှ ကင်းကွာဆန့်ကျင်လျက် ဆောင်ရွက်ခြင်းဖြစ်သည်။

အဂတိတရားလိုက်စားခြင်းနှင့် ပတ်သက်သော အကျိုးအပြစ်အဖြစ် “အဂတိတရားလေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါလမင်း၏ အရောင်အဝါသည် တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါးဆုတ်ယုတ်တတ်လေသည်။ အဂတိတရားလေးပါးကို မလိုက်စားမပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏အရောင်အဝါသည် တစ်နေ့တခြား ထွန်းလင်းတောက်ပသကဲ့သို့ ကျက်သရေ၊ ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာတို့သည် တစ်နေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှားလေသည်” ဟု ဗုဒ္ဓဘာသာရေးအဆုံးအမများ၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုဟူသည် ပြည်သူတစ်ရပ်လုံးအား ထိခိုက်စေသောကြောင့် ပြည်သူတစ်ရပ်လုံး၏ နံပါတ် - ၁ ရန်သူ ဖြစ်သည်။ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများနှင့် တရားမျှတမှုတို့ကို အဂတိလိုက်စားမှုက ခြိမ်းခြောက်လျက်ရှိသည်။ အဂတိလိုက်စားမှုက လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ်ပြုလျက်ရှိသည်။ အဂတိလိုက်စားမှုဟူသည် အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီ စံတန်ဖိုးများကို လှိုက်စားကာ အားနည်းသွားစေလျက် ပျက်သုဉ်းသွားစေနိုင်သော အရာလည်းဖြစ်သည်။ အများပြည်သူနှင့်ဆိုင်သော မူဝါဒများနှင့် အများပြည်သူနှင့်ဆိုင်သော ရင်းမြစ်များသည် ဆင်းရဲသားပြည်သူများကို အကြီးအကျယ် အကျိုးပြုနေသည့်အရာများ ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု၏ဆိုးရွားသော ရိုက်ခတ်မှုများကို အပြင်းထန်ဆုံးထိခိုက်ခံစားရသူများမှာ အခြေခံလူတန်းစား ဆင်းရဲသားပြည်သူများသာ ဖြစ်သောကြောင့် အဂတိလိုက်စားမှုဟူသည် ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent