ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ်သန်း ၂၅၀၀ ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် ဒေါ်လာ ၁ ဒသမ ၆၄၃ သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု YRIC အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ်သန်း ၂၅၀၀ ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် ဒေါ်လာ ၁ ဒသမ ၆၄၃ သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု YRIC အတည်ပြု
Published 14 May 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ် သန်း ၂၅၀၀ ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် ဒေါ်လာ ၁ ဒသမ ၆၄၃ သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) က အတည်ပြုပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၁ ခုနှစ် မေ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍမှ မတည်ငွေရင်း ကျပ်သန်း ၂၅၀၀ ရှိသော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် မတည်ငွေရင်း ဒေါ်လာ ၁ ဒသမ ၆၄၃ သန်းရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၆၃၅  ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

လေးနှစ်ရှစ်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၂၂၀ ဘီလျံ ကျော်ရှိပြီး အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း  သိရသည်။

နှစ်အလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုပမာဏများမှာ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ဧပြီမှ ၂၀၁၉  စက်တင်ဘာ (ဘတ်ဂျက်ကြားကာလ) တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်းရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၅၉၂ ခုကို လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၀၂၂၀၆၀၈ ဒသမ ၈၄၃ သန်း (ကျပ် ၁၀၂၂၀ ဘီလျံကျော်) ရှိကြောင်း သိရသည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် ကျပ် ၃၀၅၆ ဒသမ ၃၄၉ ဘီလျံ (လုပ်ငန်း ၃၉ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၆၈၆ ဒသမ ၃၉၂ ဘီလျံ (လုပ်ငန်း ၂၁၆ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဒသမ ၆၄၅ ဘီလျံ (လုပ်ငန်း ၁၅ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၀၅၀ ဒသမ ၃၈၆ ဘီလျံ (လုပ်ငန်း ၁၁၀ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဒသမ ၆၆၈ ဘီလျံ (လုပ်ငန်း ၁၆ ခု) တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၂၄ ဒသမ ၅၂၃ ဘီလျံ (လုပ်ငန်းသုံးခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၁၉ ဒသမ ၄၇၂ ဘီလျံ (လုပ်ငန်း ၂၇ ခု)၊ ဆောက်လုပ်ရေးကဏ္ဍ၌ ကျပ် ၂၂၈ ဒသမ ၁၃၀ ဘီလျံ (လုပ်ငန်းအရေအတွက် မဖော်ပြထား)၊ သတ္တု တူးဖော်ရေးကဏ္ဍတွင် ကျပ် ၇၅ ဒသမ ၃၅၁ ဘီလျံ (လုပ်ငန်းကိုးခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၁ ဒသမ ၅၇၆ ဘီလျံ (လုပ်ငန်း ၁၄ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်းနှစ်ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၁၈၄၆ ဒသမ ၃၈၈ ဘီလျံ (လုပ်ငန်း ၁၄၁ ခု) ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားသည်။

၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ ရင်းနှီးမြှုပ်နှံထားသော ကျပ် ၁၀၂၂၀ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံထားသည့်ရာခိုင်နှုန်းမှာ အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍတွင် ၂၉ ဒသမ ၉၀ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၈ ဒသမ ၀၇ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၆ ဒသမ ရာခိုင်နှုန်း ၅၀၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ဒသမ ၁၇ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၂၈ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၂၇ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ၃ ဒသမ ၁၈ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၃ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၂ ဒသမ ၂၃ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် သုည ဒသမ ၇၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သုည ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် သုည ဒသမ ၁၃ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent