မေ ၂၁ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းပွဲတွင် အချိုးကျကိုယ်စားပြုစနစ်နှင့်ပတ်သက်၍ ဆွေးနွေးဖွယ်ရှိ

မေ ၂၁ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းပွဲတွင် အချိုးကျကိုယ်စားပြုစနစ်နှင့်ပတ်သက်၍ ဆွေးနွေးဖွယ်ရှိ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-MOI)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-MOI)
Published 13 May 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို မေ ၂၁ ရက်တွင် နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး ကော်မရှင်ထံမှ အစည်းအဝေး ဖိတ်ကြားစာလက်ခံရရှိကြောင်း ပါတီအချို့ထံမှ သိရသည်။

ဦးသိန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်ကပြုလုပ်ခဲ့ပြီး မေ ၂၁ ရက်တွင်ပြုလုပ်မည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကော်မရှင်အနေဖြင့် အချိုးကျကိုယ်စားပြုစနစ် (PR)  အပါအဝင် ရွေးကောက်ပွဲဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိကြောင်း ပါတီအချို့က သုံးသပ်ပြောကြားသည်။

“PR ကိစ္စ အဲဒါလည်း ပါနိုင်တာပေါ့။ အဲဒါတွေကလည်း သူတို့တွေက ပါတီတွေဆီကနေ စာတမ်းတွေတောင်းထားပြီးသားလေ။ အဲ့စာတမ်းတွေလည်း သူတို့ ပြန်ရှင်းပြမယ် ထင်တာပါပဲ” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်အသစ်သည် ပါတီများနှင့် ပထမအကြိမ် တွေ့ဆုံမှုအပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၈ ရက်နေ့စွဲဖြင့် နိုင်ငံရေးပါတီများထံ ရွေးကောက်ပွဲစနစ် တစ်ခုဖြစ်သည့် PR စနစ်နှင့်ပတ်သက်၍ လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ ပေးပို့ရန် အကြောင်းကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက် ညှိနှိုင်းအစည်းအဝေးတွင် ပါတီအချို့က လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးကိုယ်စားလှယ် အနိုင်ရ စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း တင်ပြချက်အရ ယင်းသို့ အကြံပြုချက်တောင်းခံခြင်းဖြစ်သည်ဟု ပါတီများထံ ကော်မရှင်၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

အဆိုပါ အကြောင်းကြားစာတွင် PR စနစ်ကို မည်သည့်လွှတ်တော်၊ မည်သည့်အချိန်တွင် စတင်အသုံးပြုသင့်ကြောင်း လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ ပြုစုပေးပို့ရန်ဟူ၍ ဖော်ပြထားသည်။

နိုင်ငံရေးပါတီ ၅၃ ပါတီတက်ရောက်ခဲ့သည့် ကော်မရှင်အသစ်နှင့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ရွေးကောက်ပွဲစနစ်အား PR စနစ် ပြောင်းလဲကျင့်သုံးရန် NDF ပါတီက အဆိုပြုတင်ပြခြင်းဖြစ်ကာ အခြားပါတီသုံးခုခန့်က ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပါတီအနေဖြင့် ကော်မရှင်ထံ PR စနစ်နှင့်ပတ်သက်သည့် အကြံပြုချက်စာတမ်းကို ဧပြီလက ပေးပို့ထားပြီးဖြစ်ပြီး အခြား သုံး၊ လေးပါတီကလည်း အကြံပြုချက်စာတမ်း ပေးပို့ထားသည်ဟုသိရကြောင်း NDF ပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ဆိုသည်။

“ တစ်လောက နောက်ဆုံးလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခင်မောင်ဦး (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်) ပြောသွားတာတော့ သုံး၊ လေးပါတီလောက်က တင်ထားတာရှိတယ်လို့ သူကတော့ ပြောသွားတာပဲ။ ဒါကတော့ ကျွန်တော်တို့ မသိရဘူး” ဟု ဦးအောင်ဇင်က ပြောကြားသည်။

နိုင်ငံရေးပါတီများ ပြုစုပေးပို့လာသည့် စာတမ်းကို ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ထပ်မံတွေ့ဆုံသည့် ဆွေးနွေးပွဲများတွင် ဆွေးနွေးသုံးသပ်သွားမည်ဟု ပါတီများထံကော်မရှင်၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

မေ ၂၁ ရက် ညှိနှိုင်းအစည်းအဝေးအတွက် ရွေးကောက်ပွဲကော်မရှင်ထံမှ ဖိတ်ကြားစာ လက်ခံရရှိထားပြီး ဆွေးနွေးပွဲတက်ရောက်မည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇော်ဦးကလည်း ညှိနှိုင်းအစည်းအဝေးတွင် ကော်မရှင်အနေဖြင့် PR စနစ်နှင့် ပက်သက်၍ ဆွေးနွေးလာနိုင်ကြောင်း မှတ်ချက်ပြုသည်။

သို့သော် ပါတီအနေဖြင့် ကော်မရှင်ထံ PR စနစ်နှင့်ပတ်သက်၍ ပါတီသဘောထား အမြင်ကို ပေးပို့ထားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

“PR အနေနဲ့ကတော့ ကျွန်တော်တို့ သုံးသပ်နေဆဲပဲရှိပါတယ်” ဟု AFP ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇော်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီ ၃၈ ပါတီ တက်ရောက်ခဲ့ခြင်းမရှိပေ။

Most Read

Most Recent