WHO အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ၌ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၅၉ သန်းကျော်တွင် အိန္ဒိယနိုင်ငံသည် သန်း ၁၃၀ ကျော်ဖြင့် အများဆုံးထိုးနှံပြီးဖြစ်

WHO အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ၌ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၅၉ သန်းကျော်တွင် အိန္ဒိယနိုင်ငံသည် သန်း ၁၃၀ ကျော်ဖြင့် အများဆုံးထိုးနှံပြီးဖြစ်
 ဧပြီ ၂၇ ရက်က ကာကွယ်ဆေးထိုးစုရပ်တစ်ခုတွင် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံနေသူများကို တွေ့ရစဉ်
ဧပြီ ၂၇ ရက်က ကာကွယ်ဆေးထိုးစုရပ်တစ်ခုတွင် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံနေသူများကို တွေ့ရစဉ်
Published 1 May 2021

WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၅၉ သန်းကျော်တွင် အိန္ဒိယနိုင်ငံသည် သန်း ၁၃၀ ကျော်ဖြင့် အများဆုံးထိုးနှံပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ South-East Asia ဒေသဆိုင်ရာရုံးက ထုတ်ပြန်ခဲ့သော COVID-19 ဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။

WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံအနက် လက်ရှိ ၁၀ နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးနေပြီး ဧပြီ ၁၈ ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၅၉၂၆၀၈၈၄ ဦးရှိကြောင်း၊ ပထမအကြိမ် ထိုးနှံပြီးသူ ၁၃၂၇၈၂၄၃၆ ဦးရှိပြီး ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ၂၆၄၇၈၄၄၈ ဦးရှိကြောင်းနှင့် လူဦးရေ ၁၀၀ တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူဦးရေ မြင့်တက်နေသောကြောင့် ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြင့်တက်နေစဉ် ဧပြီ ၂၄ ရက်၌ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ တစ်ဘီလျံကျော်ထိုးနှံခဲ့ပြီးဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းဌာန၏ စာရင်းဇယားမှတ်တမ်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံနှင့် နယ်နိမိတ် ၂၀၇ နေရာတွင် ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀၀၂၉၃၈၅၄၀ ထက်မနည်း အသုံးပြုထိုးနှံခဲ့ပြီးဖြစ်သည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

COVAX အစီအစဉ်ဖြင့် ဆင်းရဲသော နိုင်ငံများတွင် COVID-19 ကာကွယ်ဆေးများထိုးနှံနေပြီဖြစ်ပြီး ယင်းအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံအတွက် ရရှိမည့်ကာကွယ်ဆေးမှာ Covishield အမျိုးအစားဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

COVAX အစီအစဉ်ကြောင့် ဆင်းရဲသော နိုင်ငံများတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံနေကြပြီး အသုံးပြုထိုးနှံခဲ့ပြီးသော ကာကွယ်ရေးအလုံးရေ တစ်ဘီလျံကျော်၏ ၄၇ ရာခိုင်နှုန်းကို ကမ္ဘာတစ်ဝန်းလုံးရှိ လူဦးရေ၏ ၁၆ ရာခိုင်နှုန်းနေထိုင်ရာ ချမ်းသာသောနိုင်ငံများတွင် အသုံးပြုထိုးနှံခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေပြီးတော့ သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံ ၉၂ နိုင်ငံကို ကာကွယ်ဆေးတွေပေးပို့ဖို့ ကိစ္စတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ ဘာကာကွယ်ဆေးတွေရရှိမှာလဲဆိုရင် ကျွန်မတို့ဝယ်ထား တဲ့ဆေးတွေသည် Covishield တွေဖြစ်ပါ တယ်။ Covishield တွေပဲ ထပ်ရောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီအစဉ်နဲ့ COVAX အဖွဲ့ကနေရမယ့် ကာကွယ်ဆေးတွေသည်လည်း  Covishield တွေဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတုန်းက ကာကွယ်ဆေးသုံးသိန်း လှူဒါန်းဖို့ကိစ္စတွေလည်း ဒါတွေလည်း မကြာခင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒါလည်း ရဖို့ရှိပါတယ်။ ကာကွယ်ဆေးထိုးနှံတာနဲ့ တစ်ဆက်တည်းမှာပဲ တချို့တွေက Mask တွေ မတပ်ကြတော့တာတွေ တွေ့နေရပါတယ်။ ဒါသည် အလွန်စိုးရိမ်စရာကောင်းပါတယ်” ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ကျန်ရှိသော COVID-19 ကာကွယ်ဆေးတစ်သန်းကျော်ကို ဆက်လက်ထိုးနှံနေပြီး  ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို မပျက်မကွက်ခံယူရန်နှင့် ထပ်မံရောက်ရှိရန် ကျန်ရှိသည့် ကာကွယ်ဆေး ၂၈ သန်းကိုလည်း သတ်မှတ်ထားသည့် အချိန်ကာလများအတွင်း အသုတ်လိုက်ရောက်ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ဧပြီ ၂၂ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ကြေညာထားသည်။

Most Read

Most Recent