COVID-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ သတ်မှတ်လုပ်ငန်းစဉ်အတိုင်း မဆောင်ရွက်နိုင်မီ ရောဂါကူးစက်လာနိုင်သဖြင့် လိုအပ်ချက်များနှင့် ကုသရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
ဧပြီ ၂၉ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးမြို့ပေါ်ရှိ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ခံ/အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မန္တလေးပြည် သူ့ဆေးရုံကြီး အပါအဝင် မြို့ပေါ်ရှိ ဗဟိုအဆင့် ဆေးရုံများ လုပ်ငန်းပုံမှန်ဆောင်ရွက်နိုင်ရေး အထူးအရေးကြီးကြောင်း၊ မြို့နယ်တိုက်နယ်ဆေးရုံများ လုပ်ငန်းဆောင်ရွက်မှု တိုးတက်လာသည်နှင့်အညီ ညွှန်းပို့ဆေးရုံ အဆင့်ဖြစ်သည့် ဆေးရုံကြီးများတွင်လည်း လုပ်ငန်းအမြန်စတင်ရန် လိုအပ်နေကြောင်း၊ COVID-19 ရောဂါဆိုင်ရာ ကုသရေးလုပ်ငန်း ပြန်လည်ကြိုတင်ပြင်ဆင်ရမည့်အချိန် ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ် ကုသရေးလုပ်ငန်းဆိုင်ရာ သတ်မှတ် COVID-19 အတိုင်း မဆောင်ရွက်နိုင်မီ ရောဂါကူးစက်လာနိုင်သဖြင့် လိုအပ်ချက်များ အမြန်ပြင်ဆင်ကြရန် စသည်တို့ကို ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို မေ ၃၁ ရက်အထိ ထပ်မံသက်တမ်းတိုးထားကြောင်း ဧပြီ ၂၉ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီက အသိပေးကြေညာထားသည်။
COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့် ကိစ္စရပ်များမပါ) အား ၂၀၂၁ ခုနှစ် မေ ၃၁ ရက် အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း အသိပေးကြေညာထားသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်ရှိ မြို့နယ်အချို့ကို ဧပြီ ၁၀ ရက်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။















