ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 သည် အိန္ဒိယနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့လျက်ရှိသော အခြားဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များထက် ကူးစက်နှုန်း ပိုမိုမြန်ဆန်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ ၂၇ ရက်က နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရသည်။
အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်လာရခြင်းမှာ B1617 အမျိုးအစား ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ခြေရှိကြောင်းနှင့် ယခုအခါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်သည် စင်ကာပူ၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ခိုအောင်းလျက်ရှိသည်ဟုသံသယရှိကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် ဧပြီ ၂၉ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၄၅ ဦး ထပ်မံစံချိန်တင်မြင့်တက်ခဲ့ပြီး ဧပြီ ၂၈ ရက်က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေထက် ၃၅၀ ကျော် ပိုမိုမြင့်တက်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂၀၄၈၃၂ ဦးအထိရှိလာခဲ့ပြီး ကျွမ်းကျင်သူများကမူ ဗိုင်းရပ်စ်ကြောင့် အမှန်တကယ်သေဆုံးသူဦးရေသည် တရားဝင်ထုတ်ပြန်ထားသည့်အရေအတွက်ထက် ပိုမိုများပြားသည်ဟု သံသယရှိကြောင်း ဆိုသည်။
အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်မှုလှိုင်း အသစ်အတွင်း ဧပြီ ၂၈ ရက်၌ ကူးစက်ခံရသူ ၃၈၀၀၀၀ နီးပါးရှိခဲ့ပြီး နောက်ထပ်ကမ္ဘာ့စံချိန်သစ် တစ်ရပ်တင်ခဲ့သည်။
အိန္ဒိယတွင် ယခုလအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ခြောက်သန်းကျော် ထပ်မံမြင့်တက်ခဲ့သည်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ရပ် ထွက်ပေါ်လာခြင်းနှင့်အတူ အစိုးရက နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ပြုလုပ်ခွင့်ပြုခဲ့ခြင်းတို့ကြောင့် ကူးစက်ခံရသူ မြင့်တက်ခဲ့ပြီး ဆေးရုံများတွင် လူနာခုတင်များ၊ ဆေးဝါးများနှင့် အောက်ဆီဂျင်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ရက်သတ္တကိုးပတ်ဆက်တိုက် မြင့်တက်လာပြီး တစ်ပတ်အတွင်း လူနာအသစ် ၅ ဒသမ ၇ သန်းကျော်အထိ စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ၂၇ ရက်က နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရသည်။
လက်ရှိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိပြီး ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ရောဂါကူးစက်ဖြစ်ပွားသူ ၅ ဒသမ ၇ သန်းကျော်ရှိခဲ့ရာ ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးရက်သတ္တပတ်အဖြစ် စံချိန်တင်ဖြစ်ပွားခဲ့သည်။
လတ်တလောဖြစ်ပွားနေသော COVID-19 ရောဂါ စံချိန်တင်ကူးစက်ပြန့်ပွားမှုအသစ်များတွင် မျိုးရိုးဗီဇပြောင်းလဲနေသည့် COVID-19 ရောဂါပိုး၏ ရောဂါလက္ခဏာအသစ်များ တွေ့ရှိနေရကြောင်း၊ ယခင်က အတွေ့များသည့် COVID-19 ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ ကြွက်သား သို့မဟုတ် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်းများဖြစ်ပြီး လက်ရှိဗီဇပြောင်း ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများမှာ မျက်မြှေးရောင်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မူးဝေခြင်း၊ လည်ချောင်းနာခြင်း၊ အရေပြားယားယံခြင်း၊ မောပန်းလွယ်ခြင်း၊ ခြေချောင်းလက်ချောင်းများ ရောင်ရမ်းခြင်း၊ အရောင်ပြောင်းလာခြင်းတို့ဖြစ်သည်။















