AGD ဘဏ်က ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ လူပုဂ္ဂိုလ်တစ်ဦးစုငွေမှ တစ်ပတ်လျှင် ကျပ် ၁၀ သိန်း၊ လုပ်ငန်းသုံးစာအုပ်မှ တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀၊ ATM စက်များမှ တစ်ရက်လျှင် ကျပ် တစ်သိန်းငါးသောင်း ထုတ်ယူနိုင်မည်ဖြစ်ပြီး တိုကင်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ကြေညာချက် ထုတ်ပြန်

AGD ဘဏ်က ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ လူပုဂ္ဂိုလ်တစ်ဦးစုငွေမှ တစ်ပတ်လျှင် ကျပ် ၁၀ သိန်း၊ လုပ်ငန်းသုံးစာအုပ်မှ တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀၊ ATM စက်များမှ တစ်ရက်လျှင် ကျပ် တစ်သိန်းငါးသောင်း ထုတ်ယူနိုင်မည်ဖြစ်ပြီး တိုကင်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ကြေညာချက် ထုတ်ပြန်
ရန်ကုန်မြို့ရှိ ATM စက်တစ်ခုတွင် ငွေထုတ်ယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ATM စက်တစ်ခုတွင် ငွေထုတ်ယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 21 April 2021

AGD ဘဏ်မှ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ လူပုဂ္ဂိုလ်တစ်ဦးစုငွေမှ တစ်ပတ်လျှင် ကျပ် ၁ဝသိန်း၊ လုပ်ငန်းသုံးစာအုပ်မှ တစ်ပတ်လျှင် ငွေကျပ် သိန်း ၁၀၀၊ ATM စက်များမှ တစ်ရက်လျှင် ငွေကျပ် တစ်သိန်း ငါးသောင်း ထုတ်ယူနိုင်မည်ဖြစ်ပြီး တိုကင်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း ဧပြီ ၂၁ ရက်က ကြေညာချက် ထုတ်ပြန်ချက်အရ သိရသည်။

AGD ဘဏ် အသုံးပြုသူများအတွက် ပြန်လည် ဖွင့်လှစ်ထားသည့် ဘဏ်ခွဲအချို့အား အသိပေးကြေညာချက် ထုတ်ပြန်ထားပြီး အပတ်စဉ်တိုင်းတွင် ဘဏ်ခွဲများ ထပ်မံတိုးမြှင့် ဖွင့်လှစ်ခြင်းနှင့် ဝန်ဆောင်မှုများကို ထပ်တိုး ဝန်ဆောင်မှုပေးသွားရန်လည်း ကြိုးစားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

AGD ဘဏ်အနေဖြင့် ဧပြီလမှ စတင်ကာ တိုကင်စနစ်ဖြင့် ဝန်ဆောင်မှုများကို တနင်္လာမှ သောကြာနေ့အတွင်းသာ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဝန်ဆောင်မှု ရယူရန်နှင့် တိုကင်ထုတ်ယူရန် နံနက် ၉ နာရီမှ ၁၀ နာရီ၊ ၁၀ နာရီမှ ၁၁ နာရီ၊ ၁၁ နာရီမှ ၁၂ နာရီ မိနစ် ၃၀ ဝန်ဆောင်မှု အချိန်အပိုင်း သုံးမျိုးအတွက် တိုကင် ထုတ်ပေးမည်ဖြစ်ပြီး မိမိတိုကင်၏ အချိန်အတိုင်း လာရောက်ကာ ဦးရာလူစနစ်ဖြင့် ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်ကာ တိုကင်တစ်ခုအတွက် ဘဏ်ဝန်ဆောင်မှု နှစ်မျိုးသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဘဏ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းနှင့် ပတ်သက်၍ ယခင်သတ်မှတ်ချက် ဖြစ်သည့် လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက် တစ်ပတ်လျှင် ကျပ်သိန်း ၂၀၊ ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် ကျပ်သိန်း ၂၀၀ အထိ ထုတ်ယူခွင့် ပြုထားကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်က ပြောကြားထားသည်။

“ငွေသားထုတ်ယူမှုနဲ့ ပတ်သက်ရင် ယခင်ညွှန်ကြားချက်အတိုင်း ဖြစ်ပါတယ်”ဟု ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဧပြီ ၂၀ ရက်က ပြောကြားထားသည်။

ATM/POS မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ်ငါးသိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၊ ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေသားစီမံခန့်ခွဲမှု ချောမွေ့အဆင်ပြေစေရေး လိုက်နာဆောင်ရွက်ရန်ကိစ္စအဖြစ် ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များအား အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန်၊ ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိရာ အီလက်ထရွန်နစ် ငွေပေးချေမှု နည်းလမ်းများနှင့် ဝန်ဆောင်မှုများကို ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။ အစိုးရအဖွဲ့အစည်းများနှင့် အများပြည်သူတို့မှ ငွေသားသုံးစွဲမှုကို လျှော့ချပြီး အစိုးရဌာနများ၊ လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများအကြား ငွေပေးချေမှုပြုရာတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက် ရှိသည်။

ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် ဘဏ်များအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များကို ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှစ၍ ယာယီလိုက်နာ ဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

အဆိုပါ အချက်များမှာ (က) အီလက်ထရွန်နစ် နည်းလမ်းဖြင့် ငွေပေးချေခြင်း/ စာရင်းပြောင်းနည်းဖြင့် ပေးချေခြင်းတို့ကို  ဦးစားပေး ဆောင်ရွက်သွားရန် ဖြစ်သည်။ (ခ) ငွေသား ထုတ်ယူခြင်းအတွက် ငွေစာရင်း အမျိုးအစားအလိုက် ကန့်သတ်ချက်များကို အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်သည်။ (၁) ATM/POS (Card Less Withdraw အပါအဝင်) မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ်ငါးသိန်း၊ ဘဏ်ငွေ စာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀ နှင့် ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ ဖြစ်သည်။

(ဂ) Time Deposit ငွေစာရင်း သက်တမ်းစေ့ရောက်ပါက ထပ်မံအပ်နှံခြင်း သို့မဟုတ် Saving AC/Call AC/Current နှစ်သက်ရာသို့ စာရင်းပြောင်း ထည့်သွင်းပေးပြီးနောက် ငွေသားထုတ်ယူလိုပါက အပိုဒ် (ခ) ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးရန် ဖြစ်သည်။

(ဃ) အစိုးရဌာနများနှင့် စီးပွားရေး လုပ်ငန်းကြီးများ၏ လကုန်ရက်တွင် လုပ်ခ/လစာ ပေးချေမှုများအတွက် လိုအပ်ချက်အပေါ် မူတည်၍ ဘဏ်များအနေဖြင့် မိမိ၏ ငွေကြေးလက်ကျန် အခြေအနေအရ စိစစ်ထုတ်ပေးရန်နှင့် လိုအပ်ပါက ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်သွားရန် ဖြစ်သည်။