တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက COVID-19 ရောဂါအကြောင်းပြကာ မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန်းဝိန်းဂိတ်အား ပိတ်ထားပြီး ယူနန်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး အဖွဲ့က ဧပြီ ၁၉ ရက် ထုတ်ပြန်ချက်၌ တင်းကျပ်သည့် ကုန်တင်ကားဝင်ထွက်မှု စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ သစ်သီးစျေးကွက်ကို အားကိုး ရောင်းဝယ်နေသော သစ်သီးစိုက်ပျိုးတောင်သူများ ဆုံးရှုံးနစ်နာနေကြောင်း သိရသည်။
“လက်ရှိအနေအထား ဂယက်ကတော့ လက်ရှိအသီးကား ဝင်ရောက်မှုအင်အားနဲ့ သူတို့ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့က အတော်လေးကို ဒုက္ခရောက်နေတဲ့ အနေအထားပေါ့။ လက်ရှိကွင်းပေါ်မှာနဲ့ တရုတ်ပြည် ကို ဝင်ဖို့စောင့်နေတဲ့ ကားအရေအတွက်က ဖရဲသခွားနှစ်မျိုးပေါင်း အစီးရေ ၂၃၀၀ ဝန်း ကျင်လောက်ရှိတယ်။ သခွားက အစီး ၇၀၀ လောက်ရယ် ဖရဲက ၁၆၀၀ လောက်ရှိတယ်။ ၁၀၅ မိုင်လမ်းကြောမှာ ရောက်နေတဲ့အရေအ တွက်၊ သူတို့သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ စစ်ဆေးမှုကြန့်ကြာမှု အပိုင်းနဲ့ဆို တစ်ရက်ကို ၄၀၊ ၅၀ လောက်ပဲရှိတယ်။ ကားတစ်စီးကို နာရီဝက်လောက်ကြာမယ်ဆိုရင်ပေါ့။ နောက်ပြီးကြတော့ သူတို့သတ်မှတ်တဲ့ ကားတစ်စီးရဲ့ စစ်ခကုန်ကျငွေ ၁၈၀၀ ကလည်း ကုန်သည် လုပ်ငန်းရှင် ခံရမယ်ဆိုတော့ နစ်နာချက်က အများကြီးနစ်နာမှာ။ ကုန်ကျစရိတ်တိုးလာ မယ်။ နောက်ပြီး ဝင်လာတဲ့ ကွင်းပေါ်မှာရှိတဲ့ အစီးအရေအတွက်နဲ့ စောင့်တဲ့ကြာချိန်နဲ့ အ သီးတွေ မလတ်မဆတ်ဖြစ်တာနဲ့ ရောင်းကွက် မှာလည်း တချို့ ဟိုဘက်ထဲရောက်သွားလို့ ဆေးစစ်ခတောင်မရတဲ့ အနေအထားတွေထိအောင် ဖြစ်သွားနိုင်တယ်။ အဲဒီကျတော့ တချို့ ကွင်းပေါ်မှာရှိတဲ့အသီးကားတွေက မဝင်ဘဲနဲ့ မြန်မာပြည်ကို ပြန်လှည့်ကုန်ပြီ။ အနေအထားက ဟိုဘက်မှာ ရှန်တိန်ခက တရုတ်ယွမ်ငွေ ၁၀၀၀ စျေးရှိတယ်။ ဆေးစစ်ခယွမ် ၁၈၀၀၊ မြန်မာပြည်ကနေဝင်ဖို့ တရုတ်ပြည်ရဲ့ စရိတ်က မြန်မာငွေနဲ့တွက်ရင် ခြောက်သိန်းလောက် ကုန်နေပြီ။ အစ်ကိုတို့ ဝင်ဖို့စောင့်နေတဲ့ ကားအစီးရေ အရေအတွက်ကလည်း ကြန့်ကြာမှုက တချို့ဆို ၁၀ ရက် ၁၅ ရက်လောက်ထိရှိတဲ့ ကားတွေက ရှိနေပြီ။ ရက်လည်းကြာလာပြီ ဆိုတော့ တချို့ကားဆရာတွေက ဆီဖိုးလောက် တောင်းပြီးတော့ မြန်မာပြည်ကိုပဲ ပြန်လှည့်ပြီး အသီးတွေ အလကားပေးပြီး ပြန်လှည့်သွားတဲ့ အနေအထား ဖြစ်ပေါ်နေတယ်။ တောင်သူတွေကတော့ စိုက်ပျိုးစရိတ်ကုန်တဲ့အပြင် ကားခတောင် ထပ်စိုက်ရတဲ့ အနေအထားတောင် ကြုံတွေ့နေရတာပေါ့” ဟု မူဆယ် ၁၀၅ မိုင် သစ်သီဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ပြောကြားသည်။
ယူနန်ပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံမှ မည်သည့်ကုန်ပစ္စည်းမဆို ပို့ကုန်ကားနှင့် ကုန်တစ်စီးလျှင် COVID-19 ရောဂါပိုး စစ်ဆေးရန် နမူနာအမျိုး ၃၀ လိုအပ်မည်ဖြစ်ပြီး နမူနာ တစ်ခုလျှင် ယွမ် ၆၀ ကုန်ကျမည်ဖြစ်ကာ စုစုပေါင်းယွမ် ၁၈၀၀ ကို ကုန်သည်ပွဲစားများက ကုန်ကျခံမည်ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်သို့ သွင်းကုန်ကားနှင့် ဆက်စပ်သော ရှန်တိန်ပွဲစား ကုန်တင်ကုန်ချ အလုပ်သမားတို့က မိမိ၏ငွေ ယွမ် ၆၀ ဖြင့် တစ်ရက်လျှင်တစ်ကြိမ် COVID-19 ရောဂါပိုး စစ်ဆေးခံရမည်ဖြစ်ကြောင်း ပါဝင်သည်။
ထိုသို့ တင်းကျပ်သော အစီအမံများဖြေ လျှော့ပေးရန် စီးပွားကူးသန်းဌာနနှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေးဌာနတို့ကို မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်က စာပို့တောင်းဆိုထားကြောင်း သိရသည်။
“အပေါ်ကတော့ ပိတ်လိုက်တယ်လို့ မပြောဘူးပေါ့။ သူတို့ရဲ့စည်းကမ်းတွေ တင်းကျပ်လာတယ်။ တရုတ်ပြည်ထဲ ဝင်တဲ့ကားတွေ ကုန်ကျစရိတ်တွေ ထပ်များလာတယ်။ အဲဒီအတွက် ဒီဘက်က ကိုက်မှဝင်မယ်၊ မကိုက်ရင် မဝင်တော့ဘူးဆိုတာ ဖြစ်သွားတာပါ။ ဆုံးရှုံးမှုက တောင်သူတွေ စိုက်တဲ့အပေါ်မှာ မူတည်တယ်။ ၁၀ ဧကစိုက်ရင် ၁၀ ဧက ရှုံးတာပါပဲ။ ဧက ၂၀ စိုက်ရင် ဧက ၂၀ ရှုံးတာ။ သူတို့ဘက်က လုံးဝတားမြစ်တယ်လို့ ဖွင့်မပြောဘူးပေါ့။ ဒါပေမဲ့ တော်တော်လုပ်ရကိုင်ရခက်အောင် စည်းမျဉ်းစည်းကမ်းတွေ ထုတ်လိုက်တဲ့ အနေအထားမျိုး ဖြစ်သွားတာပေ့ါ။ အခုဟာက COVID-19 ရောဂါကြောင့် သူတို့နိုင်ငံက ထုတ်တဲ့စည်းကမ်းမို့ ဘာမှတော့ ပြောလို့တော့ မရဘူးပေါ့။ ဒီနှစ်မှာ အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ဆိုတော့ ဘာမှတော့ ပြောစရာတော့ မရှိပါဘူး။ အကုန်လုံးတော့ အခက်အခဲ ရှိကြတာပါ” ဟု သစ်သီးစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်သူ နန်းခမ်းခင်က ပြောကြားသည်။
လက်ရှိသစ်သီးပေါက်စျေးမှာ လမ်း၌ ၁၀ ရက် ၁၅ ရက်ကြာမှ ဝင်ရခြင်းကြောင့် ဖ ရဲသီးကားတစ်စီးပြတ်ကို ယွမ် ၅၀၀၀ မှ ယွမ် ၆၀၀၀ နီးပါးသာရရှိပြီး သခွားမွှေးတစ်တန် လျှင် ယွမ် ၃၀၀၀ နှင့် ယွမ် ၃၅၀၀ ကြားသာ ရရှိခြင်းကြောင့် ကုန်တင်ကားခတန်ဖိုးပင်မရ ရှိခြင်းများဖြစ်ပေါ်နေပြီး မိုင် ၆၀ နီးပါးသာရှိ သော သိန္နီမြို့မှ မူဆယ်မြို့သို့ ဖရဲသီးတင်ကား ခမှာ ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးလျှင် ၂၅ သိန်းပေးရကြောင်း ကုန်သည်ပွဲစားများနှင့် ပွဲရုံများထံမှ သိရသည်။
ယခုနှစ် ရာသီအစ၌ ဖရဲသခွားရောင်း ဝယ်မှုစျေးနှုန်း ၁၀ စုနှစ်အတွင်း စံချိန်တင်စျေးနှုန်းဖြင့် ရောင်းဝယ်မှု ပြုခဲ့ခြင်းကြောင့် ရာသီနှောင်းပိုင်း၌ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာကာ ဖြစ်ပေါ်နေသော အခြေအနေများနှင့် တရုတ်နိုင်ငံ၏ COVID-19 အကြောင်းပြ၍ ပိုမိုတင်းကျပ်သော အစီအမံများကြောင့် စိုက်ပျိုးထုတ်လုပ် တောင်သူများ ၅၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မူဆယ် ၁၀၅ မိုင်ကုန် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် အခြားတရုတ်စျေးကွက် အစားထိုး ပြည်ပသစ် သီးစျေးကွက်များသို့ တင်ပို့မှုများ ရပ်ဆိုင်းနေ ကြောင်းနှင့် မလိုလားအပ်သည့် ကုန်ကျငွေ များအပြင် ကုန်တင်ကားခများ အဆမတန် ကြီးမြင့်မှုကြောင့် မတ်နှင့် ဧပြီလများတွင် တောင်သူများ ရှုံးဆုံးမှုများ ပိုမိုများပြားခဲ့ကြောင်း သစ်သီးရောင်းဝယ်မှု ပြုလုပ်နေသော ကုန်သည်ပွဲစားများထံမှ သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အများအပြား နေထိုင်သော ကျယ်ဂေါင်မြို့၊ ရွှေလီမြို့တို့ကို လော့ဒေါင်းချထားမှုကြောင့် ယင်းဒေသ၌ရှိသော မြန်မာပိုင်ကုန်ဂိတ်များ ပိတ်ထားရပြီး COVID-19 ရောဂါ ဆိုးရွားစဉ်အခါက ထိုကဲ့သို့ တင်းကျပ်မှုမျိုး မပြုလုပ်ခဲ့ဘဲ ယခုအချိန်မှ ထိုကဲ့သို့ တင်းကျပ်သော အစီအမံများ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပို့သောကုန်များ ၉၅ ရာခိုင်နှုန်းပါး ရပ်တန့်တုံ့ဆိုင်းနေကြောင်း ကျယ်ဂေါင်မြို့ရှိ ရွှေသရဖီကုန်ဂိတ်မှ ကိုအောင်မင်းက ဆိုသည်။