၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် လျာထားသည့် မြန်မာအားကစားအဖွဲ့အများစု စခန်းဝင်လေ့ကျင့်လျက်ရှိပြီး အနည်းငယ်သာကျန်ရှိ

၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် လျာထားသည့် မြန်မာအားကစားအဖွဲ့အများစု စခန်းဝင်လေ့ကျင့်လျက်ရှိပြီး အနည်းငယ်သာကျန်ရှိ
Photo: EMG
Photo: EMG
Published 12 April 2021

 

၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားသည့် မြန်မာအားကစားအဖွဲ့အများစု မှာ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး အားကစားအဖွဲ့အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာနိုင်ငံက အားကစားနည်း(၁၈)မျိုးအား ပဏာမအဆင့်ရွေးချယ်ထားပြီး ယင်းအားကစားအဖွဲ့များမှာ မတ်လအတွင်း စခန်း ဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အားကစားအဖွဲ့များအနက် မြားပစ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဂျူဒို၊ လှေလှော်၊ ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ သေနတ်ပစ်၊ ပီတန်း၊ လက်ဝှေ့နှင့် ဘော်လီဘာအဖွဲ့တို့မှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး အားကစားအဖွဲ့ အနည်းငယ်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။ 

စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့အချို့တွင်လည်း အားကစားသမားများ စုံလင်ခြင်းမရှိသေးဘဲ အချို့အားကစားသမားများမှာ လာရောက်ပူးပေါင်းနိုင်ခြင်းမရှိ်သေးကြောင်း သိရသည်။ ဧပြီပထမပတ်အထိ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အား ကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြနှင့် အားကစား သမား(၂၀၀) ကျော်ရှိပြီး အားကစားအဖွဲ့(၁၈)ဖွဲ့စလုံး စုံလင်ပါက အင်အား (၄၀၀)နီးပါး ရှိလာမည်ဖြစ်သည်။ 

လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ် ပြိုင်ရန်လျာထားသည့် အားကစားနည်းများမှာ ဘောလုံး၊ ဘိလိယက်နှင့်စနူကာ၊ မြားပစ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ကာယဗလ၊ ဂျူဒို၊ လှေလှော်၊ ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ သေနတ်ပစ်၊ ပီတန်း၊ ကရာတေး၊ လက်ဝှေ့၊ စစ်တုရင်နှင့် ဘော်လီဘောတို့ဖြစ်ကြောင်း သိရသည်။ 

ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း (၄၀) ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေ ဖြင့် ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်ရနိုင်သည့် အားကစား နည်းများ၊ မဖြစ်မနေဝင်ရောက်ယှဉ်ပြိုင်ရမည့် အားကစား နည်း(၁၈)မျိုးအား ရွေးချယ်ထားခြင်းဖြစ်ပြီး အားကစား နည်းထပ်တိုးလာရန် မသေချာသေးပေ။

မြန်မာနိုင်ငံအနေ ဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပါဝင်မည့်အားကစားနည်းတစ်ဝက် နီးပါးသာ ရွေးချယ်ထားခြင်းဖြစ်ပြီး ထပ်တိုးလာသည့်အား ကစားနည်းများကို ယခုနှစ်လယ်ပိုင်းတွင်ပြုလုပ်မည့် ဆီးဂိမ်းစ်အစည်းအဝေးတွင် ထပ်တိုးစာရင်းပေးသွင်းနိုင် မည်ဖြစ်သည်။

မြန်မာအားကစားအဖွဲ့များအနေဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက စခန်းဝင်လေ့ကျင့်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် တစ်နှစ်ဝန်းကျင် လေ့ကျင့်နိုင်ခြင်းမရှိခဲ့သလို လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့်လည်း လေ့ကျင့်မှုထပ်မံနောက် ကျခဲ့ရသည်။ ပရိသတ်စိတ်ဝင်စားအားပေးမှုအများဆုံး ဖြစ်သည့် ဘောလုံးအမျိုးသားနှင့် အမျိုးသမီးအသင်း၊ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ(၂)ခုရယူပေးခဲ့ သည့် ဘိလိယက် အဖွဲ့အပါအဝင် အားကစားအဖွဲ့အချို့မှာ ဆီးဂိမ်းစ်ပြိုင်ပွဲစတင်ရန်  (၇)လဝန်းကျင်အလိုထိ လေ့ကျင့် မှုပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း (၃၁) မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အားကစားနည်းအရေအတွက်မှာ လက်ရှိရွေးချယ်ထားသည့် အားကစားနည်းများအရ လျော့နည်းသွားဖွယ် ရှိနေသည်။

Most Read

Most Recent