ထိုင်းလိဂ်-၂ ကလပ် ခွန်ကန် ယူနိုက်တက်အသင်းသည် ယခုရာသီ ကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် မြန်မာလူငယ်တိုက်စစ်မှူး အောင်ကောင်းမာန်ကို သက်တမ်းတိုးရန် မကမ်းလှမ်းသေးကြောင်း သိရသည်။
အောင်ကောင်းမာန်သည် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ထိုင်းလိဂ်သို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ပြီး လက်ရှိကစားနေသည့် ခွန်ကန်ယူနိုက်တက် အသင်းသို့ ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။အောင်ကောင်းမာန်သည် ခွန် ကန်ယူနိုက်တက်အသင်းနှင့် ရာသီဝက်အငှားစာချုပ်သာ ချုပ်ဆိုထား သောကြောင့် ရာသီကုန်တွင် စာချုပ် ကုန်ဆုံးမည်ဖြစ်သည်။
အောင်ကောင်း မာန်သည် ယခုရာသီအစတွင် ထိုင်း လိဂ် -၁ ကလပ် ထရတ်အသင်းသို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ကိုရိုနာဗိုင်း ရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားထားသည့် ကာလတွင် ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသို့ ပြောင်းရွှေ့ခဲ့ သည်။ ယင်းအသင်းတွင်လည်း ပထမအကျော့ပြီးဆုံးသည်အထိသာ ပါဝင် ကစားခဲ့ပြီး ရာသီဝက်အပြောင်း အရွှေ့ကာလတွင် ခွန်ကန်ယူနိုက် တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
"အသင်းကတော့ စာချုပ် သက်တမ်းတိုးဖို့ မကမ်းလှမ်းသေးပါဘူး။ ပြိုင်ပွဲမပြီးသေးတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အသင်းက တန်းတက်ခွင့်ရဖို့အတွက် Play-0ff ပွဲတွေ ကစားရဦးမှာပါ။ ဒီအသင်းမှာကစားရတာ အဆင်ပြေပါ တယ်။ ကစားခွင့်ရတိုင်းလည်း ခြေစွမ်းပြနိုင်ပါတယ်" ဟု အောင်ကောင်းမာန် က Eleven Sports သို့ ပြောကြားခဲ့သည်။ အောင်ကောင်းမာန်သည် ခွန်ကန်အသင်းအတွက် (၁၄) ပွဲ ကစား၊ (၂) ဂိုး သွင်းယူနိုင်ခဲ့သည်။















