ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများကို ပစ်ခတ်နေခြင်းများ ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံး ဆောင်ရွက်ရန် ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများကို ပစ်ခတ်နေခြင်းများ ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံး ဆောင်ရွက်ရန် ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်
Published 30 March 2021

တပ်မတော်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေကြသူများကို ပစ်ခတ်နေခြင်းများ ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးပြဿနာဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ရန် ညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့(TNLA)နဲ့ ရခိုင်အဖွဲ့(AA)တို့ က မတ်လ ၃၀ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ ယနေ့အထိ မြန်မာပြည်တစ်ဝှမ်းလုံးမှာ ဆန္ဒထုတ်ဖော်နေကြသည့် တိုင်းရင်းသားပြည်သူလူထုများကို တပ်မတော်၊ရဲတပ်ဖွဲ့ဝင်များက ကျည်ဆန်အစစ်၊ လက်ပစ်ဗုံးများနှင့် ပစ်ခတ်ဖြိုခွင်းခြင်းတို့ကြောင့်  ကလေး၊ လူငယ်၊ လူလတ်ပိုင်းအပါအဝင် အမျိုးသား၊အမျိုးသမီးသေဆုံးသူ (၄၀၀) ကျော်အထိ ရှိခဲ့ပြီး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် သူများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဖမ်းဆီးခံရသူ ၃၀၀၀ နီးပါးနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့ကာ အရေအတွက် ထပ်မံတိုးမြင့်လာမည့် အရိပ်အယောင်လက္ခာမျကိုပါတွေ့မြင်နေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ တပ်မတော်၏ လုပ်ရပ်များကို ညီနောင်မဟာမိတ်သုံးဖွဲ့က ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ချက်ဖော်ပြထားပြီး ထို့ပြင် တပ်မတော်မှ လုပ်ဆောင်နေသောလုပ်ရပ်များကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့၏

တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကိစ္စရပ်ကို ပြန်လည်သုံးသပ်နေကြ‌ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေကြသူများကို ပစ်ခတ်နေခြင်းများ ချက်ချင်းရပ်တန့်ပြီး ပြည်သူများတောင်းဆိုနေသည့် နိုင်ငံရေးပြဿနာဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် ပစ်ခတ် မှုများကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘဝတူညီနောင်များနှင့်အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ညီနောင်မဟာမိတ် သုံးဖွဲ့က သဘောထား ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent