ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာတွင် အစားထိုးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ပေးအပ်ခြင်းခံရသူရာထူးတာဝန်မှ နုတ်ထွက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာတွင် အစားထိုးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ပေးအပ်ခြင်းခံရသူရာထူးတာဝန်မှ နုတ်ထွက်
Published 3 March 2021

NLD အစိုးရကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာတွင် အစားထိုးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ပေးအပ်ခြင်းခံရသူသည် လက်ရှိရာထူးတာဝန်မှ နုတ်ထွက်ကြောင်း မတ် ၃ ရက်က ကြေညာခဲ့သည်။

ဦးကျော်မိုးထွန်းနေရာတွင် ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်နှင့် အစားထိုးခန့်အပ်ကြောင်းနှင့် ယင်းအပေါ် ကုလသမဂ္ဂမှ သုံးသပ်ပေးရန် မတ် ၂ ရက် နေ့စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာတင်ထားသည်ဟု VOA မြန်မာပိုင်းက သတင်းဖော်ပြသည်။

သို့သော် ကောင်စီမှ ခန့်အပ်တာဝန်ပေးမည့် ဦးတင်မောင်နိုင်သည် ၎င်း၏ ရာထူးတာဝန်မှ နုတ်ထွက်ကြောင်းကို မတ် ၃ ရက်က ၎င်း၏ လူမှုကွန်ရက်တွင် ကြေညာထားသည်။

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရ လုပ်သက် နှစ် ၃၀ ကျော်ရှိ ၎င်းသည် နိုင်ငံအပေါ် သစ္စာရှိသူတစ်ဦးဖြစ်ပြီး အခြေအနေအရ မိမိချစ်မြတ်နိုး အလေးထားတန်ဖိုးထားသည့် အလုပ်ကိုစွန့်လွှတ်ရန် ဆုံးဖြတ်ရပါသည်ဟု ဦးတင်မောင်နိုင်က ရေးသားထားသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၅ ရက်တွင် ခန့်အပ်ခံရသည့် ဦးကျော်မိုးထွန်းကို ဖေဖော်ဝါရီ ၂၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံအလွတ်သဘော အစည်းအဝေးတွင် ပြောကြားခဲ့ချက်များနှင့်ပတ်သက်၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ ပြောကြားခဲ့သည့် ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော် အစိုးရအား ကိုယ်စားပြုခြင်းမရှိသည့် တရားမဝင်အဖွဲ့အစည်းအား သစ္စာခံပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသည်ဆိုကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇  ရက်တွင် ကြေညာခဲ့သည်။

ထိုသို့ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ပြီးနောက် ဦးကျော်မိုးထွန်းနေရာတွင် ဒုတိယအမြဲတမ်းကိုယ်စားလှယ်  ဦးတင်မောင်နိုင်နှင့် အစားထိုးတာဝန်ပေးရန် စီစဉ်လာခြင်းဖြစ်သည်။

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်သတ်မှတ်ထားကြောင်း အမည်မဖော်လိုသည့် ကုလသမဂ္ဂအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားထားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ဦးကျော်မိုးထွန်း၏ တရားဝင်မှုကို မည်သို့မျှထိခိုက်စေခြင်း မရှိကြောင်း ထုတ်ပြန်ထားပြီး လက်ရှိတာဝန်ဝတ္တရားများအပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာနှင့် သံတမန်ရေးရာကိစ္စရပ်များ စီမံခန့်ခွဲနိုင်ရန် တာဝန်ပေးအပ်ကြောင်း မတ် ၃ ရက်တွင် ထုတ်ပြန်သည်။

ဦးကျော်မိုးထွန်းသည် ဖေဖော်ဝါရီ ၂၆  ရက် ကုလအစည်းအဝေးတွင် NLD အစိုးရကို ကိုယ်စားပြုကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ သတင်းစကားအပါအဝင် လက်ရှိတပ်မတော်အစိုးရကို အသိအမှတ်မပြုရန်၊ ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရန် အပါအဝင် အချက်ခြောက်ချက်ကိုမိန့်ခွန်းတွင်  ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent