မတ် ၂ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၃၀၀ နီးပါးရှိလာပြီး ဖမ်းဆီးခံသတင်းထောက် ၃၀ ကျော်ရှိနေကြောင်း AAPP ထုတ်ပြန်

မတ် ၂ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၃၀၀ နီးပါးရှိလာပြီး ဖမ်းဆီးခံသတင်းထောက် ၃၀ ကျော်ရှိနေကြောင်း AAPP ထုတ်ပြန်
Published 3 March 2021

ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂၉၄ ဦးရှိပြီး ဖမ်းဆီးခံ သတင်းထောက် ၃၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

၎င်းတို့အနက် ထောင်ဒဏ်ချမှတ်ခံရသူ လေးဦး၊ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသူ ၆၁ ဦးနှင့် ပြန်လည်လွတ်မြောက်သူ ၃၀၆ ဦးရှိ၍ မတ် ၂ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၉၈၈ ဦးရှိကာ ဖြိုခွင်းခံရမှုများကြောင့် သေဆုံးသူ ၃၀ ခန့်ရှိကြောင်း AAPP မှတ်တမ်းများအရ သိရသည်။

ရန်ကုန်တိုင်း အပါအဝင် မြို့အသီးသီးမှ ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် တိုက်ပွဲများ၌ ကျင့်သုံးလေ့ရှိသည့် ဖြတ်လေးဖြတ်ပုံစံ ကျင့်သုံးလာမှုများ တွေ့ရသည်ဟု AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

“တစ်ဆင့်ပြီးတစ်ဆင့် သူတို့က ပြည်သူတွေကို အတင်းအဓမ္မ ညှဉ်းပန်းနှိပ်စက်ပြီးတော့ အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်လာတယ်။ ဒါတွေက ရပ်တန်းက ရပ်ဖို့လိုပြီ” ဟု ၎င်းက ပြောကြားသည်။

ဆန္ဒပြမှုများနှင့်ပတ်သက်၍ ယခင်စစ်အစိုးရအဆက်ဆက် အသုံးပြုခဲ့သည့် နည်းလမ်းများအတိုင်း လူထုကို ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်လာလျက်ရှိသည်ဟု AAPP ၏ မတ် ၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ဒေသအများစုတွင် ဆန္ဒပြလူထုစစ်ကြောင်းများ စတင်မထွက်ခွာမီမှာပင် ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ နေ့စဉ်ဆန္ဒပြပြည်သူ ရာဂဏန်းဝန်းကျင်နှင့် သတင်းရယူလျက်ရှိသည့် သတင်းထောက်အချို့ပါ ဖမ်းဆီးခံရခြင်းများ ရှိနေသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းယူ တင်ပြလျက်ရှိသည့် သတင်းထောက်များနှင့် သတင်းမီဒီယာများကို ပစ်မှတ်ထား၍ နှိပ်ကွပ်ခြင်းများလည်း တွေ့လာရသည်ဟု ဆိုသည်။

မတ် ၂ ရက် ညပိုင်းအထိရရှိသော သတင်းများအရ ဖမ်းဆီးခြင်းခံထားရသည့် သတင်းသမား ၃၄ ဦးရှိရာ ၎င်းတို့အနက်မှ ၁၅ ဦးသာ ပြန်လည်လွတ်မြောက်သေးကြောင်း AAPP က ထုတ်ပြန်သည်။

သတင်းသမားများကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခြင်းသည် သတင်းမှန်စီးဆင်းမှုအား ဖြတ်တောက်ခြင်ဖြစ်ပြီး လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ဖုံးကွယ်ရန်အတွက်လည်း ဖြစ်သည်ဟု AAPP က ထုတ်ပြန်ချက်တွင် ထည့်သွင်းမှတ်ချက်ပြုထားသည်။

ထိုသို့  သတင်းသမားများကို ဖမ်းဆီး၊ တရားစွဲနေခြင်းများအား ရှုတ်ချပြီး ၎င်းတို့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် သတင်းအချက်အလက်များ ဆက်လက်ပေးပို့နိုင်စေရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထည့်သွင်းဖိအားပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၇ ရက် ဆန္ဒပြပွဲများတွင် သတင်းယူရင်းဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်မြို့ရှိ သတင်းသမား ခြောက်ဦးကို ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားပြီး ပုသိမ်၊ မြစ်ကြီးနား၊ မုံရွာနှင့် မကွေးတို့ရှိ ဒေသခံ သတင်းထောက်အချို့လည်း ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent