တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမူဝါဒ

တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမူဝါဒ
Photo:AFP
Photo:AFP
Published 27 February 2021
ခိုင်

အလွန်အမင်းဆင်းရဲတွင်း နက်နေသည့်အခြေအနေမှ ပြည်သူအားလုံး လွတ်ကင်းစေရေးဟူသော ကာလရှည်မှန်းချက်တစ်ခု ပြည့်ဝခဲ့သည်ဟု တရုတ်နိုင်ငံက ပြီးခဲ့သည့်နှစ်တွင် ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ကျရောက်လာတော့မည့် တရုတ်ကွန်မြူနစ်ပါတီထူထောင်မှု ရာပြည့်အထိမ်းအမှတ်မတိုင်မီ နိုင်ငံအတွင်းဆင်းရဲမွဲတေမှု ပပျောက်စေရန် ကွန်မြူနစ်ပါတီက ဆန္ဒရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ နိုင်ငံအတွင်း အလွန်အမင်း ဆင်းရဲတွင်းနက်နေသူများကို ဆင်းရဲခြင်းမှလွတ်ကင်းစေရမည်ဟု ၂၀၁၅ ခုနှစ်တွင် ကတိပြုခဲ့သော သမ္မတရှီကျင်းပင်က ၎င်း၏ရည်မှန်းချက်ပြည့်ဝခဲ့ကြောင်း ပြီးခဲ့သည့်နှစ်တွင် ကြေညာခဲ့ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်ခဲ့ခြင်းကို မဟာအောင်မြင်မှုကြီးမှု ချီးကျုးဂုဏ်ယူခဲ့သည်။

သို့သော် တကယ့်လက်တွေ့အခြေအနေတွင် တရုတ်၏ဆင်းရဲမွဲတေမှုပပျောက်ရေးမူဝါဒ အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်သည် ဟာကွက်များရှိနေခြင်းနှင့်အတူ ကုန်စျေးနှုန်းများမြင့်တက်လာခြင်းသည် တရုတ်နိုင်ငံ၏ အနိမ့်ဆုံးတစ်နေ့ဝင်ငွေနှုန်းထားကို ခေတ်ကုန်စေခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

တရုတ်နိုင်ငံတွင် အခြေခံစားဝတ်နေမှုအတွက် ရရှိသော အနိမ်ဆုံးဝင်ငွေသည် တစ်နေ့လျှင် ဒေါ်လာ ၂.၃၀ ဝန်းကျင် ရှိသည်။ ယင်းပမာဏသည် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသော အခြေခံစားဝတ်နေမှုအတွက် အနိမ့်ဆုံးလိုအပ်သော တစ်နေ့ဝင်ငွေ ဒေါ်လာ ၁.၉၀ ထက် အနည်းငယ်မြင့်သော်လည်း ဝင်ငွေမြင့်နိုင်ငံများအတွက် သတ်မှတ်ထားသော တစ်နေ့ဝင်ငွေကို လိုက်မီခဲ့ခြင်းမရှိပေ။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် မည်သူ့ကို ရန်ပုံငွေထောက်ပံ့ရမည်နှင့်ပတ်သက်၍ စဉ်းစားဆုံးဖြတ်ရန် စံသတ်ချက်များ စနစ်တကျချမှတ်ထားခြင်းမရှိဘဲ ရှုပ်ထွေးနေသည့်အတွက် အစိုးရအဖွဲ့၏ ဆင်းရဲမှုတိုက်ဖျက်ရေးမူဝါဒအပေါ် စိတ်ပျက်မှုများ မြင့်တက်လာခဲ့သည်။

တရုတ်အာဏာပိုင်များက တစ်နေ့ဝင်ငွေသတ်မှတ်ချက် ယွမ် ၁၄.၇၄ ဝန်းကျင် အပေါ် အခြေခံ၍ အခြေခံစားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးတစ်နေ့ဝင်ငွေသတ်မှတ်ချက်ကို ရေးဆွဲခြင်းဖြစ်ပြီး ထိုသတ်မှတ်ချက်အောက် ဝင်ငွေရှိသူများကို အဓိကထား၍ ထောက်ပံ့မှုများ ပေးအပ်ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏ တရားဝင်ဖြစ်တည်မှုကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆက်လက်တည်တံ့ရေးအပေါ်အတွင် မှီတည်ထားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ကုန်မတိုင်မီ ကွန်မြူနစ်ပါတီသည် နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု ပပျောက်စေရေးအတွက် လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုလုပ်ငန်းစဉ်များထဲတွင် ဆင်းရဲသည့် အိမ်ထောင်စုများကို စာရင်းကောက်ယူခြင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်း၊ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ပါဝင်သည်။

တရုတ်ရှိ ဒေသဆိုင်ရာ အာဏာပိုင်များသည် ဆင်းရဲမွဲတေသူအရေအတွက်ကို အတိအကျသိရှိရန်အတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း စာရင်းကောက်စစ်ဆေးခြင်း၊ အိမ်ထောင်စုများ၏ ဝင်ငွေအခြေအနေ၊ နေထိုင်သည့် အိမ်အခြေအနေ၊ ကျန်းမာရေးအာမခံချက် ထားရှိခြင်းရှိ၊မရှိ၊ ငွေကြေး အခက်အခဲကြောင့် မိသားစုဝင်များ ကျောင်းထွက်ရခြင်းရှိ၊မရှိတို့ကို မေးမြန်း စာရင်းကောက်ခံခဲ့ကြသည်။

မော်တော်ကား သို့မဟုတ် လယ်ယာသုံးစက်ပစ္စည်းများ ပိုင်ဆိုင်သည့် မိသားစုများတွင် အခြားသော ငွေကြေးအခက်အခဲများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းအခြေအနေကို ထည့်တွက်မခံရဘဲ ချမ်းသာသည့်မိသားစုစာရင်းထဲသို့ ထည့်သွင်းခံရသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ၂၀၁၆-၂၀၂၀ စီမံကိန်းအောင်မြင်စေရန် တရုတ်အစိုးရအဖွဲ့သည် ၂၀၁၉ ခုနှစ်အတွက် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ရန်ပုံငွေကို ဒေါ်လာ ၁၃ ဘီလျံလျာထားလျက် ဆင်းရဲသားများအား ငွေကြေးထောက်ပံ့မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကလည်း ဆင်းရဲမှုပပျောက်ရေးစီမံကိန်းအတွက် ဒေါ်လာ ၅၁ ဘီလျံ ထည့်ဝင်မည်ဟု ကတိပြုခဲ့သည်။

ဘာတွေ အောင်မြင်ထားသလဲ

၁၉၇၀ ပြည့်လွန်နှစ်များအတွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်သည် ပြည်သူသန်း ၈၀၀ ကျော်ကို အလွန်အမင်းဆင်းရဲမွဲတေသည့် အခြေအနေမှ ကယ်တင်ပေးနိုင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် အလွန်အမင်းဆင်းရဲ မွဲတေမှုနှုန်း ၆၆.၃ ရာခိုင်နှုန်းရှိခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ဆင်းရဲမွဲတေမှုနှုန်း ၀.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ရာ ထိုကျဆင်းမှုနှုန်းသည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု ကျဆင်းမှုနှုန်းစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုခဲ့သည်ဟု မဟာဗျူဟာမြောက် နိုင်ငံတကာလေ့လာရေး ဗဟိုဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဆင်းရဲသားအများဆုံးနေထိုင်ရာ ဟူနန်ပြည်နယ်တွင် ဆင်းရဲတွင်းနက်နေသော အိမ်ထောက်စုများ၏ တစ်ဦးချင်းဝင်ငွေသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ယွမ် ၂၃၀၀ မှ ယွမ် ၁၂၂၀၀ အထိ မြင့်တက်ခဲ့သည်။

တရုတ်နိုင်ငံတွင် နိုင်ငံသားအားလုံးနီးပါးသည် မသင်မနေရကျောင်းပညာရေးကို ပြည့်ပြည့်ဝဝသင်ယူနေကြပြီး ကမ္ဘာ့ဝင်ငွေအများဆုံးနိုင်ငံများတွင် လုပ်ဆောင်နေသော ပျမ်းမျှကျောင်းပညာရေးအဆင့်သတ်မှတ်ချက်နှင့် တန်းတူရှိကြောင်း၊ ထို့ပြင် လွန်ခဲ့သည့်နှစ် ၂၀ အတွင်း ကလေးအသေ၊ အပျောက်နှုန်း ထိုးစိုက်ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။

“ လွန်ခဲ့တဲ့ နှစ် ၄၀ က တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှုရဲ့ ရလဒ်ကြောင့် ပြည်သူသန်း ၈၀၀ ကျော် ဆင်းရဲတွင်းကနေ လွတ်ကင်းခဲ့ပါတယ်။ ဒါက အံ့မခန်း အောင်မြင်မှု တစ်ခုပါပဲ။တရုတ်နိုင်ငံမှာ မျိုးဆက်နှစ်ခု အကြားကာလအတွင်း လူနေမှုဘဝတွေ သိသိသာသာကို တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်” ဟု ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူး မာတင်ရိုင်ဇာက ပြောကြားခဲ့သည်။

ရေရှည်တည်မြဲပါ့မလား

တရုတ်အစိုးရအဖွဲ့မှ တရားဝင်ထုတ်ပြန်သော စာရင်းအချက်အလက်များသည် တစ်ခါတစ်ရံတွင် သံသယဖြစ်ဖွယ်ကောင်းသည့်ထင်မြင်ချက်များနှင့် တွဲပါလာလေ့ရှိပြီး ဆင်းရဲမွဲတေမှု စာရင်းအချက်အလက်များသည် ဖြစ်ကြောင်းကုန်စင်ကို မပြသနိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းစဉ်များနှင့်ဆက်နွှယ်၍ အကျင့်ပျက်ခြစားမှုများ သောင်းနှင့်ချီရှိခဲ့ကြောင်း Western Ontario တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ တယ်ရီစီကူလာက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်များထဲတွင် ဒေသဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့ငွေရရှိရန်အတွက် ၎င်းတို့၏ မိတ်ဆွေများနှင့်မိသားစုဝင်များကို ဆင်းရဲသားများအဖြစ် စာရင်းသွင်း၍ အချက်အလက် ပြင်ဆင်မှုများလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

အစိုးရ၏ငွေကြေးထောက်ပံ့မှုကို မှီခိုနေဆဲဖြစ်သည့် ပြည်သူအချို့တွင် ပိုမိုချမ်းသာကြွယ်ဝလာစေရန် မည်သို့ကြံဆောင်ရမည်ဆိုသော နည်းလမ်းများ လုံလုံလောက်လောက်မရှိကြောင်း ဆင်းရဲမွဲတေမှုတိုက် ဖျက်ရေးတာဝန်ရှိသူ ၀ိုချင်းဖျင်ကဆိုသည်။

“ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမူဝါဒ ရပ်ဆိုင်းသွားတာနဲ့ အထောက်အပံ့ကို မှီခိုနေတဲ့သူတွေက ဆင်းရဲတွင်းထဲကို တစ်ဖန်ပြန်ဆင်းသွားမယ့် အလားအလာရှိနေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အလုပ်လက်မဲ့ဖြစ်မှု၊ ကျန်းမာရေးအခြေအနေများကဲ့သို့ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေသည့်ကိစ္စများက ရေတိမ်နစ်နေသော အိမ်ထောင်စုများကို ငွေကြေးအကျပ်အတည်းတွင်းသို့ ပြန်လည်ကျရောက်စေနိုင်ဖွယ် ရှိနေသည်။

Most Read

Most Recent