နွေဦးပွဲတော်ထဲက သစ်ပင်အိုကြီး

နွေဦးပွဲတော်ထဲက သစ်ပင်အိုကြီး
Photo: 7-themes
Photo: 7-themes
Published 26 February 2021
မြတ်လှိုင်း

(၁)

သြော်...  မကြာမီ နွေဦးမနက်ခင်းတစ်ခုကို ရောက်လာတော့မယ်။ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ရောက်ရှိလာမယ့်နွေဦးမနက်ခင်းကို ငြင်းဆန်လို့မှ မရတာပဲလေ။ လူတစ်ယောက်အတွက် ငြင်းဆန်လို့မရတဲ့အရာတွေထဲမှာ သဘာဝတရားလည်း ပါနေတယ်။

ဒါပေမဲ့ နွေဦးနဲ့အတူပါလာမယ့် တချို့အရာတွေကိုတော့ ငြင်းဆန်လို့ရတယ်။နွေဦးမနက်ခင်းကို အမှီပြုပြီး ပွင့်လာနိုင်တဲ့ ရာသီပန်းတွေကို ငြင်းဆန်ချင် ငြင်းဆန်လို့ရတယ်။ မပီဝိုးတဝါးနွေဦးမနက်ခင်းမှာ အယောင်ဆောင်ပြီး ရာသီမှီပွင့်တဲ့ ပန်းအတုတွေ ရှိတတ်တယ်လေ။

ကျွန်တော်ကတော့ နွေဦးမနက်ခင်းမှာ တိတ်ဆိတ်ခြောက်သွေ့တဲ့ညတွေကို မလိုချင်ဘူးလို့ ငြင်းမယ်။ ပျောက်ဆုံးနေတဲ့အနာဂတ်ကို ရှာမယ်ဆိုပြီး ရဲရင့်မှုတွေ တင်ဆောင်လာတဲ့ ရထားတစ်စီးက ပြန်ဆိုက်ကပ်မယ့်နေရာဟာ ဘူတာအိုကြီးဖြစ်နေရင် ငြင်းဆန်ပစ်လိုက်မယ်။

ကျွန်တော်တို့ သမိုင်းဘူတာအိုကြီးကစထွက်လာခဲ့ပြီး ဒီဘူတာအိုကြီးကိုပဲ ပြန်ပြန်ဆိုက်ကပ်ခဲ့ရပေါင်း များလှပြီလေ။ ကျွန်တော်တို့ ငြီးငွေ့လွန်းလှပြီ။ ကျွန်တော်တို့ အညာခံခဲ့ရပေါင်းလည်း များလှပြီ။ ပိုဆိုးတာက ကျွန်တော်တို့ သိသိကြီးနဲ့ အလိမ်ညာခံခဲ့ရတာ။နွေညတွေလည်း ပုံပြင်ဟောင်းတွေနားထောင်ခဲ့ရပြီး မအိပ်စက်နိုင်တဲ့ ညတွေဖြစ်နေခဲ့တယ်။

(၂)

နွေဦးမတိုင်ခင်ကာလမှာ အိပ်မက်တစ်ခု မက်ခဲ့တယ်။ ဆောင်းနှောင်းအိပ်မက်လို့ ပြောရမှာပေါ့။ သိမ်းပြီးစ လယ်ကွင်းထဲမှာ ကောက်ရိုးခြောက်တွေ လက်မောင်းတွေ ထထောင်နေကြတယ်တဲ့။ သိပ်မကြာခင် ဒီလယ်ကွင်းပြင်ကြီးကို မီးရှို့တော့မှာကို ဆန့်ကျင်နေကြတာတဲ့။

ကျွန်တော်က ရောင်စုံသစ်ခွပန်းတွေပွင့်ပါစေလို့ ဆုတောင်းနေလေရဲ့။ အဲဒီဆုတောင်းကို အတ္တစွဲနဲ့ ကောက်ရိုးတွေက အရိုးလက်ချောင်းတွေထဲမှာ ဆုပ်ညှစ်ချေမွလိုက်ကြတယ်။ “ငါစွဲ” အလံတွေ လွှင့်ထူထားခဲ့ကြတော့  ရာဇဝင်အခန်းဆက်ဇာတ်လမ်းဟောင်းကြီးက နိဂုံးချုပ်သွားနိုင်မှာတဲ့လား။

ဆောင်းနှောင်းအိပ်မက်ထဲမှာ ပုံရိပ်တွေဝေဝေ၀ါးဝါးထွေပြားနေတော့ ဇာတ်သိမ်းကလည်း မကွဲပြားခဲ့ဘူး။ ဒါပေမဲ့ အိပ်မက်ထဲမှာမဟုတ်တဲ့ ကျွန်တော်ကြိုသိနေတယ်။ ထောင်ချောက်ကို မမြင်ဘဲ ဘဝင်မြင့်သူတစ်ယောက်က အပေါင်းအပါတစ်သင်းကြီးကို ထောင်ချောက်ထဲ ခေါ်ဆင်းသွားတယ် ဆိုပြီး ... ။

ကျွန်တော်ပြန်တွေးနေမိတာကတော့ အာရပ်နွေဦးတော်လှန်ရေးအကြောင်း။ အဲဒီ အာရပ်နွေဦးတော်လှန်ရေးမှာ ဘယ်နိုင်ငံတွေပြာပုံဖြစ်သွားကြလဲ။ ဘယ်ဒေသတွေ စစ်မီးမငြိမ်းနိုင်သေးလဲ။ ပြောမယ်ဆိုရင် အာရပ်နွေဦး နောက်ဆက်တွဲပုံပြင်တစ်ပုဒ်အဖြစ် သွေးကြောင်းစီးနေတဲ့ လွင်ပြင်ထဲက လူတွေအကြောင်းပါ။

အခု ကျွန်တော်မက်တဲ့ ဆောင်းနှောင်း အိပ်မက်ထဲမှာတော့ အရိုးချောင်းလို ကောက်ရိုးလက်ချောင်းတွေ ကောက်ကွေးနေကြပြီ။

(၃)

ဒီနွေဦးပွဲတော်ကို တောင်ပေါ်သူမလေးတစ်ယောက် အရောက်လှမ်းလာနိုင်ပါ့မလား။မင်းကတော့ “အနာဂတ်ပန်းဖူးလေးတွေ ပွင့်လန်းလာဖို့အတွက်” လို့ ပြောခဲ့ဖူးတယ်။ ငါတို့ တစ်မြေတည်းနေပြီး တစ်နယ်စီ ခြားနေရတယ်။ မင်းကိုချစ်တယ် ကောင်မလေးရေ။ ငါက မင်းရဲ့အမုန်းကို လက်ခံနိုင်ပါတယ်။ လူမျိုးကြီးဝါဒ အလံထူရင် မင်းရဲ့အမုန်းတွေ ပိုကြီးထွားလာမယ်ဆိုတာလည်း သိခဲ့တယ်။

ဒါပေမဲ့ ငါဘာတတ်နိုင်ပါ့မလဲကွယ်။လူမျိုးကြီးဝါဒနဲ့ ဦးခေါင်းကျဉ်းကျဉ်းလေးတွေထဲမှာ အရိုးစွဲနေကြပြီလေ။ အခွင့်အရေးရေစီးနောက်  လိုက်မျောပါနေကြတာကို သာယာနေကြပြီ။ ဆောင်းနှောင်းအိပ်မက်ထဲမှာ ပွဲတော်ကြီး ကျင်းပနေခဲ့ကြတယ်။ “ငါစွဲ” တွေက ကိုယ့်သေတွင်းနှုတ်ခမ်းမှာ ပျော်ရွှင်စွာကခုန်နေကြသလိုပါပဲ။

အဲဒီအချိန်မှာ  မင်းချစ်တဲ့တောင်ပေါ်တဲကျောင်းလေးရဲ့ အနာဂတ်ကို စစ်ဘေးရှောင်စခန်းထဲ ရွှေ့လိုက်ရတယ်တဲ့လား။ ဒီအမိမြေမှာ ကြုံတွေ့ရတဲ့ဒုက္ခတရားတွေကို ရင်မဆိုင်ရဲလို့ ထွက်ပြေးမှုဝါဒကို ကိုင်စွဲခဲ့တဲ့အချောင်သမားတွေက ထကြွေးကြော်လိုက်ကြတယ်။ “နွေဦးတော်လှန်ရေးကို ရဲရဲကြီးဆင်နွှဲကြ” ဆိုပြီး အာခေါင်နီတွေနဲ့ပေါ့။

မြစ်တစ်မြစ်ထဲမှ ရေစီးကိုစုန်စီးနေတဲ့ ရေစီးကြောင်းတွေရှိသလို၊ ရေစီးကြောင်းကို ပြန်ဆန်တက်နေတဲ့ ရေစီးကြောင်းတွေလည်း ရှိတယ်လေ။ ပြောင်းပြန်ဆန့်ကျင်ဘက်ရေစီးကြောင်းနှစ်ခုရဲ့အလယ်မှာ ခြားထားတဲ့ရေပြင်တစ်ခုကတော့ ငြိမ်ငြိမ်သက်သက်လေးရှိနေတာကို တွေ့လိုက်ရတယ်။ အစွန်းနှစ်ဖက်ကြားကတည်ငြိမ်နေတဲ့ ရေစီးကြောင်းကျဉ်းကျဉ်းလေးထဲမှာ တကယ့်အမှန်တရားရှိတယ်။

(၄)

အိုဘယ့် နွေဦးငဲ့

ငါတို့ ဘာကိုယုံကြည်ရမလဲ

ပျောက်ဆုံးနေတဲ့ အနာဂတ်ထဲမှာ

နွေဦးပွဲတော် ရှိနေမလား။

နေ့တစ်နေ့ကို ကျွန်တော် စောင့်နေခဲ့မိတယ်။နွေဦးပွဲတော်မှာ ရောင်စုံသစ်ခွပန်းတွေ ပွင့်ဝေနေဖို့တော့ မဟုတ်ပါဘူး။ နွေဦးမရောက်ခင်ကာလလေးတစ်ခုမှာ မရေရာဇဝေဇဝါနိုင်တဲ့ အဖြေတစ်ခုများ ထွက်လာလေမလားလို့ပေါ့။ ဆောင်းနှောင်းအိပ်မက်ထဲမှာတော့ ဝေဝေ၀ါးဝါးနဲ့ ကျန်နေခဲ့ရတယ်။

ဒီအတိုင်းဆို နွေဦးပွဲတော်ဆီ လှမ်းနေတဲ့ ခြေလှမ်းတွေဟာ အနာဂတ်ကို ရောက်နိုင်ပါ့မလား။ ဓမ္မနဲ့ အဓမ္မ ယှဉ်ပြိုင်တဲ့အနေအထားလည်း မဟုတ်တော့ဘူးလေ။ အဓမ္မနဲ့အဓမ္မချင်း တိုက်ခိုက်နေကြတဲ့ ပွဲတစ်ခုဖြစ်သွားမလား။ ကျွန်တော်တို့ ဘာကိုယုံကြည်ရမလဲ။

ဒီလိုသာ ဖြစ်သွားခဲ့ရင် အတိတ်သချႋုင်းထဲမှာ အရိုးစုဖြစ်သွားတဲ့ ကြယ်တွေကို တောင်းပန်ပွဲ ကျင်းပရတော့မယ်။ ကျွန်တော်တို့ မျှော်လင့်ခဲ့ရတဲ့ နေ့တစ်နေ့ကလည်း ပြီးပျောက်သွားပြီ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လာရာလမ်းဆီကို ပြန်လှည့်သွားကြပြီ။

တောင်ပေါ်သူမလေးရဲ့ တဲကျောင်းလေးကတော့ ပျက်သွားပြီ။ ဒီနွေဦးပွဲတော်ကျင်းပပြီးသွားရင် စာအံသံတွေ ပြန်ကြားရတော့မယ်ထင်ပါရဲ့။ ရောင်စုံသစ်ခွပန်းတွေ ပွင့်မယ့်အချိန်မရောက်နိုင်သေးတော့ တောင်ပေါ်သူမလေးရဲ့ငိုရှိုက်သံ တိုးတိုးလေးလွင့်ပျံနေဦးမယ်။ အနာဂတ်ပန်းကြွေတွေလည်း နွမ်းနေဦးရော့မယ်။

(၅)

ဒီနွေဦးတွေ ကြုံတွေ့နေရဦးမှာ မြင်ယောင်နေမိတယ်။ ကျွန်တော်တို့ ကြားခဲ့ရတဲ့ ကဝေအိုတစ်ယောက်ရဲ့ မာယာလွှမ်းနှောနေတဲ့ ရယ်မောသံကတော့ တိတ်ဆိတ်သွားခဲ့ပြီလား။ နွေဦးပွဲတော်ကို သွားနေကြမယ့် လူတွေကတော့ လိမ်ညာလှည့်ဖြားပြောဆိုမှုတွေကို ဆက်ယုံကြည်ကြဦးမယ်။ ဒါကလည်း အတိတ်ဖြစ်သွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တောအုပ်စိမ်းစိမ်းထဲက ဝတ်စုံကြီးကို မီးတင်မရှို့နိုင်သေးဘူးလေ။ ဒီဇာတ်လမ်းရှည်ကြီးကိုလည်း ဘယ်အချိန်မှာ ဇာတ်သိမ်းပုံပြင်ပြောနိုင်ပါ့မလဲ မသိပါဘူး။

ဟုတ်ပါတယ်လေ။ ကျွန်တော်တို့ တစ်ခါမှမပိုင်ခဲ့ဖူးတာကို ကျွန်တော်တို့ကို ပြန်ပေးဆိုပြီး တောင်းလို့ရနိုင်ပါ့မလား။အစစ်မဟုတ်တဲ့ ရွှေရည်စိမ်ကျောက်တောင်အတုကြီးအောက်က ရွှေအစစ်ကို ပြန်တောင်းသလိုပဲ ဖြစ်လိမ့်မယ်။အိမ်မပိုင်တဲ့ အိမ်ငှားတစ်ယောက်က အိမ်ငှားသူပဲ ပြန်ဖြစ်မှာပေါ့။ ဒီအိမ်ကလည်း ယူထားတဲ့လူက အိမ်ပိုင်ဖြစ်နေတယ်လေ။ အိမ်ပိုင်သူကလည်း တစ်ခါမှ အိမ်မပိုင်ဖူးသူလို ခပ်ဟဟမပြောရဲဘူး။ ပြောမယ်ဆိုရင် ကောလဟာလတွေနဲ့ ဒီအိမ်ကြီးထဲမှာ ပွနေတယ်။

ခမ်းလှမ်းလှမ်းကနေ ကြည့်လိုက်ရင် ဆောင်းအကုန်နွေအကူးကာလမှာ လေကြမ်းတွေ ဝေ့ဝဲတိုက်ခတ်နေသံတွေ ကြားခဲ့ရတယ်။မနိုင်တဲ့ ရုပ်ရှင်ကားထဲက သေနတ်သံတွေလိုလိုလည်း ကြားနေခဲ့ရတယ်။ အခုအချိန်ဆို တောင်ပေါ်သူလေးရဲ့အရပ်ဒေသမှာ နှင်းတွေဝေမယ့်အစား ယမ်းငွေ့တွေ ဝေနေကြပြီလား။ မင်းကို ကိုယ်လွမ်းရတဲ့အလွမ်းတွေကလည်း မငြိမ်းချမ်းခဲ့ဘူးနော်။ ဘယ်တော့များမှ အေးချမ်းတဲ့လမ်းပေါ်မှာ အတူယှဉ်တွဲလျှောက်လှမ်းနိုင်ပါ့မလဲ။

ကျွန်တော်ရဲ့ နွေဦးအိပ်မက်အတွေးတွေကလည်း မငြိမ်းချမ်းနိုင်ဘူး။

(၆)

သြော်... မကြာမီ နွေဦးမနက်ခင်းတစ်ခုကို ရောက်လာတော့မယ်။ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ၊ ရောက်ရှိလာမယ့်နွေဦးမနက်ခင်းကို ငြင်းဆန်လို့မှ မရတာပဲလေ။ လူတစ်ယောက်အတွက် ငြင်းဆန်လို့မရတဲ့အရာတွေထဲမှာ သဘာဝတရားလည်း ပါနေတယ်။

ကျွန်တော်လည်းနွေဦးကို ငေးကြည့်နေမိတယ်။ သစ်ပင်အိုကြီးတစ်ပင်ကိုလည်း မြင်နေရတယ်။ အဲဒီသစ်ပင်အိုကြီးဟာ နွေဦးသစ်ရွက်တွေ တစ်ရွက်ချင်းခြွေချနေတယ်။ ဒါဆို သစ်ပင်အိုကြီးက အရိုးပြိုင်းပြိုင်း ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ အချိန်တန်ရင် သစ်ရွက်တွေ ပြန်ထွက်လာမှာပါလေ။ သစ်ရွက်တွေ ပြန်ထွက်လာတဲ့ အချိန်ကိုတော့ စောင့်ရမှာပါပဲ။

Most Read

Most Recent