COVID-19 ကြောင့် စီးပွားရေး ထိခိုက်ခဲ့သည့် ကုန်စုံဆိုင်ငယ်များသို့ တစ်နှစ်လျှင် အတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့် တစ်ဆိုင်လျှင် အများဆုံး ချေးငွေပမာဏ ကျပ်သိန်း ၅၀ အထိ ထုတ်ချေးမည်

COVID-19 ကြောင့် စီးပွားရေး ထိခိုက်ခဲ့သည့် ကုန်စုံဆိုင်ငယ်များသို့ တစ်နှစ်လျှင် အတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့် တစ်ဆိုင်လျှင် အများဆုံး ချေးငွေပမာဏ ကျပ်သိန်း ၅၀ အထိ ထုတ်ချေးမည်
ရန်ကုန်မြို့ရှိ စျေးတစ်ခုအတွင်းရှိ ဖွင့်လှစ်ရောင်းချနေသည့် ကုန်စုံဆိုင်များကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ရှိ စျေးတစ်ခုအတွင်းရှိ ဖွင့်လှစ်ရောင်းချနေသည့် ကုန်စုံဆိုင်များကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 25 February 2021

COVID-19 ကြောင့် စီးပွားရေး ထိခိုက်ခဲ့သည့် ကုန်စုံဆိုင်ငယ်များသို့ တစ်နှစ်လျှင် အတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့် တစ်ဆိုင်လျှင် အများဆုံး ချေးငွေပမာဏ ကျပ်သိန်း ၅၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ထုတ်ပြန်သည်။

COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုရှိခဲ့သော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် ကုန်စုံဆိုင်ငယ်များသို့ အတိုးနှုန်း သက်သာသော ချေးငွေ (ချေးငွေသက်တမ်း တစ်နှစ်) ကို တစ်နှစ်လျှင် အတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့် တစ်ဆိုင်လျှင် အများဆုံးချေးငွေ ပမာဏ ကျပ်သိန်း ၅၀ အထိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် ထုတ်ချေးမည်ဖြစ်သည်။

သို့ဖြစ်ရာ ချေးငွေရယူလိုသည့် ကုန်စုံဆိုင်များ အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းရှိ ဟာနာမိုက်ခရိုဖိုင်းနိုက် (စ်) လီမိတက်၊ မိုက်ခရိုဖိုင်းနန့် (စ်) ဒယ်တာ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ Alliance for Microfinance in Myanmar၊ စထာပါနာလီမိတက်၊ အားလီးဒွန်း မိုက်ခရိုဖိုင်းနန့် (စ်) ကုမ္ပဏီလီမိတက်၊ Pact (Global micro Finance Fund) အဖွဲ့အစည်း၊   မြတ်ကျွန်းသာ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီလီမိတက်၊ အယ်အိုအယ်စီ မြန်မာမိုက်ခရိုဖိုင်းနန့်(စ်)၊ ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အများပိုင် ကုမ္ပဏီလီမိတက်၊ အောင်ပြည့်ဖြိုးကျော် ကုမ္ပဏီလီမိတက်၊ Blue Lion Microfinance (Myanmar) Co.,Ltd၊ ဆန္ဒဘုန်းပြည့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း၊ အင်နိုကယ်ပီတယ်လ် မိုက်ခရိုဖိုင်းနန့် (စ်) ကုမ္ပဏီလီမိတက်၊ Khant Thu Walar Microfinance Co.,Ltd၊ ASA Microfinance (Myanmar) Ltd စသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ဆက်သွယ်၍ ချေးငွေရယူနိုငသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီသည် COVID-19 ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေး လုပ်ငန်းများအား လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးနိုင်ရေးအတွက် COVID-19 Fund ထူထောင်ကာ စီးပွားရေး ထိခိုက်မှုအများဆုံး ခံခဲ့ရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများသို့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှစတင်၍ ချေးငွေများ ထုတ်ပေးခဲ့သည်။

COVID-19 ကြောင့် သက်ရောက်မှုများကို CERP နှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်က ရန်ပုံငွေစိုက်ထုတ်ကျခံ သုံးစွဲခဲ့မှုများတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျပ် ၁၂၅၆၁ ဒသမ ၁၂၇  သန်း၊ COVID-19 ရောဂါ ကုသရေးအတွက် ကျပ် ၃၀၃၀၁၇ ဒသမ ၂၃၆ သန်း၊ အိမ်ထောင်စုများသို့ ထောက်ပံ့ခြင်းနှင့် အမျိုးသား ဘေးအန္တရာယ် ရန်ပုံငွေ ထောက်ပံ့ခြင်းအတွက် ကျပ် ၁၅၀၈၃၇၀ ဒသမ ၀၁၁ သန်း၊ စီးပွားရေး လုပ်ငန်းများသို့ ချေးငွေထုတ်ပေးခြင်းအတွက် ကျပ် ၃၉၉၀၀၀ သန်း၊ CERP လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းအတွက် ကျပ် ၇၂၈၅၁၅ ဒသမ၂၅၄ သန်း၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း အတွက် ကျပ် ၂၀၀ ဒသမ ၅၀၀ သန်းဖြင့် စုစုပေါင်း ကျပ် ၂၉၅၁၆၆၄ ဒသမ ၁၂၈ သန်း ရှိကြောင်း သိရသည်။

Most Read

Most Recent