အင်္ဂါဂြိုဟ်သို့ ပျံသန်းခြင်း

အင်္ဂါဂြိုဟ်သို့ ပျံသန်းခြင်း
Photo:AFP
Photo:AFP
Published 25 February 2021
ခိုင်

အမေရိကန်အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ (နာဆာ) ၏ Perseverance လေ့လာရေးယာဉ်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

နာဆာမှ မြန်မာအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဒေါ်မီမီအောင် ဦးဆောင်တီထွင်ခဲ့သော အသေးစားရဟတ်ယာဉ်ပါရှိသည့် အဆိုပါ လေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည့် ငါးစင်းမြောက် အမေရိကန်အာကာသ စူးစမ်းလေ့လာရေးယာဉ်ဖြစ်သည်။

လတ်တလောတွင် နာဆာဆောင်ရွက်နေသည့် Artemis အစီအစဉ်ကို ‘သော်တာလမှ အင်္ဂါဂြိုဟ်’ မစ်ရှင်အဖြစ် ကြေညာထားပြီး နာဆာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော စတိဗ်ဂျာဆစ်က ၂၀၃၀ ပြည့်လွန်နှစ်များအတွင်း အင်္ဂါဂြိုဟ် (Red Planet) ပေါ်သို့ အမေရိကန်အာကာသယာဉ်မှူးများကို စေလွှတ်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

အင်္ဂါဂြိုဟ်ခရီးစဉ်သည် နည်းပညာပိုင်းအရ အကျပ်ရိုက်စရာ ကိစ္စအများအပြား မရှိသော်လည်း ရန်ပုံငွေထောက်ပံ့မှု မသေချာခြင်းကြောင့် လူလိုက်ပါသော အင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်သည် ဆယ်စုနှစ်များစွာ အချိန်ယူရနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

မလွယ်ကူသောခရီးစဉ်

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၀ ရက်ကတည်းက လွှတ်တင်ခဲ့သည့် Perseverance အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်သည် အာကာသအတွင်း ခုနစ်လကြာ ခရီးဆက်ခဲ့ပြီးမှ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ရာ အာကာသယာဉ်မှူးများ အင်္ဂါဂြိုဟ်သို့ သွားရောက်မည်ဆိုပါက အကွာအဝေးမိုင်သန်း ၁၄၀ (ကီလိုမီတာ ၂၂၅ သန်း) ခန့်ကို ဖြတ်သန်းသွားလာရလိမ့်မည်ဖြစ်သည်။

အင်္ဂါဂြိုဟ်ခရီးစဉ်သည် လပေါင်းများစွာ ရှည်ကြာမည်ဖြစ်သောကြောင့် အာကာသယာဉ်မှူးများသည် အာကာသအတွင်း ရေဒီယိုဓာတ်ရောင်ခြည်နှင့်မြေထုဆွဲငင်အား အလွန်နည်းပါးမှုတို့ကြောင့် ကျန်းမာရေးအန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပြီး ထိုအန္တရာယ်များသည် ကင်ဆာရောဂါ၊ အရိုးပါးရောဂါနှင့် ကြွက်သားပျော့တွဲ၊ အားနည်းမှုရောဂါတို့ကို ဖြစ်ပွားစေနိုင်သည်။

အာကာသအတွင်း ရေဒီယိုဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုအများဆုံးမခံရစေရန် တစ်ခုတည်းသော နည်းလမ်းမှာ ခရီးကြာချိန်ကို ချုံ့ရန်ဖြစ်ကြောင်း အာကာသအကြံပေးကုမ္ပဏီ Astralytical ကို တည်ထောင်သူ သိပ္ပံပညာရှင် လော်ရာဖော်ဆစ်ကဆိုသည်။ ထိုနည်းလမ်းကို အကောင်အထည်ဖော်မည်ဆိုပါက အာကာသယာဉ်တွင် ထုံးစံအတိုင်းတပ်ဆင်သည့် ဓာတုဒုံးကျည်များထက် တွန်းကန်အားပိုမိုပြင်းထန်သော စွမ်းအင်ကို ထုတ်လွှတ်ပေးသည့် နျူကလီးယားအပူဓာတ်တွန်းကန်အားကို အသုံးပြုရလိမ့်မည်ဖြစ်သည်။

နောက်ထပ်နည်းလမ်းတစ်ခုမှာ အာကာသယာဉ်တွင် ရေထည့်ထားသော သတ္တုသေတ္တာများကို တွယ်ချိတ်ထားခြင်းဖြစ်ပြီး ယင်းသေတ္တာများသည် အာကာသအတွင်း ဖြာထွက်သော ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်ကို စုပ်ယူလိမ့်မည်ဟု Harvard-Smithsonian Center မှ နက္ခတ္တဗေဒပညာရှင် မက်ဒိုဝဲလ်က ပြောကြားခဲ့သည်။

အာကာသစူးစမ်းလေ့လာရေး ခရီးစဉ်များအတွက် အကြီးမားဆုံးအကျပ်အတည်းမှာ အမေရိကန်သမ္မတနှင့်ကွန်ဂရက်ထံမှ ရန်ပုံငွေရရှိရေးကိစ္စဖြစ်သည်။

“ရန်ပုံငွေများများ ထည့်ဝင်ကြရင် ၂၀၃၀ ပြည့်လွန်နှစ်တွေအတွင်း အင်္ဂါဂြိုဟ်ကို အာကာသယာဉ်မှူးတွေ စေလွှတ်နိုင်ပါလိမ့်မယ်” ဟု မက်ဒိုဝဲလ်က ဆိုသည်။

ယခုလအတွင်း နာဆာ၏ Artemis အစီအစဉ်ကို အစိုးရအဖွဲ့က ထောက်ပံ့ထားခြင်းဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်၏ပြောခွင့်ရပုဂ္ဂိုလ် ဂျင်ပါစကီက ပြောကြားထားသော်လည်း ဘိုင်ဒင်ကမူ အင်္ဂါဂြိုဟ်စူးစမ်း လေ့လာရေးနှင့်ပတ်သက်၍ ၎င်း၏စိတ်ကူးအမြင်ကို ဖွင့်ဟခြင်း မရှိသေးပေ။

သက်ရှိများ နေထိုင်ခဲ့သလား

ဒေါ်လာဘီလျံပေါင်းများစွာ အကုန်ကျခံ၍ အချိန်ယူကြိုးစားလုပ်ဆောင်ခဲ့ရသော Perseverance လေ့လာရေးယာဉ်လွှတ်တင်မှုသည် အင်္ဂါဂြိုဟ်ပေါ်၌ သက်ရှိများ နေထိုင်ခဲ့ဖူးခြင်းရှိ၊ မရှိကို လေ့လာသိရှိနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

အင်္ဂါဂြိုဟ်ပေါ်ရှိ Jezero ချိုင့်ဝှမ်းသည် လွန်ခဲ့သောနှစ်ပေါင်း ၃.၅ ဘီလျံဝန်းကျင်က မြစ်တစ်စင်း စီးဝင်ရာ နေရာဖြစ်ခဲ့မည်ဟု သိပ္ပံပညာရှင်များက ယူဆနေကြသည်။ အတိတ်ကာလက အင်္ဂါဂြိုဟ်သည် ပိုမိုနွေးထွေးပြီး ပိုမိုစိုစွတ်ခဲ့ကာ ယခင်က လုပ်ဆောင်ခဲ့သော စူးစမ်းလေ့လာရေးခရီးစဉ်များအရ အင်္ဂါဂြိုဟ်သည် လူနေထိုင်၍ရသော ဂြိုဟ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြသည်။

Perseverance လေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ခဲ့ပြီး မကြာမီအချိန်အတွင်းမှာပင် အင်္ဂါဂြိုဟ်၏ မြောက်ဘက်အီကွေတာရှိ Jezero ချိုင့်ဝှမ်းမှ ကျောက်သားထူထပ်သည့် ကွင်းပြင်နေရာကို ရိုက်ယူထားသော အဖြူ၊ အမည်းဓာတ်ပုံများကို ပြန်လည်ပေးပို့ခဲ့သည်။

အင်္ဂါဂြိုဟ်ပေါ်မှ ဖမ်းယူထားသော အသံဖိုင်နှင့် Perseverance စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မှု ဗီဒီယိုဖိုင်တို့ကို အမေရိကန်အာကာသအေဂျင်စီ နာဆာက ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

Perseverance လေ့လာရေးယာဉ်မှ ဖမ်းယူထားသော အသံဖိုင်တွင် အင်္ဂါဂြိုဟ်ပေါ်မှ လေတိုက်သံကို အနည်းငယ်ကြားရသည်ဟု နာဆာမှ အင်ဂျင်နီယာများက ဆိုသည်။ Perseverance ယာဉ်သည် ၎င်းစုဆောင်းရယူထားသည့် အချက်အလက်များကို အာကာသအတွင်းရှိ ဂြိုဟ်တုများသို့ ပေးပို့ခြင်းဖြစ်သည်။ လာမည့်နှစ်များအတွင်း Perseverance လေ့လာရေးယာဉ်သည် ကျောက်သားနှင့်မြေသားနမူနာပေါင်း ၃၀ ခန့်ကို စုဆောင်းသွားမည်ဖြစ်ပြီး ယင်းနမူနာများကို ၂၀၃၀ ပြည့်လွန်နှစ်များအတွင်း တစ်ချိန်ချိန်တွင် လက်တွေ့စမ်းသပ်လေ့လာမှုများအတွက် ကမ္ဘာမြေသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

Perseverance သည် ၎င်း၏မစ်ရှင်ကို နှစ်နှစ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုထက်ကြာရှည်သော ကာလအထိ လုပ်ငန်းဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း၊ ယင်းလေ့လာရေးယာဉ်မတိုင်မီက အင်္ဂါဂြိုဟ်ပေါ်သို့ စေလွှတ်ခဲ့သော Curiosity ယာဉ်မှာ ဂြိုဟ်ပေါ်သို့ ဆင်းသက်ပြီးနောက် ရှစ်နှစ်ကြာ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း စတိဗ်ဂျာဆစ်က ပြောကြားခဲ့သည်။

SUV ကားတစ်စီး အရွယ်အစားခန့်ရှိကာ အလေးချိန်တစ်တန် ရှိသည့် Perseverance လေ့လာရေးယာဉ်တွင် နှစ်မီတာ အရှည်ရှိသော ခြေတံခုနစ်ချောင်း၊ ကင်မရာ ၁၉ လုံး၊ မိုက်ခရိုဖုန်း နှစ်လုံး၊ နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားသည်။

Perseverance ၏ လေ့လာရေးခရီးစဉ်တွင် အင်္ဂါဂြိုဟ်ပေါ်မှ သဘာဝမြေသားများကို စကင်ဖတ်ခြင်း၊ ဓာတုပေါင်းစပ်ဖွဲ့စည်းပုံကို မြေပုံထုတ်ခြင်း၊ လေဆာဖြင့် ကျောက်တုံးများကိုပိုင်း၍ အခိုး၊ အငွေ့ကို လေ့လာခြင်းတို့ လုပ်ဆောင်မည်ဖြစ်သည်။

Perseverance လေ့လာရေးယာဉ်၏ ဝမ်းဗိုက်တွင် ထည့်သွင်းထားသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်အသေးစားကို နာဆာမှ မြန်မာအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဒေါ်မီမီအောင်က ဦးဆောင်တီထွင်ခဲ့ခြင်းဖြစ်သည်။

Ingenuity ဟု အမည်ပေးထားသည့် ယင်းရဟတ်ယာဉ်ကို ကမ္ဘာ့လေထုသိပ်သည်းဆ၏ ၁ ရာခိုင်နှုန်းသာရှိသော အင်္ဂါဂြိုဟ်လေထုတွင် ပျံသန်းခိုင်းမည်ဖြစ်သည်။ ၂၀၃၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်သည် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများစေလွှတ်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသော်လည်း ရန်ပုံငွေအခက်အခဲ၊ အချိန်ယူလေ့လာစမ်းသပ်ရမည့် နည်းပညာပိုင်းဆိုင်ရာကိစ္စတို့ကြောင့် လူသားများလိုက်ပါသော အင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်ကို စတင်ရန်အချိန်အတော်ကြာလိမ့်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent