တပ်မတော်အစိုးရက ရွေးကောက်ပွဲများ ပြုလုပ်ပေးမည်ဟု ကတိပေးထားမှုနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် တရားမျှတပြီး အားလုံးပါဝင်နိုင်ရေး သေချာစေရန်အတွက် စောင့်ကြည့်မှုများ ပြုလုပ်ရန် လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်မှုအား သဘောတူညီကြရန် အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများအား ဖေဖော်ဝါရီ ၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးခဲ့သည်။
အမည်မဖော်လိုသူ အကြီးတန်းအာဏာပိုင်နှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် သွေးမြေကျမှုများကို ကာကွယ်ရန်နှင့် ရွေးကောက်ပွဲအသစ်ပြုလုပ်ကာ အနိုင်ရရှိသူကို အာဏာလွှဲပြောင်းပေးမည်ဟူသည့် တပ်မတော်၏ကတိအား အထောက်အကူပြုစေရန်တို့အတွက် အဓိကထားသည့် သံတမန်ရေးရာဆုံးဖြတ်ချက်တစ်ရပ်ကို ချပြခဲ့သည်။
ဆန္ဒပြသူများကမူ ရွေးကောက်ပွဲအသစ် ပြုလုပ်ပေးမည်ဟူသည့် တပ်မတော်အစိုးရ၏ ကတိအား အရေးမစိုက်ဘဲ လွန်ခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကိုသာ အသိအမှတ်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာရွေးကောက်ပွဲ၌ မသမာမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပြီးနောက် တပ်မတော်က အာဏာရယူခဲ့ခြင်းဖြစ်သည်။
သို့သော် တပ်မတော်အစိုးရက ရွေးကောက်ပွဲအသစ်အတွက် အချိန်ဇယား ထုတ်ပြန်ခဲ့မှုမရှိသေးပေ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ တရုတ်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ပါဝင်သော နိုင်ငံတကာအသိုင်းအဝန်းက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) ကို မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ညှိနှိုင်းပေးရေး၌ အကူအညီပေးရန် တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားက ရေးဆွဲထားသည့်အစီအစဉ်တွင် တပ်မတော်အစိုးရနှင့် ဆန္ဒပြသူများအကြား အပြန်အလှန်ဆွေးနွေးမှုကို အကူအညီပေးရေးအတွက်လည်း အာဆီယံကို တောင်းဆိုထားကြောင်း အမည်မဖော်လိုသူ အာဏာပိုင်နှစ်ဦးအပြင် ယင်းကိစ္စနှင့်ပတ်သက်နေသည့် တတိယသတင်းရင်းမြစ်တစ်ရပ်ကလည်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီသည် အခြားအာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် တိုင်ပင်ညှိနှိုင်းမှုများအား အပြီးသတ်ပြီးပါက ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားလျက် ယခုထွက်ပေါ်လာသောသတင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆန်ခဲ့သည်။
မြန်မာအရေးနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပရေးတွင် ကွဲပြားခြားနားနေသော အာဆီယံခေါင်းဆောင်များအကြား စုစည်းနိုင်ရေး အထောက်အကူပြုစေရန် ရက်နိုသည် အာဆီယံဒေသတစ်လွှား ခရီးသွားမှုများ ပြုလုပ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ အဆိုပြုချက်သည် အရှေ့တောင်အာရှနိုင်ငံများစွာတို့ထံမှ ခိုင်မာသည့်ထောက်ခံမှု ရရှိထားသော်လည်း လုပ်ဆောင်နေဆဲ သံတမန်ရေးရာအားထုတ်မှု၌ စိန်ခေါ်မှုများရှိနေကြောင်း အဆိုပါ သတင်းရင်းမြစ်သုံးဦးတို့က ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့သည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အများသဘောတူညီချက်ဖြင့် လုပ်ဆောင်ကြောင်း သိရသည်။