ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် သြစတြေးလျတပ်မတော်၏ Vice Chief of the Defence Force ဖြစ်သူ Admiral David Johnston AO RAN တို့ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်စေရေး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ အာဏာသုံးရပ်ကို ခေတ္တထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ တည်ဆဲ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရေးရာမူဝါဒများ ပြောင်းလဲခြင်းမရှိဘဲ အရှိန်ဟုန်မပျက် ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
မြန်မာ့တပ်မတော်သည် သြစတြေးလျ တပ်မတော်ကဲ့သို့ ဒီမိုကရေစီ တပ်မတော်ဖြစ်ပြီး ဒီမိုကရေစီကို လေးစား တန်ဖိုးထားကြောင်း၊ ဒီမိုကရေစီတွင် လူတိုင်း မိမိသဘောဆန္ဒကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သိရှိလိုက်နာလျက်ရှိကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် အရေးပေါ်ကာလ သုံးပတ်ကျော်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှ ရန်လိုသည့် အကြမ်းဖက်ဆူပူမှု (Riot) များ၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သည့် လူအုပ်စု (Anarchy Mob) အသွင်သို့ ပြောင်းလဲခဲ့သည့် နေပြည်တော်၊ မန္တလေး၊ မော်လမြိုင် ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း အနည်းဆုံး အင်အား၊ အနိမ့်ဆုံး အဆင့်မှစ၍ ဥပဒေနှင့်အညီ ဖြေရှင်းခဲ့ခြင်းမှအပ ကျန်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ၌ အင်အားအလွန်အကျွံသုံး၍ နှိမ်နင်းခဲ့ခြင်း မရှိကြောင်းနှင့် လုံခြုံရးတပ်ဖွဲ့ဝင်များအားလုံး ဥပဒေနှင့်အညီသာ အဆင့်ဆင့် ဆောင်ရွက်နေကြောင်းလည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် Vice Admiral David Johnston AO RAN က သိလိုသည့် အချက်များကို ပြန်လည် ဆွေးနွေးခဲ့ပြီး အဆိုပါ ဆွေးနွေးမှုများအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြန်လည် ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။