ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရဲ့ အားလပ်ရက်

ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရဲ့ အားလပ်ရက်
Photo: depositphotos
Photo: depositphotos
Published 22 February 2021
ညိမ်းဧပရယ်

ဒီကြားထဲ အိမ်ကို ဖုန်းဆက်ဖို့က မေ့နေပြန်သေးတယ်။ အမေကတော့ ကျုပ်ကို စိတ်ပူနေတော့မှာပဲလို့ တွေးရင်း အမေ့ဆီ ဖုန်းဆက်တောင်းပန်ရင်း လွမ်းတဲ့အကြောင်းတွေ ဖွဲ့နွဲ့လိုက်ချိန်မှာတော့ မျက်ရည်က သူ့အလိုလို ကျလာရပြန်ပါရောလား။ တစ်ခါတလေ အမေ့ကို စိတ်မပူစေချင်လို့ အရာရာအဆင်ပြေပါတယ်ဆိုတဲ့  “မုသား”ဖြူဖြူတွေကို သုံးရင်း ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်ခဲ့ရတာကြာပါပြီ ...

 

ဒီတစ်ညတော့ ကျုပ် ကောင်းကောင်း အိပ်စက်အနားယူရမယ်လို့ ထင်ထားခဲ့မိပါတယ်။ ညက တိတ်ဆိတ်စ ပြုလာပြီဆိုတော့ ဒီအချိန်ဟာ ည ၁၀ နာရီကျော်ပြီလို့ တွေးမိပြီး ဖုန်းက နာရီကိုကြည့်လိုက်မိတယ်။ ဟုတ်ပါ ရဲ့။ ၁၀ နာရီကျော်ပြီဆိုမှတော့ ကိုယ်ကိုယ်တိုင်ကလည်း မျက်လုံးတွေ မှေးစင်းစပြုလာနေပြီပေါ့။ အဲဒီအချိန်မှာပဲ အောက်ထပ်ငါးလွှာရဲ့သံပန်းတံခါးကို ဂျိမ်းခနဲမြည်အောင် ဖွင့်သံပိတ်သံနဲ့အတူ အမျိုးသားတစ်ယောက် ဆီက ကျယ်လောင်တဲ့စကားသံတချို့ကို ကြားလိုက်ရပြန်တယ်။ သြော် သူ ပြန်လာတာ ကို သူ့မိသားစု သိအောင် အသံပေးတာပဲလို့ ဖြည့်တွေးပေးမိပေမဲ့ နားဝင်မချိုခဲ့တာက တော့ သေချာပါတယ်။ တကယ်တမ်းကျ ကျုပ် အရမ်းပင်ပန်းပြီး အိပ်ချင်နေခဲ့တာ အမှန်ပါ။ ဒီနေ့ စနေနေ့ဆိုပေမဲ့ နေ့တစ်ဝက်ပဲ ရုံးတက်ရမယ်ထင်ပြီး ပျော်နေခဲ့မိတဲ့ ကျုပ် အဖြစ်က ၂ နာရီမှာ အစည်းအဝေးရှိတယ် ဆိုပြန်တော့လည်း ငြီးငွေ့စွာနဲ့ “ထိုင်လိုက် စမ်းဦးဟဲ့ သုံးနာရီလောက်”ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမိန့်ပေးလိုက်မိပါတယ်။ ပိုဆိုးတာ က ရုံးပိတ်ရက်တွေဆိုရင် တိုက်ခန်းကနေ အောက်ဆင်းဖို့ စိတ်မကူးတတ်ခဲ့တဲ့ကျုပ် ရုံးဆင်းချိန်မှာ စျေးထဲ ဝင်ပြီး လိုအပ်မယ်ထင်တာလေးတွေ စဉ်းစားဝယ်ရင်း လက်နှစ်ဖက်စလုံး ပစ္စည်းအပြည့်နဲ့ ဖြစ်ပြီး ပြန်လာခဲ့ရပြန် ပါတယ်။ ဒါကတော့ ကိုယ့်ဝမ်းစာအတွက်ပဲ ကိုယ်မသယ်နိုင်လည်း ဘယ်သူက လာကူသယ်ပေးမှာမို့လဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း လှေကားထစ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရတဲ့ ညနေပေါင်းတွေကရော နည်းမှ မနည်းတော့တာလေ။

အိမ်ပြန်ရောက်တော့လည်း ဝယ်လာတာလေးတွေ အစီအစဉ်တကျ ထားပြီး ချက်ပြုတ်လျှော်ဖွတ်ရေချိုးပြီး ထမင်းစားမယ်ရှိသေး ၈ နာရီကထိုးနေပြီ။ ဒီကြားထဲ အိမ်ကို ဖုန်းဆက်ဖို့က မေ့နေပြန်သေးတယ်။ အမေက တော့ ကျုပ်ကို စိတ်ပူနေတော့မှာပဲလို့ တွေး ရင်း အမေ့ဆီ ဖုန်းဆက်တောင်းပန်ရင်း လွမ်း တဲ့အကြောင်းတွေ ဖွဲ့နွဲ့လိုက်ချိန်မှာတော့ မျက်ရည်က သူ့အလိုလို ကျလာရပြန်ပါရော လား။ တစ်ခါတလေ အမေ့ကိုစိတ်မပူစေ ချင်လို့ အရာရာအဆင်ပြေပါတယ်ဆိုတဲ့ “မုသား”ဖြူဖြူတွေကိုသုံးရင်း ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်ခဲ့ရတာကြာပါပြီ။ တကယ် တမ်း အိမ်နဲ့ တစ်ခါမှ မခွဲဖူးတဲ့ ကျုပ်လိုလူ တစ်ယောက်အတွက်တော့ လွမ်းဆွတ်ခြင်း ဆိုတာဟာ အနာဖေးတစ်ခုလိုပါပဲ။ ထိမိတိုင်း ယားသလို မကုတ်မိအောင်နေမယ်ဆို တဲ့ စိတ်ရှိပေမဲ့ ကုတ်မိနေရတာပါပဲ။ ဒီလိုနဲ့ ရင်နဲ့မဆံ့တဲ့ အတွေးများစွာကြောင့် အိပ် မပျော်ရတဲ့ ညတွေလည်း အကြိမ်ကြိမ်ဖြစ် နေတတ်တာ နှစ်ချို့နေခဲ့ပါပြီ။ အိမ်ကို လွမ်းတိုင်း အလုပ်ပိုကြိုးစားပြနေလည်း ရာထူးပဲ တိုးပြီး လစာ မတိုးတဲ့ အလုပ်မျိုးကို ကြုံဖူးကြည့်လိုက်စမ်းပါ။ ကံကောင်းထောက်မနဲ့ သုံးလတစ်ကြိမ် နှစ်သောင်းတိုးတယ်ဆို လည်း ကျေနပ်နေရမှာက ကျုပ်တို့ဝန်ထမ်းတွေပဲ မဟုတ်ပါလား။

ထားပါတော့ဗျာ။ တစ်နေ့ အဆင်ပြေ သွားမှာပါလို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အိပ်တော့မယ်ဆိုကာမှပဲ အောက်ထပ်အခန်း က သီချင်းဖွင့်သံနဲ့အတူ ကလေးတွေ တဒုန်း ဒုန်း ခုန်ပေါက်နေတဲ့အသံက ဆူညံနေကြပြန် ပါရောလား။ သေလိုက်စမ်း။ ဆိုးလိုက်တဲ့ ကံပါလားနော်လို့ ကိုယ့်ကိုယ်ကိုယ် ညည်းတွားမိ ရင်း ဒီလိုသာဆို ဘယ်အချိန်မှ ကျုပ်အိပ်ခွင့် ရတော့မှာပါလိမ့်။ ဒီအသံတွေကရော ဘယ် တော့များမှ ရပ်သွားကြမှာပါလိမ့်နော်။ တခြား တိုက်ခန်းတွေကရော ဒီလောက်ဆူညံ နေတာကို မပြောကြတော့ဘူးတဲ့လား။ ဘေး ပတ်ဝန်းကျင်က တိုက်တွေကရော မအိပ်ဘဲ နေတော့မှာမို့ ဆူတယ်လို့မထင်မိကြဘူးလား ဗျာ။ အိပ်မရတော့မယ့်အတူတူ စိတ်ပျက် လက်ပျက်နဲ့ ဝရန်တာဘက် ထွက်ကြည့်လိုက် တော့မှပဲ ကြည်ညိုချင်စရာကောင်းလွန်းလှ တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုဖူးမြော်မိပြီး စိတ်ချမ်းမြေ့ရပါတော့တယ်။ ဒီလိုနဲ့ ညဉ့်လည်း အတော်နက်လာပြီ။ ဆူညံ မှုတွေလည်း ရပ်စဲသွားလုနီးပါးဖြစ်နေပြီဆိုမှတော့ ကဲ အိပ်လိုက်ပါတော့မယ်။

အိပ်လို့ကောင်းနေပြီဆိုကာမှ “ပဲပြုတ်” တဲ့။ အို ဟုတ်ပါရဲ့ဗျာ စားတော်ပဲပြုတ်ကို ပဲပြုတ်ဆိုတဲ့အသံနဲ့ အစချီပြီး ကောက်ညှင်း ပေါင်းပူပူလေးနဲ့ တွဲရောင်းတဲ့အစ်မကြီး အသံကြားရပြီဆိုမှတော့ ၅ နာရီ ထိုးပြီးပြီဆို တာသေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ အသံလောက်နဲ့တော့ ကျုပ်က ဖြုံမယ်လို့ ထင်နေသလား။ အနည်းဆုံး တစ်နာရီလောက်တော့ ထပ်အိပ်လိုက်ဦးမယ်ပေါ့။ ဒီတစ်ခါမှာ တော့ “သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း တို့ခင်ဗျား ဤလမ်းထဲသို့ အပတ်စဉ် တနင်္ဂ နွေနေ့တိုင်း” သဘောပေါက်လိုက်ပါပြီ။ ဒီ လိုဆွမ်းခံတဲ့ အသံပြီးရင် “ပေါင်မုန့်၊ ပေါင်မုန့် အိအိလေး”ဆိုတဲ့ ဦးလေးကြီးလာမယ်။ ခဏ နေရင် အမှိုက်တွန်းလှည်းတွေဆီက “အမှိုက်”ဆိုပြီး ကလေး၊ လူကြီးတွေရဲ့ ကွဲလွဲတဲ့အသံ ပေါင်းစုံနဲ့ အော်သံတွေကြားရတော့မယ်။ အောင်မယ် ဒီမနက် ရေသန့်မှာရမယ်ဆိုကာ မှ ရေသန့်ဆိုတဲ့ အော်သံကိုတောင် မကြားမိ ပြန်ပါလားပေါ့။ သြော် ဘာရယ်တော့မဟုတ် ကျုပ်ကလည်းနော် ဖုန်းဆက်ရမယ့် ရေသန့် ဆီ စိတ်မရောက်ဘဲ လမ်းထဲကရေသန့်အော် သံကို ကြားချင်နေမိပါသေးရဲ့။ နောက်ထပ် ကြားရမယ့် “၀ိှုက်ဘုတ်” တို့၊ ၀ါးလုံးအရှည် ကို “ဝလုံးဝလုံး”လို့ အော်သံတွေ မလာခင် အမြန်ထမှရပါတော့မယ်ဆိုပြီး ကိုယ့်ကိုယ် ကိုယ် နှိုးဆော်လိုက်ရပါတယ်။

မနက်မိုးလင်းပြီဆိုတော့လည်း မျက်နှာသစ်ပြီး ထမင်းချက်ဖို့ ပြင်ရဦးမယ်ပေါ့။ ဘုရားဆွမ်းတော်ကပ်ပြီး ပရိတ်ပဋ္ဌာန်းလေးတွေ ရွတ်လိုက်ရပြန်တော့လည်း စိတ်ထဲမှာ အလိုလို ငြိမ်းအေးသွားရသလိုပါပဲ။ ရုံးပိတ် ရက်တွေမှာ အခန်းသန့်ရှင်းရေးလုပ်၊ စောင် လျှော်ခြင်ထောင်လျှော်နဲ့ပဲ ကျုပ်အတွက် မနက်စာဆိုတာ ဘာမှန်း မသိခဲ့ရပါဘူး။ စား သောက်ပြီးလို့ နေ့လယ်နေ့ခင်း အနားယူရင်း အိပ်ရာထဲမှာ Facebook သုံးမယ်ဆိုပြီး လိုင်း လေး ကောက်ဖွင့်ရုံရှိသေး တစ်တုံတုံနဲ့ MD ဆီက မှာတမ်းတချို့ ဝင်လာပါပြီ။ ဘာတဲ့      “တခြားသူတွေ ခိုင်းရင် စိတ်မချရလို့”ဆိုတဲ့ နိဒါန်းနဲ့ အစပျိုးပြီး “မနက်ရုံးရောက်ရင် Client တစ်ဦးက ဒီဇိုင်းအသစ်ပေးမယ် ပြော ထားလို့ အဲဒါ ၁၀ နာရီဝန်းကျင်လောက် ရုံး ကားတစ်စီးနဲ့ သွားယူပေးထားပါ”ဆိုပဲ ကောင်းရောဗျာ။ အဲဒါလား ကျုပ်လိုဝန်ထမ်း တစ်ယောက်ရဲ့ အားလပ်ရက်ဆိုတာ ပြန်မ ပြောချင်လောက်တဲ့ သံယောဇဉ်ဆိုတာ ဒါမျိုး ပဲနေမှာပါပေါ့။ လိုင်းပိတ်ပြီး အိပ်မယ်ဆိုပြန် တော့လည်း “ကယ်ကြပါဦး ငါ့ကို၊ ဟယ် ငါ သေတော့မယ် ငါ  သေတော့မယ် လာကယ်ပါ ဦး” ဆိုလို့ ခေါင်းထောင်ကြည့်မိတော့ ဘေး နားက Mobile Legend ကစားနေတဲ့ အ ဆောင်ထဲက ကလေးတစ်ယောက်။ စိတ် ပေါက်ပြီး အော်လိုက်မယ်ဆိုပြန်တော့ ပြုံးပြီး  ကိုယ့်ကို လှည့်ကြည့်နေတဲ့ သူ့မျက်နှာကြောင့် မအော်ရက်ခဲ့ပြန်ပါဘူး။ ဒီလောက်မှဖြစ်လှတာ ကဲဟယ် လျှော်ထားတဲ့အဝတ်တွေ အ ကုန်ရုပ်ပြီးပဲ မီးပူထိုင်တိုက်တော့မယ် ဆို ကာမှ “ကောက်ညှင်းပေါင်း၊ ဆီထမင်းပူပူ လေး”တဲ့ စားချင်စိတ်ဖြစ်မိပေမဲ့လည်း သွား ဆင်းဝယ်ဖို့တော့ စိတ်တောင် မကူးချင်ခဲ့ပါ ဘူးလေ။ နောက်ဆက်တွဲအသံတချို့ကတော့ “ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ ထန်းလျက် မုန့်လက်ဆောင်း”တဲ့လေ။ ပြီးတော့ “မုန့်လက်ကောက်” နဲ့ “အသုပ်စုံ”ဆိုတဲ့အော် သံတွေနဲ့အတူ တမှောင်မှောင်နဲ့ အချဉ်ပေါင်း သည်ပါ ရောက်ရှိလို့လာခဲ့ပါပြီပေါ့နော်။

သြော် တကယ်တော့သူတို့တွေလည်း ရိုးရိုးသားသား ဝမ်းစာ ရှာနေကြတာပါပဲလေဆိုတဲ့ အတွေးက ဝင်လာပြန်တော့ နားညည်းတာတွေ ပျောက်ပြီး ကိုယ်ချင်းစာမိခဲ့ ရပြန်ပါရော။ ဒါပေမဲ့ ဒီနေ့က ကျုပ်ရဲ့အမှန် အကန် အားလပ်ရက်ဗျ။ ညကျရင်ရော အောက်ထပ်က သီချင်းသံနဲ့ တဒုန်းဒုန်း က ခုန်နေတာတွေ ထပ်ကြားရဦးမှာပဲလား။ ဒါမှ မဟုတ် “ဘယာကြော်၊ စမူဆာပူပူလေး”နဲ့   “သကြားမုန့်ဖတ်ထုပ်ပူပူလေး” ဆိုပြီး ညဉ့် နက်မှ အရှေ့လျှောက် အနောက်လျှောက်  ခေါက်တုံ့ခေါက်ပြန်အော်နေမယ့် ကလေးတွေရဲ့အသံကိုရော ကျုပ် ထိုင်ပြီး နားထောင် ပေးရဦးမှာပဲလား။ သေချာတာတစ်ခုက အခု လောလောဆယ် ထီရောင်းနေသူရဲ့လှည်းဆီ မှာ ဖွင့်ထားတာကတော့ “ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည် ရတနာ ခုနစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသား တိုင်းပြည်”တဲ့လေ။ အဆိုတော်ကြီး ဦးသုမောင်ရဲ့ နဂါးနီ သီချင်းအသံပေါ့ဗျာ။ ဘာပဲ ပြောပြော ဒီသီချင်းအသံလေးက ကျုပ်အား လပ်ရက်အတွက် အားတက်စေခဲ့ရတဲ့ အား ဆေးတစ်ခွက်ဆိုရင်လည်း မှားနိုင်မယ်မထင် ပါဘူးလို့ပဲ သတ်မှတ်ထားလိုက်ပါတော့တယ်။

Most Read

Most Recent