ကိုရိုနာကပ်ဘေးကာလအတွင်း ပြိုလဲခဲ့တဲ့ ကြက်သွန်တောင်သူများ

ကိုရိုနာကပ်ဘေးကာလအတွင်း ပြိုလဲခဲ့တဲ့ ကြက်သွန်တောင်သူများ
ကြက်သွန်ရိတ်သိမ်းနေသော တောင်သူအချို့ကို တွေ့ရစဉ်
ကြက်သွန်ရိတ်သိမ်းနေသော တောင်သူအချို့ကို တွေ့ရစဉ်
Published 21 February 2021
သက်ထိန်ဝင်း (ပခုက္ကူ)

၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုဟာ အခုဆို တစ်နှစ်ကျော်ကာလကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ကပ်ရောဂါဆိုးကြောင့် ဘဝတွေ ပြိုလဲ၊ အလုပ်အကိုင်တွေဆုံးရှုံးခဲ့ပြီး လူအတော်များများကို အဆင်မပြေမှုတွေ ကြုံတွေ့စေခဲ့ပါတယ်။ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို မြန်မာပြည်အလယ်ပိုင်းက တောင်သူတွေလည်း ခံစားခဲ့ရပြီး စျေးကွက်ပြိုလဲကြောင့် ထိခိုက်မှုတွေ များပြားခဲ့ပါတယ်။ အထူးသဖြင့် ရာသီချိန် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်တဲ့ ကြက်သွန်သီးနှံဟာ စျေးကွက် ပြိုလဲခဲ့ရပါတယ်။

ပခုက္ကူနယ်က ကြက်သွန်စိုက်တောင်သူ

ပခုက္ကူခရိုင်ထဲက ရေစကြိုမြို့နယ်ဆိုရင် ချင်းတွင်းမြစ်ရော ဧရာဝတီမြစ်ရော ဖြတ်သန်းစီးဆင်းတဲ့ ဒေသဖြစ်ပါတယ်။ မြစ်ရေဝင်ဒေသဖြစ်တာကြောင့် ဆောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်း အဓိကထားရတဲ့ နယ်။ ယခင် ဆေးရွက်ကြီး အစိုက်များခဲ့ပေမဲ့ အခုချိန်မှာတော့ ကြက်သွန်၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနဲ့ ပြောင်းတွေပဲ စိုက်ပါတော့တယ်။ စိုက်ပျိုးသီးနှံတွေထဲကမှ တောင်သူတွေ အကျိုးအမြတ် များများစားစားရနိုင်တာ ကြက်သွန်ဆိုတော့ တစ်နယ်လုံးနီးပါး ကြက်သွန်ကို အဓိကထားစိုက်ပြီး တချို့လည်း သီးညှပ်နဲ့ စိုက်ကြပါတယ်။ ကြက်သွန်စိုက်ပျိုးရေးဟာ မဖြစ်မနေလုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုအဖြစ် ရွေးချယ်စရာအကောင်းဆုံး လုပ်ငန်းတစ်ခုပါပဲ။

ကြက်သွန်အများဆုံးထွက်တဲ့ ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်တွေဆိုရင်လည်း တောင်ကျချောင်းများ စီးဆင်းတာကြောင့် ဆောင်းသီးနှံစိုက်ပျိုးရေးကို အားထားရတဲ့ ဒေသတွေပါ။ မိုးကာလပြီးဆုံးလို့ ချောင်းအတွင်း ပေါ်ထွန်းလာတဲ့မြေနုကို ပြုပြင်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရတာပါ။ အာလူး၊ ကြက်သွန်သီးနှံ အများဆုံးစိုက်ကြပါတယ်။ ဒီသီးနှံထဲက ကြက်သွန်သီးနှံဟာ အကျိုးအမြတ်များတာကြောင့် တောင်သူတွေ မဖြစ်မနေစိုက်တဲ့သီးနှံလည်း ဖြစ်ပါတယ်။ ပခုက္ကူနယ်ထဲက မြစ်ချောင်းဘေးဒေသတွေမှာ ကြက်သွန်စိုက်ပျိုးရေးလုပ်ငန်းဟာ အဓိကစီးပွားရေးလုပ်ငန်းလို့ ပြောလို့ရပါတယ်။

ကိုရိုနာကပ်ဘေးမတိုင်မီက ကြက်သွန်စျေးကွက်

ပခုက္ကူ ကြက်သွန်စျေးကွက်ဆီကို ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ ပုလဲ၊ မင်းတိုင်ပင်နဲ့ တောင်သာနယ်က  တောင်သူတွေရဲ့ ကြက်သွန်တွေ ဝင်ရောက်ရောင်းချပါတယ်။ ကုန်ဝင်များတဲ့ သီးနှံပေါ်စ ရက်ဆိုရင် ပိဿာချိန် နှစ်သိန်းကျော်၊ သုံးသိန်းအထိ ရှိတတ်ပါတယ်။ ပခုက္ကူကြက်သွန်ကုန်သည်များက တစ်ဆင့် မြန်မာနိုင်ငံအနှံ မြို့တွေဆီတင်ပို့ ရောင်းချပါတယ်။ နိုင်ငံခြားဝယ်လက် တရုတ်အတွက် မူဆယ်၊ အိန္ဒိယဝယ်လက်အတွက် တမူး၊ ဘင်္ဂလားဒေ့ရှ် ဝယ်လက်အတွက် မောင်တောနဲ့ ထိုင်းဝယ်လက် မြဝတီမြို့တွေအထိ တင်ပို့ရောင်းချပါတယ်။

၂၀၂၀ ပြည့်နှစ် မတိုင်မီ ပခုက္ကူကြက်သွန်စျေးကွက်ဟာ အကောင်းဘက်မှာရှိပြီး နိုင်ငံခြားဝယ်လက်တွေကြောင့် စျေးနှုန်းမြင့်မားပါတယ်။ တောင်သူတွေလည်း အကျိုးအမြတ်များခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်လောက်ကနေ ၂၀၁၉ ခုနှစ်အထိ ကြက်သွန်စျေးကွက် စျေးနှုန်းခိုင်မာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွေမှာ ကြက်သွန် တစ်ပိဿာ ကျပ် ၁၀၀၀ နဲ့အထက် ပေါက်စျေးရှိခဲ့ပါတယ်။ စျေးနှုန်းကျဆင်းမှုရှိတဲ့ အချိန်မှာလည်း အနိမ့်ဆုံးစျေး တစ်ပိဿာ ကျပ် ၅၀၀ သည် တောင်သူအတွက် အရင်းတော့ ပြန်ရပါတယ်။

စျေးကွက် စတင်ကျဆင်းလာချိန်

ကြက်သွန်စျေးကွက်ဟာ ၂၀၂၀ ပြည့်နှစ် နှစ်လယ်လောက်စပြီး ကျဆင်းလာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလကနေ သြဂုတ်လလောက်အထိ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားပါတယ်။ သီးနှံပေါ်ချိန်မှာ ကုန်ရောင်းချနိုင်ခြင်း မရှိတာကြောင့် စျေးကွက်မှာ ကုန်လက်ကျန်များလာပါတယ်။ ဝယ်လိုအားနည်းပြီး ကုန်ဝင်များတာကြောင့် ကုန်သည်တွေလည်း ကုန်ဝယ်ဖို့အခက်အခဲတွေ ရှိလာပါတယ်။ တောင်သူက စျေးချရောင်းလိုက် ကုန်သည်က စျေးချဝယ်လိုက်နဲ့ ကြက်သွန်တစ်ပိဿာ ကျပ် ၆၀၀ ဝန်းကျင်ကို ဇွန်လလောက်မှာပဲ ရောက်ရှိပါတယ်။ ဒီစျေးနှုန်းဟာ တောင်သူတွေအတွက် ရောင်းသာသေးတော့ မဆိုးသေးပါဘူး။

သြဂုတ်လကုန်လောက်မှာ ကုန်စည်ပြန်ပြီး စီးဆင်းလာပေမဲ့ အကောင်းဆုံး အနေအထား မရှိသေးပါဘူး။ အထူးသဖြင့် နယ်စပ်ရောင်းဝယ်ရေး ကောင်းမလာသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းမှာတော့ ကြက်သွန်စျေးကွက် လုံးဝပြိုလဲသွားပါတယ်။ ကုန်လက်ကျန်တွေများချိန် သီးနှံသစ်က ထပ်ပေါ်လာပါတယ်။ တောင်သူကလည်း မရောင်းလို့မဖြစ်။ ကုန်သည်ကလည်း မဝယ်နိုင်နဲ့ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းမှာ ကြက်သွန် တစ်ပိဿာ ကျပ် ၁၀၀ လောက်အထိ ရောက်သွားပါတယ်။ တောင်သူတွေ အရင်းလုံးဝ မရတော့တဲ့အပြင် စျေးကွက်ထဲ လာရောင်းတဲ့ လုပ်သားခနဲ့ သယ်ယူစရိတ်ပါ အိတ်ထဲက စိုက်ရပါတော့တယ်။

“တောင်သူတွေ လာရောင်းလို့ရှိရင် အကြီးအသေး အရွယ်စုံပါတယ်။ အဲဒါကို ကျွန်တော်တို့က ခွဲခြားပြီး စျေးဖြတ်ပြီဆိုရင် ဂျွန်မှ တစ်ပိဿာ ၁၀၀ လောက်ပဲ ရတော့တယ်။ ပိဿာ ၂၀၀ လောက် လာရောင်းမှ ငွေ ၂၀၀၀၀ လောက်ရတာ။ အဲဒီအထဲကနေ ကားခ၊ အလုပ်သမားခနဲ့ ပွဲခနုတ်ပြီး တောင်သူ ငွေရှင်းရတော့ တောင်သူမှာ ငွေတစ်သောင်းပြည့်အောင်မရတော့ အားနာတယ်။ တချို့ ၁၀ ပိဿာလောက် လာရောင်းတဲ့သူ ဆိုရင် ငွေ ၁၀၀၀ ပြည့်အောင် မရတော့ဘူး။ ဒီအခြေအနေမျိုးဖြစ်မယ်လို့ ကျွန်တော်တို့လည်း မထင်ခဲ့သလို တောင်သူတွေလည်း မထင်ပါဘူး။ ကုန်သည်တွေလည်း ဒီနေ့ တစ်ပိဿာ ၂၀၀ စျေးနဲ့ ဝယ်လိုက်၊ နောက်နေ့ ၁၀၀ ဖြစ်သွားလိုက်နဲ့ ကုန်သည်လည်း လုပ်ကိုင်ကောင်းတဲ့ အနေအထား မဟုတ်ဘူး” ဟု ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးစိန်က ပြောပါတယ်။

တောင်သူတွေအနေနဲ့ ကြက်သွန် တစ်ဧကစိုက်တဲ့ ကုန်ကျစရိတ်ဟာ မနည်းပါဘူး။ ချောင်းမြေပဲ ဖြစ်ဖြစ်၊ မြစ်ရေဝင် ကျွန်းမြေပဲ ဖြစ်ဖြစ် ပြုပြင်မှုလုပ်ရတယ်။ မြေသြဇာထည့် ရတယ်။ ပျိုးထောင်တာ၊ ရေသွင်းတာနဲ့ ရိတ်သိမ်းခအထိအောင် တစ်ပိဿာ ထုတ်လုပ်မှုစရိတ် အနည်းဆုံး ကျပ် ၄၀၀ လောက်ကုန်ကျပါတယ်။ စိုက်ချိန်ရောက်လို့ အရင်းမရှိလည်း ရှာကြံပြီး စိုက်ပျိုးရတယ်။ သီးနှံပေါ်တာနဲ့ ထိုက်သင့်သလောက် ရောင်းချပြီး ကြွေးပူဆပ်ရတယ်။

“ ကြက်သွန်က အရင်းအနှီးကြီးတယ်။ တခြားသီးနှံနဲ့စာရင် အမြတ်လည်း ကြီးတယ်။ တောင်သူက စွန့်ပြီးလုပ်ရတာ။ မြတ်ရင်လည်း အတော်ပြေရော။ ဝယ်သူမရှိလို့ ရှုံးပြီဆိုရင်လည်း အရင်းကို ပြန်မရတဲ့အပြင် အိတ်ထဲကထပ်စိုက်ပြီး ရိတ်သိမ်းပြီး လွှင့်ပစ်ရတယ်။ ဒီနှစ်ဆိုရင် တချို့တောင်သူက သယ်ယူစရိတ်အကုန်ခံပြီး မရောင်းတော့ဘူး။ ရိတ်လည်း မရိတ်တော့ဘူး။ ထွန်စက်ငှား စိုက်ခင်းဖျက်တယ်။ အကုန်လုံးကို မွှေနောက်ပြီး မြေသြဇာလုပ်ပစ်လိုက်ကြတာ” ဟု တောင်သူ ကိုနီလုံးက ပြောပါတယ်။

“ စျေးကျတာများ ရောင်းနေသေးတယ်။ စျေးတက်သည်အထိ စောင့်ရောင်းလေ” လို့ ပြောသူတွေရှိပေမဲ့ ကြက်သွန်ဟာ တာရှည်ခံသီးနှံမဟုတ်ပါဘူး။ ကုန်စိမ်းသီးနှံ ဖြစ်တာကြောင့် သီးနှံပေါ်တာနဲ့ ရောင်းရတဲ့ ကုန်ပစ္စည်း။ စျေးကျလည်းရောင်း၊ စျေးတက်လည်း ရောင်း။ စျေးကောင်းရင် စံ၊ စျေး ကျရင် တောင်သူခံပေတော့ဆိုတဲ့ အလောင်းအစားလုပ်ရတဲ့လုပ်ငန်း။

“ ကြက်သွန်စပေါ်ချိန်မှာ အစိုဓာတ်ရှိတော့ အလေးချိန်လည်း စီးတယ်။ ရိတ်ပြီးစချိန်လိုက်လို့ တစ်ဧက ပိဿာ ၃၀၀၀ ထွက်တယ်ဆိုရင် နောက်တစ်ပတ်လောက်ကြာတာနဲ့ ပိဿာချိန်က ၂၉၀၀ လောက် ရောက်သွားပြီ။ မရောင်းဘဲထားလေ အစိုဓာတ်ခန်းပြီး အလေးချိန်လျော့လေပဲ။ ကျန်တဲ့သီးနှံလို အလွယ်တကူ သိမ်းမရဘူး။ သေချာကို လေထွက်လေထွက်ကောင်းအောင် လုပ်ထားတဲ့ ဂိုဒေါင်တွေထဲ သိမ်းရတာ။ တောင်သူအတွက်တော့ စျေးတက်ချိန် စောင့်ရောင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စပါ” လို့ တောင်သူ ကိုဖိုးစန်းက ပြောပါတယ်။

ကြက်သွန်စျေးကွက် ဘယ်ကိုဦးတည်နေသလဲ

ကိုရိုနာဗိုင်းရပ်စ် မပြီးဆုံးသေးချိန်မှာ နိုင်ငံရေး ပြဿနာပေါ်ပေါက်လာပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရောင်းဝယ် ရေးလုပ်ငန်းတွေ ထိခိုက်မှုတွေ ရှိပါတယ်။ ဆန်နဲ့ ဆီကလွဲရင် ကျန်တဲ့တောင်သူလုပ်ငန်း အကောင်းဘက်မှာ မရှိပါဘူး။ နှမ်းတို့အခြားသော ပဲအမျိုးမျိုးလည်း စျေးအကျဘက်မှာပဲ ရှိပါတယ်။ နယ်စပ်တွေကို တင်ပို့ရောင်းချနိုင်တဲ့ အနေအထားလည်း မရှိပါဘူး။ ကြက်သွန်လည်း အသစ်ပေါ်စဖြစ်တာကြောင့် ကုန်စည်အသစ်တွေလည်း စျေးကွက်ထဲ ရောက်လာဦးမှာပါ။ ဝယ်လိုအားနည်းချိန် ရောင်းလိုအားမြင့်တက်နေသေးရင် စျေးကွက်က ကောင်းလာဖို့ မရှိပါဘူး။ တောင်သူတွေအနေနဲ့ အနာဂတ်ကို စိတ်ကူးကောင်းကောင်းနဲ့ ပုံဖော်လို့ မရနိုင်တာတော့ အသေအချာပါပဲ။