CERP နှင့် MERRP တို့ကို ပြန်လည်သုံးသပ်ပြီး အကောင်အထည်ဖော်နိုင်မည့်လုပ်ငန်းစဉ်များ ဦးစားပေးဆောင်ရွက်မည့် ကိုဗစ်ကော်မတီနှင့် ပြန်လည်ဖွဲ့စည်းမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)

CERP နှင့် MERRP တို့ကို ပြန်လည်သုံးသပ်ပြီး အကောင်အထည်ဖော်နိုင်မည့်လုပ်ငန်းစဉ်များ ဦးစားပေးဆောင်ရွက်မည့် ကိုဗစ်ကော်မတီနှင့် ပြန်လည်ဖွဲ့စည်းမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 21 February 2021
နီလာ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ဖွဲ့စည်းမည်

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ခွင့်ပြုမိန့်၊အတည်ပြုမိန့်ထုတ်ပေးမည့်မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို ပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်နေသည်။

MIC ပြန်လည်ဖွဲ့စည်းပြီးသည့်အခါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များအတွက် ခွင့်ပြုမိန့်၊အတည်ပြုမိန့်များ ထုတ်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကြေညာချက် (၁/၂၀၂၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုလွယ်ကူစေရေး၊ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်ဥပဒေနှင့်အညီ အကာအကွယ်ပေးရေးအတွက် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းမှုမြှင့်တင်၍ ဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်မည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်  မရှင်၏ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိပြီးသည့်လုပ်ငန်းများ  သက်ဆိုင်ရာ ဝန်ကြီးဌာန၊အဖွဲ့အစည်းများထံမှ လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သည့်ခွင့်ပြုမိန့်၊ လိုင်စင်စသည်တို့ ဆောလျင်စွာထုတ်ပေးနိုင်ရေးသက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

လုပ်ငန်းများလည်ပတ်ဆောင်ရွက်ရာတွင် အခက်အခဲများ၊ အဆင်မပြေမှုများ ပေါ်ပေါက်လာပါက  ချက်ချင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်းကာ ကူညီဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖွဲ့စည်းပြီးသည့်အခါ တိုင်းဒေသကြီးနှင့်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများကိုဆက်လက်ဖွဲ့စည်းမည်ဖြစ်သည်။ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကော်မတီများကို  ဆက်လက် ဖွဲ့စည်းပြီးနောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည်ဟု ဖော်ပြထားသည်။

သို့ဖြစ်ရာ ကော်မရှင်အသစ်အနေဖြင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး ဖိတ်ခေါ်နိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။ထို့ပြင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံအခြေအနေများကြောင့် ပြည်တွင်း၌ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ ရပ်ဆိုင်းရန် ပြင်ဆင်ခြင်း၊ အချို့မှာ ရပ်ဆိုင်းခြင်းပြုလုပ်နေမှုများကလည်း ကော်မရှင်အသစ်အတွက် စိန်ခေါ်မှုများအဖြစ် ရှိနေမည်ဖြစ်သည်။

အခြားတစ်ဖက်တွင် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ပြန်လည်သုံးသပ်ရန် ဆောင်ရွက်နေသည်။

CERP နှင့် MERRP တို့ကို ပြန်လည်သုံးသပ်မည့် ကိုဗစ်ကော်မတီ

CERP နှင့် MERRP တို့ကို ပြန်လည်သုံးသပ်ပြီး ဆောလျင်စွာ အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းစဉ်များ ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)တွင် ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်ရှိကော်မတီအနေဖြင့်  စီးပွားရေးပြန်လည်ဦးမော့စေရေး  (Recovery) အတွက် အဓိကဦးတည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ယခင်ရေးဆွဲခဲ့သည့် COVID-19 Economic Relief Plan (CERP) နှင့် Myanmar Economic Recovery and Reform Plan (MERRP) တို့ကို ပြန်လည်သုံးသပ်ပြီး အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းအစီအစဉ်များရေးဆွဲပြီး လိုအပ်သလို စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ထိုလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေးအတွက် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်သည်။

COVID-19 ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၄ ခုသို့ ကျပ် ၁၀၁ ဒသမ၉၂၈၃ ဘီလျံကို လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၂၉၃၉ ခုသို့ ချေးငွေကျပ် ၆၄ ဒသမ ၆၆၈၀ ဘီလျံ ခွင့်ပြုပေးထားသည်။

COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (CERP) အရ ချေးငွေထုတ်ချေးမှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးခဲ့မှုများ အပါအဝင် ထောက်ပ့ံငွေ ကျပ် ၉၄၀ ဘီလျံကျော်ဖြင့် စုစုပေါင်းအသုံးစရိတ်ကျပ် ၁၉၈၉ ဘီလျံကျော်သုံးစွဲထားကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှသိရသည်။

CERP Action Plan အရ အသုံးစရိတ်များအနက် ချေးငွေထုတ်ချေးမှုတွင် တောင်သူလယ်သမားများအတွက် ကျပ်ဘီလျံ ၆၀၀၊ MNA အတွက် ကျပ် ၃၄ ဘီလျံ၊MSME Fund အတွက် ကျပ်ဘီလျံ ၂၀၀၊MFI အတွက် ကျပ်ဘီလျံ ၁၀၀၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းများအတွက် ကျပ်ဘီလျံ ၁၀၀ နှင့် ရုပ်ရှင်၊ ဂီတ၊ ဘဘင် လုပ်ငန်းများအတွက် ကျပ် ၁၅ ဘီလျံဖြင့် စုစုပေါင်း ၁၀၄၉ ဘီလျံရှိသည်။

ထောက်ပံ့ခဲ့မှုများတွင် အိမ်ထောင်စုများအတွက် ကျပ် ၃၆၃ ဒသမ ၀၆၉ ဘီလျံ၊ တနင်္သာရီဓာတ်အားခအတွက် ကျပ် ၆ ဒသမ ၀၈၂ ဘီလျံ၊အရန်ဆန်နှင့်စားအုန်းဆီအတွက် ကျပ် ၃၈ ဒသမ ၁၃၆ ဘီလျံ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကျပ် ၉၂ ဒသမ ၆၁၂ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကျပ်  ၂၆၇ ဒသမ ၉၀၃ ဘီလျံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအတွက် ကျပ် ၃၅ ဒသမ ၉၂၃ ဘီလျံ ၊ ရွေးကောက်ပွဲအတွက် ကျပ် ၅ ဒသမ ၀၇၆ ဘီလျံ၊အိမ်ခန်းပေါင်း ၁၀၀၀၀ အတွက် ကျပ်ဘီလျံ ၁၃၀၊ Core Group/ထွေအုပ်စာရေး ဝန်ထမ်းအတွက် ၁ ဒသမ ၈၃၂ ဘီလျံနှင့် ကြက်ငှက်တုပ်ကွေးအတွက် သုညဒသမ ၁၄၃  ဘီလျံဖြင့် စုစုပေါင်းထောက်ပံ့ ငွေကျပ် ၉၄၀ ဒသမ ၇၇၆ ဘီလျံရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့် ထိခိုက်မှုများ လျော့ပါးစေရေးကုစားမှုအစီအစဉ်များ ဆောင်ရွက်နေဆဲ ကာလတွင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်တွင်းစျေးကွက်တွင် ရွှေစျေး၊ဒေါ်လာစျေး အတက်အကျ မြန်နေပြီး စက်သုံးဆီစျေးနှုန်းမှာလည်း ၁၉ ရက်အတွင်း တစ်လီတာ  ၁၁၅ ကျပ် မြင့်တက်လာခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၁၉ ရက်အတွင်း တစ်လီတာ ၁၁၅ ကျပ်မြင့်တက်လာသည့် စက်သုံးဆီစျေးနှုန်း

ကမ္ဘာ့ရေနံစျေး (WTI) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် တစ်စည် ၅၉ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၁၉ ရက်အတွင်း တစ်လီတာ ၁၁၅ ကျပ်စီ ဆက်လက် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ဖေဖော်ဝါရီ ၁၉ ရက် စက်သုံးဆီ စျေးနှုန်းများကို နှိုင်းယှဉ်ပါက တစ်လီတာ ၁၁၅ ကျပ်စီ ဆက်တိုက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သောစျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ကျပ် ၈၁၀ (တစ်ဂါလန် ၃၆၈၂  ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၈၂၀ ကျပ် (တစ်ဂါလန်  ၃၇၂၇ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၇၇၀ (တစ်ဂါလန် ၃၅ဝဝကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၈၈၀ (တစ်ဂါလန် ကျပ် ၄၀၀၀ ) ဖြစ်သည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ၂၀ ရက်တွင် သုညဒေါ်လာအောက်အထိ ကျဆင်းခဲ့နောက် ပြန်တက်ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက် တွင်  ၄၈ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်အထိ ဆက်လက်မြင့်တက်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်းအပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှအောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင် နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ် အထိဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ မေလအထိ ကမ္ဘာ့ရေနံစျေးထိုးဆင်းမှုကြောင့် ပြည်တွင်းစျေးကွက်လည်း စက်သုံးဆီစျေးများ လိုက်ပါကျဆင်းခဲ့ပြီး မေ ၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သောစျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါ လန် ၁၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၄၄၅ ကျပ် (တစ်ဂါလန်  ၂၀၂၂  ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၃၀၀  (တစ်ဂါလန် ၁၃၆၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ  ၄၃၅ ကျပ် (တစ်ဂါ လန် ၁၉၇၇ ကျပ်) ဖြစ်သည်။

၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိဖြစ်ပေါ်ခဲ့သော ပြည်တွင်းစက်သုံးဆီစျေးနှုန်းအတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ  ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊  နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ၅၅၀ ကျပ်မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ်လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ်လီတာ ၁၅ ကျပ်ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာ  ၁၀ ကျပ် ပြန်လည်မြင့်တက်ခဲ့သည်။   စက်တင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း  တစ်လီတာကျပ် ၁၀ မှ ကျပ် ၃၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း တစ်လီတာ ကျပ် ၁၆၀ စီ၊ ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ တစ်လီတာ ကျပ် ၁၁၅ ကျပ်စီ ဆက်တိုက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။