မေတ္တာအိမ်အမှတ် (၁၀)

မေတ္တာအိမ်အမှတ် (၁၀)
နွမ်းပါးအဘိုးအဘွားအတွက် ဆောက်လုပ်ပေးထားသော နေအိမ်တစ်လုံးကို တွေ့ရစဉ်
နွမ်းပါးအဘိုးအဘွားအတွက် ဆောက်လုပ်ပေးထားသော နေအိမ်တစ်လုံးကို တွေ့ရစဉ်
Published 21 February 2021
ဝေလင်း(ပြည်)

လူမှန်း သိတတ်စအရွယ်ကို ပြန်စဉ်းစားတိုင်း ခြံဝင်းမကျယ်တကျယ်ထဲ ခြေတံရှည်ပျဉ်ထောင်အိမ် ကြီးနောက်က စပါးကျီသာသာတဲကုပ်လေးကို အမှတ်ရနေသည်။ ထိုတဲကုပ်လေးကို ငါတို့အိမ်ဟု ကျွန်တော်က အားရပါးရ ပြောတတ်သည်။ တစ်နေရာရာ ရောက်နေတိုင်းလည်း အိမ်ပြန်ရမည်ဆိုတာကို အလိုလိုသိနေသည်။ ထိုအချိန်က ဝေးဝေးလံလံတော့လည်း မဟုတ်ပါ။ ခြံရှေ့ထွက်ကစားတိုင်း၊ ကျောင်းကပြန်လာတိုင်း၊ ညအိပ်ရာဝင်ခါနီးတိုင်း အမေနှင့်အဖေက လှမ်းခေါ်လိုက်တိုင်း ငါအိမ်ပြန်ဦးမယ်ဟု ပြောတတ်ခဲ့သည်။

ကျွန်တော် သိရှိထိတွေ့ခဲ့ရသည့် ငါတို့အိမ်၊ ငါ့အိမ်တို့အကြောင်းက များလှသည်။ တစ်နေရာတည်းတွင်လည်း အတည်တကျနေထိုင်ခဲ့သည်မှာ အလွန်ရှားခဲ့ပြီးမြို့တစ်မြို့ထဲကိုပင် အိမ်များစွာကို ပြောင်းရွှေ့နေခဲ့ရသည်။ ထိုခြေတံရှည်အိမ်ကြီးဆီကစခဲ့သည့် ဇာတ်လမ်းသည် နောက်တစ်ခန်းတွင် ယင်းလမ်းထဲက အခြားအကွက်တစ်ကွက်၏ မိသားစုများစွာအိမ်ထဲ ရောက်ရှိခဲ့ပြန်သည်။ နောက်ပိုင်းပြန်သိခဲ့ရသည်မှာ အမေ့မောင်နှမများနှင့်အတူ နေထိုင်ခဲ့သည်ဆိုတာကိုပင်။ ထိုအိမ်သည်လည်း တဲသာသာ ငါတို့အိမ်ဖြစ်ခဲ့သည်။ ကျွန်တော် နေ့တိုင်းမှန်မှန် ပြန်ခဲ့ပါသည်။

နောက်အိမ်တစ်လုံးကို ပြောင်းရွှေ့ကြတော့ ကျွန်တော်တို့ မိသားစုအတွက် သီးသန့်အိမ်ဖြစ်ခဲ့သည်။ ခြံတစ်ခြံထဲတွင် ကျွန်တော်တို့အိမ်တစ်လုံးသာရှိခဲ့သည်။ ထိုအိမ်ကလေးကလည်း သုံးပင်အိမ်ဝါးခင်း သက်ငယ်မိုးလေးသာဖြစ်သည်။ ထိုအိမ်ကလေးကတော့ အတော်ကြာခဲ့သည်။ ကလေးဘဝကနေ အိမ်ထောင်ပြုသည်အထိ နေထိုင်ခဲ့သည့်နေအိမ်ဖြစ်သည်။ ထိုအိမ်နှင့် ခြံရရန် အဖေနှင့်အမေက ကြိုးစားရုန်းကန်ကာ သမ္မာအာဇီဝကျကျ ဝယ်ယူခဲ့သည်ဟုဆိုသည်။ အဖေနှင့် အမေက အမြဲပြောခဲ့သည်ကလည်း မင်းတို့အတွက်ဒီအိမ်နဲ့ခြံကို ကြိုးစားဝယ်ခဲ့တာဟုပင်ဖြစ်သည်။ ထိုအိမ်ရောက်သည့်နှစ်များမှာတော့ ကျွန်တော်အိမ်ပြန်ချိန်များက လ၊ နှစ်များကြာအောင် ဝေးကွာနေသည်များလည်း ရှိခဲ့သည်။ သို့သော် အိမ်ကိုတော့ ရောက်အောင်ပြန်လာခဲ့သည်။ ဘာကြောင့်ရယ်မသိဘဲ အိမ်ကိုရောက်အောင်ပြန်နေခဲ့သော နှစ်များဖြစ်သည်။ အိမ်နှင့် ဝေးရာကို ထွက်ပြေးခဲ့သော်လည်း အချိန်တန်ခဲ့ပါက နွားတစ်ကောင်လို၊ ငှက်တစ်ကောင်လို၊ ပျားတစ်ကောင်လို၊ ကြွက်တစ်ကောင်လို၊ သိုးတစ်ကောင်လို မိုင်ပေါင်းများစွာ ခရီးကနေ အိမ်ကိုရောက်အောင် ပြန်ခဲ့သည်။ ထိုအိမ်ပြန်ချင်စိတ်ဖြစ်ပေါ်ဖို့တော့ အိမ်တစ်လုံးလိုသည် မဟုတ်လား။

အိမ်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားကြသည့် သီချင်း၊  ပန်းချီ၊ ဂီတ၊ စာ၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ဝတ္တုတိုရှည်များနှင့် အခြားသော အနုပညာများစွာရှိခဲ့ပြီးမဟုတ်လား။ ထိုထိုသော ဖွင့်ဆိုချက်များကလည်း ပြည့်စုံပြီးဖြစ်သည်။ ထပ်မံ၍လည်း ဖွင့်ဆိုမှုများ ရှိနေဆဲပင်။ အားလုံးသော အဓိပ္ပာယ်တို့ကတော့ တူညီနေကြပြီး တစ်ဦးတစ်ယောက်ချင်း၏တွေ့ကြုံခဲ့မှုအရ အနည်းအကျဉ်းသော ကွဲပြားမှုလေးများသာရှိခဲ့သည်။ အိမ်ကလေးများတွင် လေညှင်းတို့ တိုက်ခတ်ခဲ့သည်။ လေပြင်းတို့ထန်ခဲ့သည်။ ဂီတသံတို့ဝေဆာခဲ့သည်။ စမ်းချောင်းလေးများ စီးဆင်းခဲ့သည်။ ညစာစားပွဲတို့ခမ်းနားခဲ့ပြီး ဟင်းရွက်ကန်စွန်းတို့ဖြင့် ဝမ်းဝခဲ့ဖူးသည်။ သားချော့တေးကိုဆိုခဲ့သလို။ ဖခင်တစ်ဦး၏ဝေဒနာညည်းချင်းလည်း ရှိခဲ့မည်။ အဖော်အပေါင်းတို့၏အသံတို့မှာ ပြတင်းတံခါးမှတစ်ဆင့် အဆုံးမရှိလွင့်သွားသလို အထီးကျန်သူတစ်ယောက်၏ စိတ်သက်သာရာ ခိုနားလုံခြုံရာလည်း ရှိခဲ့မည်။ အိမ်ကလေးများထဲတွင် ထိုထိုသောအရာတို့သည် မရေမတွက်နိုင်အောင်ပင် အသင်္ချေရှိခဲ့သည်။

ကျွန်တော် အိမ်အကြောင်း သီချင်းများကို နားထောင်ခဲ့သည်။ အိမ်အကြောင်း အက်ဆေးများကို တခုတ်တရဖတ်ခဲ့သည်။ အိမ်ခြံရောင်းမည်ဆိုသည့် ဆိုင်းဘုတ်လေးများကို ဝမ်းနည်းစွာ ဖတ်မှတ်ထားခဲ့သည်။ လမ်းဘေးတွင်အိပ်ပျော်နေသည့် လမ်းပျော်များကို မြင်ကွင်းက မပျောက်မချင်းကြည့်နေခဲ့မိသည်။ သော့ခတ်ထား ပိတ်ထားသော ဟောင်းနွမ်းအိမ်များနှင့် ကျူးကျော်မိသားစုလေးများကို အကြောင်းအကျိုးမညီညွတ်စွာ ဆက်စပ်ကြည့်နေမိသည်။ အိမ်အသစ်ကလေးများ ဆောက်နေသည်ကို မြင်ရပါက ပြုံးပျော်နေမိပြန်သည်။ သူတို့အိမ်ကလေးများကို သူတို့မည်သို့ အလှဆင်ကြမှာပါလိမ့်။

တစ်ရက်တော့ အိမ်ကလေးများအကြောင်း မိတ်ဆွေတစ်ယောက်ထံက  ကြားသိရသည်။ သူတို့က နည်းနည်းတော့ ဆန်းသည်။ သူတို့အိမ်များအကြောင်းမဟုတ်။ အခြားသူ၏ အိမ်ကလေးများအကြောင်းပင်ဖြစ်သည်။ အခြားသူများထဲကမှ ဆင်းရဲနွမ်းပါးအားကိုး ရာမဲ့သက်ကြီးဘိုးဘွားများ၏ အိမ်ကလေးများအကြောင်း ဖြစ်သည်။ ကျွန်တော်တို့ခေတ်တွင် ကိုယ့်အိမ်ကိုပင်ဆောက်ဖို့ အနိုင်နိုင်ကြိုးစားနေကြရသော ခေတ်ဖြစ်သည်။ အချို့လည်း မဆောက်နိုင်၍ ငှားနေကြရသည်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိနေနေသည့် အိမ်ကို အကြွေးအတင်ခံကာ အတော်ဖျစ်ညှစ်ဆောက်ထားရသည်။ ငှားနေရသည့်ဒုက္ခကို ခံစားခဲ့ရဖူးတော့ ငှားနေဖို့ဆိုတာကို မတွေးချင်တော့။ကိုယ်ပိုင်အိမ်ကလေး၏ အရသာကို ခံတွင်းတွေ့နေပေပြီ။ အခုလည်း မိတ်ဆွေပြောပြနေသည့် အိမ်ကလေးများအကြောင်းကို တွေးရင်းမြင်ယောင်ကြည့်နေမိခဲ့သည်။

“အသက်ရှစ်ဆယ်ကျော် ခရေပန်းကောက်ရောင်းတဲ့ အမေကြီးလေးက သူများအိမ်နောက်မှာ အဖီလေးဆွဲနေတာ အဲဒီအိမ်ကိုကြည့်ပြီး ဘာတွေလိုအပ်လဲ။ ဖျက်ပြီး ပြန်ဆောက်သင့်ရင်ဆောက်မယ်။ မလိုအပ်ရင် အပူခံသွပ်အမေကြီး နေလို့ရအောင် ထရံလေးကာပေးမယ်။ အဲဒီအိမ်က ၁၀ အိမ် မြောက်အိမ်ကလေးဖြစ်မယ်။ နောက်တစ်အိမ်လည်းကြည့်ပေးရဦးမယ်”ဟု ကိုနိုင်လင်းအောင်က သတင်းစကားပါးသည်။

အိမ်ကလေးများထဲက မိသားစုအကြောင်းများကိုသာ ကျွန်တော် တွေးနေမိခဲ့သည်။ မိသားစုမရှိတော့သည့် အဘိုးအဘွားသက်ကြီးရွယ်အိုတွေကို ကျွန်တော်မေ့နေခဲ့သည်ပဲ။ အိုမင်းမစွမ်းရှိလာတဲ့အခါ ကိုယ့်အဝတ်အစားကိုပင် အနိုင်နိုင်အရှက်လုံအောင် လုပ်နေကြရသည် မဟုတ်လား။ အထီးကျန်အဖော်မဲ့ နေသူများအတွက် နေအိမ်များက အရေးကြီးလှသည်။ ငွေကြေးမပြည့်စုံသူများ ကိုယ်တိုင်ရုန်းကန်လှုပ်ရှားနေကြရသည့် အဘိုးအဘွားတို့အတွက် နေအိမ်တစ်လုံးက ပိုလို့အရေးကြီးသည်။ သူတို့အတွက် အိမ်သည်အရာရာဖြစ်ခဲ့သည်။ ဖြစ်နေလိမ့်မည်ဆိုတာ ကျွန်တော်မတွေးတတ်ခဲ့။ ကျွန်တော့်အတ္တအတွက် ကျွန်တော်မိသားစုအတွက်သာအိမ်တွေကို တွေးနေမိသည်။ အများအတွက် တွေးနေသူတစ်ယောက်ကို ကျွန်တော်တွေ့ရတော့ ကိုယ့်ကိုယ်ကိုယ် အရှက်ရမိပြန်သည်။ ကိုနိုင်လင်းအောင်က ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းမြို့လေးမှာနေရင်း သူ့မြို့နယ်အတွင်းက ဆင်းရဲနွမ်းပါးသက်ကြီးရွယ်အို အဘိုးအဘွားတွေကို နေအိမ်လေးတွေ ဆောက်လုပ်ပေးဖို့ ကမကထလုပ်ရင်း အလှူရှင်တွေကို ဆော်သြပေးနေသည်မှာ ယခုအိမ်ကလေး၏ အမှတ်စဉ်က ၁၀ ဖြစ်ခဲ့ပြီ။ အခြားထောက်ပံ့မှုတွေလည်း လုပ်ပေးနေသည်။

“သူတို ့အိမ်ကလေးတွေကြည့်ပြီး မလုံမခြုံဖြစ်နေတာပေါ့။ အဓိကကတော့ သူတို့လုံလုံခြုံခြုံလေးတွေ ဖြစ်သွားရင် အဆင်ပြေသွားမယ်။ ကျွန်တော်တို့လည်း ပီတိဖြစ်မယ်ပေါ့။ ကုသိုလ်ရမယ်။ အဲဒီလောက်ပဲ တွေးမိတာပါ”ဟု ကိုနိုင်လင်းအောင် ပြောစကားမှာ ကျွန်တော်ငိုင်သွားသည်။ အငိုက်မိသွားသူ တစ်ယောက်လို အရှိုက်ကို ပင့်လက်သီးဖြင့် အထိုးခံလိုက်ရသူတစ်ယောက်လို ပစ်ကျသွားသည်။ အိမ်တွေ အိမ်တွေအိမ်တွေ။ အိမ်မရှိသူနဲ့ အိမ်တွေ ဘယ်နှလုံးမြောက်ပိုင်ဆိုင်ခဲ့ပြီလည်း မသိတော့သူတွေကြား ကွာဟမှုတွေ။ အိမ်ဆိုသည့်အရာက စိတ်၏လုုံခြုံခြင်း၊ ကိုယ်၏လုံခြုံခြင်းကို ဖြစ်ပေါ်ခံစားမိစေသောအရာ။ လုံခြုံမှုဆိုသည်မှာ အရာရာဖြစ်နိုင်သည်ပဲ။ ထိုထက်ပိုလို့ ချစ်ခြင်းမေတ္တာတရားတို့ ထုံမွှမ်းအပ်သော အဝန်းအဝိုင်းလေးပါလေ။ အဲဒီပန်းတိုင်လေးဆီကို လူသားတိုင်းလျှောက်ခဲ့သည်ပဲ။ ရောက်ချင်ခဲ့ကြသည်ပဲ။ မရောက်ခဲ့သူတွေ၊ ပျောက်ကွယ်သွားခဲ့ရသူတွေများခဲ့သလို ရောက်ခဲ့ရသူတွေရော ရေရှည်တည်မြဲအောင် စွမ်းဆောင်နိုင်ခဲ့ကြပါသလား။ များစွာပိုင်ဆိုင်ခဲ့သူတွေကရော အဲဒီအရိပ်လေးကိုအနည်းငယ်ခွဲဝေ အေးမြစေခဲ့ပါသလား။

မိုးကာလရောက်လာတော့ နွမ်းပါးအဘိုးအဘွားများ၏ တဲသာသာအိမ်ကလေးများက နေရေးထိုင်ရေးအတော် ခက်ခဲနေပြီ။ မိုးရေစက်လက်အောက် တာလပတ်အဟောင်းအနွမ်းတွေက မိုးပေါက်တို့ ထိန်းမထားပေးနိုင်တော့။ မိုးစွေသောညများတွင် မိုးရေစိုနေသည့် အခင်းများဖြင့် စိုစိစိုစက်ထဲ သူတို့ အိမ်နေခဲ့ကြရသည်။ ဖျားနာကုန်သည်။ ငွေမရှိသည့်အတွက် ဆေးခန်းသွားဖို့ပါ ခက်လာသည်။ အဓိကကတော့ သူတို့အတွက်လုံခြုံသည့် အမိုးအကာတို့ရှိသည့်အိမ်ကလေးက အသက်ဓာတ်ကို ဆွဲဆန့်ပေးနိုင်မည်မဟုတ်လား။ ကိုနိုင်လင်းအောင်နှင့် အလှူရှင်တွေ ဆောက်လုပ်ပေးနေသည့် အိမ်ကလေးများက ကြီးကြီးမားမားမဟုတ်။ မျောတိုင်၊ သွပ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်းနှင့် သင့်တင့်သောအိမ် ကလေးများသာဖြစ်သည်။ ကုန်ကျမှုလည်း သိပ်တော့မရှိပါ။ သို့သော် စိတ်၏လုံခြုံခြင်း၊ ကိုယ်၏လုံခြုံခြင်းတို့ဖြင့် ပြည့်စုံနေသော စာနာခြင်း မေတ္တာအိမ်ကလေးများ ဖြစ်သည်။ ထိုအိမ်ကလေးများထဲတွင် အဘိုးအဘွားတို့က နွေးထွေးစွာဖြင့် မိုးရေစက်သံတို့ကို နားဆင်ကာ ကောင်းစွာအိပ်မောကျနေကြမည်။ တွေးကြည့်ရုံဖြင့် ကျွန်တော့်စိတ်ထဲ နွေးထွေးကြည်နူးသွားသည်။

တစ်ဆက်စပ်တည်း ကျူးကျော်အိမ်ကလေးများကို တွေးမိသည်။ မည်သူက အမည်ပေါက် လျှောက်သွားသည်မသိသည့် ပြည်သူပိုင် နိုင်ငံတော်ပိုင် ခြံဝင်းကြီးများနှင့် အဆောက်အအုံကြီးများကို တွေးမိသည်။ လက်ဆင့်ကမ်းပေးလိုက်ကြသည့် သမိုင်းဝင်နေရာများကို တွေးမိသည်။ ဥပဒေနှင့်အညီ ပေးအပ်လိုက်သည်ဆိုသည့် မြေကွက်ကြီးများကို တွေးမိသည်။ အသိမ်းခံလိုက်ရသည့် မြေယာများအကြောင်း၊ အတင်းအဓမ္မ ဖျက်သိမ်းခံခဲ့ရသည့် တဲအိမ်ကလေးများအကြောင်း။ တစ်ဦးတစ်ယောက်တစ်ဖွဲ့၏ အကျိုးစီးပွားနှင့် ပြည်သူလူထု တစ်သောင်းတစ်သိန်းတို့၏ အကျိုးစီးပွားတို့ ယှဉ်လိုက်တိုင်း တစ်ဦးတစ်ယောက်အတွက်တစ်ဖွဲ့ကသာ အနိုင်ရခဲ့တာ အနိုင်ပေးခဲ့တာ ပိုင်ဆိုင်မှုတွေပေးခဲ့တာ ထိုထိုသော နှစ်များတွေ ဒီနေ့ထိရှိနေဆဲမလား။ တကယ်တော့ ပြည်သူလူထုအတွက် အစိုးရအဖွဲ့အစည်းများက မေတ္တာအိမ်များ ဆောက်ပေးသင့်ပြီး ဆောက်နိုင်အောင်လည်း အခွင့်အလမ်းတွေ ဖန်တီးရမည်မဟုတ်လား။

အခုတော့ အဖေနှင့်အမေဆောက်ခဲ့သည့် အိမ်ကလေးမရှိတော့ နေမရအောင်ပင် ဟောင်းနွမ်းယိုင်နဲ့နေပြီဆိုကာ ဖျက်၍အသစ်ပြန်ဆောက်လိုက်သည်။ ကျွန်တော်သွားကြည့်ခဲ့သည်။ ကျွန်တော် ပြန်ဆောက်မပေးနိုင်ခဲ့။ ခြံလေးကိုရောင်းမည်လို့လည်း အမေတို့ကစိတ်ကူးကြပြန်သည်။ ကျွန်တော် မတိုက်တွန်းခဲ့ပါ။ အိမ်ကလေးများကို ကျွန်တော်သံယောဇဉ်ရှိသည်။ ထိုအိမ်ကလေးတွင် အရိပ်အယောင် အငွေ့အသက်နှင့် အတိတ်တို့ရှိနေသည်။ သာမန်လူတွေအတွက် အမှတ်ရစရာအဖြစ် ကလေးတွေအဖြစ် အထင်ကရလူတွေအတွက်တော့ သမိုင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့ရာအဖြစ်နှင့် အိမ်ခြံလေးတွေက တန်ဖိုးရှိနေမည် မဟုတ်လား။ အလွယ်တကူဖြိုချ ဖျက်ဆီးရောင်းချလိုက်ခြင်းမျိုးကို ကျွန်တော်အားမပေးချင်ခဲ့။ အသစ်သစ်တို့သော အိမ်တို့ကိုသာတည်ဆောက်ပေးစေချင်ခဲ့သည်။ အသစ်တည်ဆောက်မပေးနိုင်ခဲ့ရင် တောင် ဖျက်ဆီးပစ်ဖို့တော့ ဘယ်သောအခါမှ စဉ်းစားမိမည်မဟုတ်ပေ။

အသစ်သစ်သောမေတ္တာအိမ်ကလေးများ တည်ဆောက်ပေးနေကြသည့် ကိုနိုင်လင်းအောင်တို့ မြို့ကလေးကိုလည်း ကျွန်တော်သွားကြည့်ဦးမည်လို့ စိတ်ထဲက တေးထားလိုက်သည်။ အမှတ်စဉ် ၁၀ မြောက် အိမ်ကလေးက အဘွား၏ အပြုံးကို ကျွန်တော်သွားကြည့်မည်။ အခုတော့ ကျွန်တော့်ကိုယ်ပိုင် မိသားစုလေးရှိရာ မေတ္တာအိမ်ကလေးကို ပြန်ရဦးမည်။ သားသမီးများကို မေတ္တာအိမ်ကလေးများအကြောင်း သိအောင်ပြောပြမည်။ တည်ဆောက်ခြင်းနှင့် ဖြိုဖျက်ခြင်း အကြောင်းပြောပြမည်။ တည်ဆောက်ပေးချင်လာအောင် ပျိုးထောင်ပေးရမည်မဟုတ်လား။