မျှော်လင့်နေရသည့် အိမ်ပြန်ချိန်နေ့ရက်များ

မျှော်လင့်နေရသည့် အိမ်ပြန်ချိန်နေ့ရက်များ
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင်များအားတွေ့ရစဉ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင်များအားတွေ့ရစဉ်
Published 21 February 2021
ထွန်းနေလှိုင် (နောင်ပိန်)

ဒီရက်ပိုင်း ပြန်တက်လာသည့် ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာ၏ Memory များတွင် တိုက်ပွဲ ရှောင်သတင်းများနှင့် တိုက်ပွဲဖြစ်ပွားမှုသတင်းများသာ ဖြစ်နေတတ်သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ - တရုတ်နယ်စပ် လောက်ကိုင်မြို့ပေါ်နှင့်အနီး ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် နယ်စပ်ဒေသတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီ မြန်မာနိုင်ငံအတွင်းသို့ ပြန်ခဲ့ကြရသည်။

ထို့ပြင် လောက်ကိုင်မြို့တစ်ဖက် တရုတ်နယ်စပ်အတွင်းသို့ သွားရောက်ပြီး ကြံခုတ်ခြင်းနှင့် အခြားအလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ကြသူများလည်း နယ်စပ်ဒေသအနီး တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မိမိတို့၏နေရပ်ဆီ ပြန်လာခဲ့ကြရသည်။

တချို့တွေ လုပ်ခလစာရခဲ့ကြပြီး ပြန်လာခဲ့ကြသူများရှိသလို တချို့တွေလည်း အလုပ်ရှင်များ ထွက်ပြေးမှုကြောင့် လုပ်ခလစာမရဘဲ ကိုယ်လွတ်ရုန်းထွက်ပြေး လာခဲ့ရသည်များလည်းရှိသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား ကျောက်မဲမြို့ပေါ်သို့ တိုက်ပွဲရှောင်နေခဲ့ကြရသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများ ကျောက်မဲမြို့တိုက်ပွဲရှောင်စခန်းများတွင် စာကျက်ဝိုင်းပြုလုပ်ကာ တက္ကသိုလ်ဝင်တန်းကို ခက်ခက်ခဲခဲ ဖြေဆိုခဲ့ကြရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထောင်နှင့်ချီသည့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နှစ်ကူးကာလကို တိုက်ပွဲရှောင်စခန်းများတွင်သာ ဖြတ်သန်းခဲ့ကြရသည်။

ဒီအချိန် ဒီကာလသည် ရှမ်းပြည်နယ်အတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသော အချိန်ကာလဟု ပင်ဆိုရမလိုပင်ဖြစ်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကျောက်မဲ၊ နမ္မတူ၊ သီပေါ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မန်တုံမြို့နယ်များတွင်  တိုက်ပွဲရှောင်အများအပြား ရောက်ရှိခိုလှုံတတ်သည့် နေရာများအဖြစ် သိရှိရသည်။

၂၀၂၀ ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် အတွင်း ရှိ လွယ်အံ(တင်း)၊ ခုံငင်း၊ ကောင်းခါး၊ ပန်လော့၊ မန်စပ်၊ ပန်မခံကျေးရွာများမှ ဒေသခံတစ်ထောင်ကျော် ကျောက်မဲမြို့ပေါ်ရှိ ပိန္နဲကုန်းစာသင်ကျောင်း၊ ၀ါဆိုကျောင်း၊ သန္တိ သုခဓမ္မာရုံ၊ အောင်မင်္ဂလာဘုန်း ကြီးကျောင်းတို့တွင် တိုက်ပွဲရှောင် နေကြရသည်။

တချို့က တိုက်ပွဲရှောင်စခန်းများမှ စွန့်ခွာကာ ကျောက်မဲမြို့နှင့် အခြားနီးစပ်ရာနေရာ ဒေသများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြပြီ။ အချို့က တိုက်ပွဲရှောင်စခန်းများတွင် နေရပ်ပြန်ချိန်ကို မျှော်လင့်ရင်း နေထိုင်နေကြသည်။အဘယ်ကြောင့် နေရပ်မပြန်နိုင်သေးသလဲ။ အမေးရှိရင် အဖြေရှိရမည်ဖြစ်သည်။

သူတို့တွင် အကြောက်တရား ရှိနေသေးသည်။ လက်နက်ကိုင်တွေ သူတို့ဒေသအတွင်း အခြေချ လှုပ်ရှားနေသရွေ့တော့ သူတို့အိမ်မပြန်နိုင်သေး။ သူတို့ မပြန်ရဲသေးဟု ဆိုသည်။

သူတို့၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့ကြသည့် သူတို့၏အဓိက အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်သည့် လက်ဖက်လုပ်ငန်းကို သူတို့သံယောဇဉ်ရှိသည်။ သူတို့ ဖက်တွယ်သည်။ အခုအချိန်က လက်ဖက်ပေါင်းရှင်းချိန်ဖြစ်သည်။မကြာမီလပိုင်းအတွင်း သူတို့လက်ဖက်ခူးကြရမည်။ သူတို့အိမ်ကို ပြန်ချင်လှပြီ။

သို့သော် မပြန်ဝံ့သေး။ အခုလည်း တိုက်ပွဲတွေ ဖြစ်နေပြန်ပြီ။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တို့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်  အပြစ်မဲ့ဒေသခံ လေးဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဒေသခံတွေကပြောသည်။

ဖြစ်ပွားခဲ့သည့်နေရာသည် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု အနီးတစ်ဝိုက်တွင်ဖြစ်သည်။ တိုက်ပွဲများက ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ တိုက်ပွဲရှောင်လာကြရသည်။

“ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်ရတာတော့ လောလောဆယ်မှာ မငြိမ်နိုင်လောက်သေးဘူး။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက တော့ဆန်ကျေးရွာအုပ်စုတစ်ဝိုက်မှာ ဖြစ်ပွားနေတာပေါ့။ ဒေသခံတွေ လက်နက်ကြီးထိတာတွေ ရှိတယ်။ နှစ်ယောက်က ပွဲချင်းပြီးသေဆုံးတယ်။ တစ်ယောက်ကတော့ ဆေးရုံကိုသွားဖို့ သယ်ဆောင်လာတဲ့အချိန်မှာပဲ ဆေးရုံမရောက်ဘဲ လမ်းမှာတင်သေဆုံးသွားတယ်။ ဒါကဆေးမမီတော့တဲ့ သဘောဖြစ်သွားတာ။ တစ်ဖက်က လက်နက်ကိုင်တပ်တွေဘက်ကလည်း ဒဏ်ရာရလူနာကိုရွာပြင်ကို ပေးမသယ်တဲ့အတွက် မဖြစ်သင့်တာ ဖြစ်သွားတာပေါ့။ အခုရွာသားတွေကတော့ ပန်စံနဲ့ ကန့်ကန်ဘက်မှာ ရှိတယ်။ တိုက်ပွဲအခြေအနေက မငြိမ်းချမ်းနိုင်သေးတဲ့အတွက်  ရွာသားတွေကတော့ မပြန်နိုင်သေးဘူး”ဟု ကျောက်မဲမြို့နယ် နမ့်ခုံးပရဟိတ လူမှုကူညီရေးအသင်းမှ ဦးစိုင်းကူးက ပြောကြားသည်။

လက်ရှိအချိန်တွင် တိုက်ပွဲရှောင်များအတွက် အဓိကလိုအပ်ချက်မှာ စောင်နှင့် စားနပ်ရိက္ခာများပင် ဖြစ်ကြောင်း သိရသည်။

“သူတို့က တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ ကိုယ်လွတ်ရုန်းထွက်လာကြရတဲ့အတွက် စောင်တွေ အဝတ်အထည်တွေ ပါမလာကြဘူး။ အဲဒီအတွက် ညဆိုစောင်လိုတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ညဆိုအအေးပိုလို့  စောင်အဓိကလိုတယ်။ ဒီနေ့မှာတော လားရှိုးကအလှူရှင်တွေ စောင်တွေလာ လှူဒါန်းတာရှိတယ်။ ဒါပေမဲ့ တော့ဆန်အထိတော့ စောင်တွေမရောက်သေးဘူး။ တော့ဆန်က တိုက်ပွဲဖြစ်ပွားနေတဲ့နေရာရဲ့ကြားမှာ ရှိနေတဲ့အတွက် အဲဒီအထိတော့သွားလှူနိုင်ဦးမှာ မဟုတ်ဘူး”ဟု ဦးစိုင်းကူးက ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း လက်နက်ကိုင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများကြားဝယ် ပြည်သူများ မြေစာပင်အဖြစ် သွေးစွန်းနေကြရဆဲ ၊ အတိဒုက္ခ ရောက်နေကြဆဲ၊ စိုးရိမ်ထိတ်လန့်နေရဆဲ ဖြစ်သည်။

မပြေလည်မှုများကို စားပွဲဝိုင်းတွင် အဖြေရှာမရသေးဘဲ တိုက်ပွဲကြားလက်နက်ချင်းတိုက်ကာ အသက်ဆုံးရှုံးနေကြရဆဲဖြစ်သည်။ အများမျှော်လင့်နေကြသည့် ထာဝရငြိမ်းချမ်းရေးက ဘယ်တော့များမှ ရတော့မလဲ။ မှုန်ပျပျ ဖြစ်နေဆဲလား။

“ကျွန်မတို့အိမ်ပြန်ချင်ပြီ။အိမ်ပြန်ရောက်ရင်လည်း သေနတ်သံကို မကြားချင်တော့ဘူး။ စိုက်ခင်းတွေ၊ လယ်ကွင်းတွေထဲကိုလည်း သံသယကင်းကင်းနဲ့ ဖြတ်လျှောက်ချင်နေပြီ။ ကျွန်မတို့ စိုးထိတ်မှုတွေနဲ့ မနေချင်တော့ဘူး။ ကျွန်မတို့ သားသမီးငယ်လေးတွေရဲ့ အနာဂတ်တွေလည်း ရှိနေသေးတယ်လေ။အမြန်ငြိမ်းချမ်းပါစေလို့ ကျွန်မတော့ ဆုတောင်းတယ်”ဟု တိုက်ပွဲရှောင် စခန်းရောက် မနန်းအေးမေက ပြောကြားသည်။

“အခုအချိန်မှာတော့ နိုင်ငံရေးအရှုပ်အရှင်းဖြစ်နေတဲ့အချိန်မှာ တိုက်ပွဲတွေကို မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေ တိုးတက်ဖို့လမ်းကြောင်းအတွက် အကုန်ဝိုင်းပြီးတော့ ကြိုးစားရုန်းကန်နေရတဲ့အချိန်မှာ ဒါမျိုးတွေ မဖြစ်သင့်ဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။

“လက်ရှိအနေအထားကတော့ နှစ်ဖက်တပ်တွေ ဆိုင်ထားတုန်းပေါ့။ မနေ့က ညနေပိုင်းမှာတော့ တိုက်ပွဲရှောင်တွေ ရွာကနေ ထွက်လာပြီးတာနဲ့ ညနေ ၅ နာရီလောက်မှာ စပြီးတိုက်ပွဲဖြစ်တယ်။ ည ၈ နာရီလောက်အထိ တိုက်ပွဲဖြစ်တယ်။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာတွေကတော့ တော့ဆန်အဝင် တစ်နေရာနဲ့ ကုန်းဆာရွာမှာ ဖြစ်နေတာပေါ့။ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် သေဆုံးတဲ့သူလေးယောက် ရှိပါတယ်။ ရွာမှာက ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ အမျိုးသားတစ်ဦး လက်နက်ကြီးမှန်ပြီး သေဆုံးတယ်။ဆေးကုဖို့သွားတဲ့ အမျိုးသမီးနှစ်ဦးလည်း လမ်းမှာသေဆုံးသွားတယ်။ ဗုံးခိုကျင်းထဲလက်နက်ကြီးကျလာလို့ ပွဲချင်းပြီး နှစ်ယောက်သေဆုံးတယ်”ဟု ပန်စံကျေးရွာနေ ဦးအောင်နိုင်က ပြောကြားသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူမှုရေး၊ စီးပွားရေးဆုံးရှုံးမှုများကြောင်း၊ လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသောဒေသသည် လက်ဖက်အဓိကစိုက်ပျိုးသည့် ဒေသဖြစ်သည်နှင့်အညီ တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် စိုက်ပျိုးရေးကိုများစွာ ထိခိုက်နစ်နာနေရကြောင်း ဒေသခံများကဆိုသည်။

အလားတူ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်ကျေးရွာတစ်ဝိုက်တွင်လည်း တိုက်ပွဲများဖြစ်ပေါ်မှုကြောင့် နောင်ကော်ကြီးကျေးရွာသို့ တိုက်ပွဲရှောင်တစ်ရာ့ငါးဆယ်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“တိုက်ပွဲတွေကြောင့် မန်လီရွာနဲ့ နောင်ကော်ကြီးမှာ တိုက်ပွဲရှောင်တွေရောက်နေတယ်။ မန်လီမှာတော့ တစ်ရက်လောက်ပဲ သွားတိမ်းရှောင်ကြတာပါ။နောင်ကော်ကြီးရွာမှာတော့ ကျစ်ဖွန်ရွာအနီးအနားက ထွက်ပြေးလာကြတဲ့ တိုက်ပွဲရှောင်တွေ ရောက်နေတာပေါ့။ တိုက်ပွဲရှောင်တွေကတော့ ပြန်ဖို့မလွယ်သေးဘူးထင်တယ်။အခုရက်ပိုင်းမှာ တိုက်ပွဲဖြစ်သံတွေ မကြားပေမဲ့ RCSS နဲ့ SSPP နှစ်ဖွဲ့ရဲ့ အခြေအနေက တင်းမာမှုရှိနေဆဲပဲ”ဟု နမ့်လန်ကျေးရွာနေ ကိုစိုင်းဆမ်လင်း ကပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားသော တိုက်ပွဲများ ကြောင့် ကျောက်မဲခရိုင်၊နမ္မတူမြို့ ပေါ်ရှိ ဗုဗ္ဗာရုံကျောင်းနှင့် မန်စံကျေးရွာတို့တွင် တိုက်ပွဲရှောင်အိမ်ထောင်စု ၁၁၁ စုမှ လူဦးရေ ၃၆၉ ဦး တိမ်းရှောင်နေကြရသည်။

အေးချမ်းလှပြီး တောတောင် သဘာဝအလှတို့ဖြင့် လှပနေသော ရှမ်းတောင်တန်းသည် အခုအချိန်မှာတော့ သေနတ်သံ၊ ဗုံးသံတို့က အကြည်းတန်စေခဲ့သည်။ တောင်ပေါ် ကျေးလက်က ရိုးသားလှသော တောသူတောင်သားတို့ ကျည်ဆန်တွေနဲ့ဝေးရာ ပြေးနေခဲ့ကြရသည်။

ဘယ်အချိန်များမှ ဒေါသနှင့် အတ္တမာနတွေ ချုပ်ငြိမ်းကြတော့မလဲ။ စိုးရိမ်ထိတ်လန့်ခြင်းနှင့် သောကနေ့ရက်တွေကင်းဝေးစေဖို့ တိုက်ပွဲများရပ်ပါတော့။ သေနတ်သံများ တိတ်ဆိတ်ပါတော့။ အိမ်ပြန်ချိန်တွေ အမြန်ပြန်ရောက်ဖို့  တိုက်ပွဲများရပ်ပါတော့။ သေနတ်သံများ တိတ်ဆိတ်ပါတော့ဟုသာ တိတ်တဆိတ် ဆုတောင်းနေမိတော့သည်။