COVID-19 ကန့်သတ်ချက်များ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ

COVID-19 ကန့်သတ်ချက်များ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ
သာကေတမြို့နယ်အတွင်း နောက်တိုးကျန်ရှိ အိမ်ထောင်စုများကို ထောက်ပံ့ငွေပေးအပ်ရာတွင် တန်းစီစောင့်ဆိုင်းနေစဉ်
သာကေတမြို့နယ်အတွင်း နောက်တိုးကျန်ရှိ အိမ်ထောင်စုများကို ထောက်ပံ့ငွေပေးအပ်ရာတွင် တန်းစီစောင့်ဆိုင်းနေစဉ်
Published 21 February 2021
နီလာ

(၁)

တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသော COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများအပေါ် ပြင်းထန်သော စီးပွားရေးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။

ထိခိုက်လွယ်သော အိမ်ထောင်စုများအား လေ့လာမှုစစ်တမ်းတွင် ဖြေဆိုသူများ၏အဆိုအရ ၎င်းတို့၏အိမ်ထောင်စုဝင်ငွေသည် ၂၀၂၀ ပြည့်နှစ်၏ အစပိုင်းမှစ၍ ထက်ဝက်နီးပါး လျော့နည်းသွားသည်ဟု ဆိုသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုအနေဖြင့် COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားခဲ့သည့် ပထမလှိုင်းအတွင်း မြန်မာနိုင်ငံ၏အခြေအနေသည် ဆိုးရွားပြင်းထန်မှုမရှိဘဲ သြဂုတ်လကုန်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၈၀၀ ခန့်သာရှိခဲ့သည်။ သြဂုတ်လ နောက်ပိုင်းတွင် ကိုဗစ်-၁၉ လူနာအရေအတွက် လျင်မြန်စွာတိုးတက်လာခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် အစိုးရသည် ဒုတိယလှိုင်းကို ဟန့်တားရန်အတွက် ပြည်သူများအား နေအိမ်တွင်သာနေရန် စည်းကမ်းချက်များ ထုတ်ပြန်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းနှင့် လူစုလူဝေးများကို တားမြစ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

COVID-19 ၏ နောက်ဆက်တွဲ ကန့်သတ်ချက်များသည် အားလုံးနီးပါးအပေါ် စီးပွားရေးအရ သက်ရောက်မှုများ ရှိခဲ့သည်။ စစ်တမ်းအရ ယခင်ကစီးပွားရေးအရ အခြေခိုင်သော အိမ်ထောင်စုများသည် အကြီးမားဆုံးဝင်ငွေကျဆင်းမှုများကို ကြုံတွေ့ခဲ့ရသည်။

ဝင်ငွေဆုံးရှုံးမှုဒဏ်ကို ခံနိုင်ရည်ပိုနည်းသော ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်သည့် အိမ်ထောင်စုများသည်လည်း ကြီးမားသည့်ဆုံးရှုံးမှုများကို ရင်ဆိုင်ကြရသည်။ ကိုဗစ်- ၁၉ ကူးစက်မှုအများဆုံးနေရာများမှာ အသေးစားစီးပွားရေးလုပ်ငန်းများ အများအပြားတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။ တိုင်းဒေသကြီးများရှိ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်သော အိမ်ထောင်စုများက ၎င်းတို့၏ဝင်ငွေသည် ၆၂ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုသည်။

ထိခိုက်လွယ်သောအိမ်ထောင်စုများအား လေ့လာမှုစစ်တမ်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က ဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ပံ့ပိုးကူညီပေးခဲ့သည်။ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသောအခက်အခဲများကြောင့် အိမ်ထောင်စုများသည် မည်သို့ထိခိုက်ကြသည်။ ထိုအခက်အခဲများကို မည်သို့ရင်ဆိုင် ကျော်လွှားကြသည်ကိုသိရှိနိုင်ရန် ဗဟိုစာရင်းအင်းအဖွဲ့၊ UNDPနှင့်IPA တို့မှတာဝန်ရှိသူများက စစ်တမ်းကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

(၂)

COVID-19 ကပ်ရောဂါသည် မြန်မာ့စီးပွားရေးအပေါ် ကြီးမားသည့် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်သက်ရောက်လျက်ရှိသည်။ အစိုးရသည် ထိခိုက်နိုင်ခြေအရှိဆုံးသူများကို ကူညီရန် အလျင်အမြန်ပြုလုပ်ခဲ့သည်။

မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ အရ လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုမျဉ်း၏ အောက်တွင်ရှိနေပြီး နောက်ထပ် ၃၂ ဒသမ ၉ ရာ ခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးခြင်း မရှိသော်လည်း အခြေခိုင်မာမှုမရှိသေးသည့်အုပ်စုအဖြစ် ဆင်းရဲနွမ်းပါးမှုမျဉ်းအနီးတွင် ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။

အခြေခိုင်မာမှုမရှိသောအုပ်စုဆိုသည်မှာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့  ပြန်လည်ရောက်ရှိသွားနိုင်သည့် ထိခိုက်လွယ်သော အခြေအနေတွင်ရှိသည့်လူအုပ်စုကို ခေါ်ဆိုခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း အိမ်ထောင်စုများအားလုံးနီးပါးသည် အိမ်ထောင်စုဝင်ငွေများ ကျဆင်းသွားပြီး  ယေဘုယျအားဖြင့် ဝင်ငွေကျဆင်းမှုသည် အတော်အတန်ကြီးမားကြောင်း၊ ထိခိုက်လွယ်သော အိမ်ထောင်စုများအား လေ့လာမှုစစ်တမ်းက ဖော်ပြနေသည်။

စစ်တမ်းရလဒ်များအရ စီးပွားရေး အဆင်ပြေခဲ့သော အိမ်ထောင်စုများသည် အကြီးမားဆုံးဝင်ငွေ ကျဆင်းမှုကြုံတွေ့ရကြောင်း၊ ထို့ပြင် COVID-19 ကပ်ရောဂါ၏ ကန့်သတ်ချက်အခက်အခဲများသည် အိမ်ထောင်စုများ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအပေါ်တွင် ကြီးမားသည့် သက်ရောက်မှုရှိကြောင်း ဖော်ပြနေသည်။

အပြုသဘောဆောင်သော စစ်တမ်းတွေ့ရှိချက်တစ်ခုမှာ စက်တင်ဘာ၊ အောက်တိုဘာတွင် အိမ်ထောင်စုများ၏ ထက်ဝက်နီးပါး (၄၉ ဒသမ ၇ ရာခိုင်နှုန်း) သည် နိုင်ငံတော်အစိုးရထံမှ ငွေသားထောက်ပံ့ကြေး အနည်းဆုံးတစ်ကြိမ်ရရှိထားသည်။ ငွေသားထောက်ပံ့ကြေးပေးရာတွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများသည် ဝင်ငွေမြင့်မားသော အိမ်ထောင်စုများထက် ငွေသားလက်ခံရနိုင်ခြေ နှစ်ဆပိုများသဖြင့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများကို ဦးတည်ပံ့ပိုးမှုရှိကြောင်း တွေ့ရှိရသည်။

ယခင်ငွေကြေးအရ လုံခြုံစိတ်ချရသော အိမ်ထောင်စုများသည် ၎င်းတို့၏ အသေးစားစီးပွားရေးလုပ်ငန်းများကို ယာယီပိတ်ထားခြင်းကြောင့် ကြီးမားသောထိခိုက်မှုများကို ရင်ဆိုင်နေရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပမှလွှဲပို့ငွေများအပေါ် မှီခိုမှုကြီးကြီးမားမားရှိနေသော မြန်မာနိုင်ငံသည် အချိန်တိုအတွင်း ပြီးဆုံးသွားဖွယ်ရာမရှိသည့်  စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ရေရှည်ဖြစ်ပေါ်နိုင်ဖွယ်ရှိပြီး စီးပွားရေးကျဆင်းမှုဆီသို့ ဦးတည်လျက်ရှိကြောင်း  ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ  Mr.Titon Mitra က ပြောကြားသည်။

ထိခိုက်လွယ်သောအိမ်ထောင်စုများအား လေ့လာမှုစစ်တမ်း (HVS) တွင် ဗဟိုစာရင်းအင်းအဖွဲ့တွင် ပထမဆုံးဆောင်ရွက်သည့် “Computer Assisted Telephone Interviewing (CATI)” စစ်တမ်းဖြစ်ကြောင်းနှင့် HVS စစ်တမ်းကောက်ယူခြင်းလုပ်ငန်း များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ဆောင်ရွက်ခဲ့ပြီးနောက်နှစ်လအကြာတွင် အစီရင်ခံစာ ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော်က ဆိုသည်။

 

(၃)

မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ ငါးပုံလေးပုံကျော် (၈၃ ဒသမ ၃ ရာခိုင်နှုန်း) က ၂၀၂၀ ပြည့်နှစ်၏အစပိုင်းမှစ၍ ဝင်ငွေကျဆင်းမှုကို ကြုံတွေ့ခဲ့ရသည်ဟု  ထိခိုက်လွယ်သောအိမ်ထောင်စုများအား လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားသည်။

ကျေးလက်အိမ်ထောင်စုများသည် ဝင်ငွေကျဆင်းနိုင်ခြေပိုများပြီး အသက်ဝ-၀၇ နှစ်ကြား အိမ်ထောင်စုဝင်များရှိသော အိမ်ထောင်စု ၈၆ ဒသမ ၂ ရာခိုင်နှုန်းသည်လည်း ဝင်ငွေကျဆင်းနိုင်ခြေ ပိုများသည်။

အိမ်ထောင်စုအများစု ၈၁ ဒသမ ၈ ရာခိုင်နှုန်းက ၎င်းတို့၏ ဝင်ငွေဆုံးရှုံးမှုသည် COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသည်ဟုဆိုသည်။မြို့ပြအိမ်ထောင်စုများသည် COVID-19 အား ဝင်ငွေအပြောင်းအလဲဖြစ်ရခြင်း၏ အကြောင်းရင်းအဖြစ် ဖော်ပြမှုပိုများသည်။

အိမ်ထောင်စုများသည် မည်သည့်စီးပွားရေးလုပ်ဆောင်မှုများတွင် ၎င်းတို့၏ ဝင်ငွေကျဆင်းမှု အများဆုံးဖြစ်ကြောင်း လေ့လာမှုတွင် စျေးရောင်းခြင်း၊ ဆံပင်အလှ ပြင်ဆိုင်ဖွင့်ခြင်း၊ အပ်ချုပ်ဆိုင်ဖွင့်ခြင်းစသည့် လယ်ယာလုပ်ငန်း မဟုတ်သော အိမ်ထောင်စုစီးပွားရေးလုပ်ငန်းများသည် အထိအနာဆုံးဖြစ်ပြီး ဝင်ငွေလျော့နည်းမှု အားလုံးနီးပါးသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဆက်စပ်သော ကန့်သတ်မှုများကြောင့် ဖြစ်သည်။

OCED 2020 ၏ ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေဆုံးရှုံးမှုသည် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရများ၊ ကုမ္ပဏီများနှင့်လူအများအတွက် ဆိုးကျိုးများ၊ ကာလရှည်အကျိုးဆက်များကြောင့် စစ်ဖြစ်ပွားခဲ့သည့်အချိန် လွန်ခဲ့သော နှစ် ၁၀၀ ကျော်က ဖြစ်ပွားခဲ့သည့် စီးပွားရေးကျဆင်းမှုထက် ကျော်လွန်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 ကြောင့်ဖြစ်သည့် အကျပ်အတည်းသည် စီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိနေပြီး Asia Foundation 2020 ၏ မကြာသေးမီက ပြုလုပ်သောစစ်တမ်းအရ မြန်မာနိုင်ငံရှိ ကုမ္ပဏီသုံးပုံတစ်ပုံနီးပါး သည် COVID-19 ကူးစက်ပြန့်ပွားမှုကြောင့် ယာယီပိတ်ထားရကြောင်းနှင့် ၎င်းလုပ်ငန်းအများစုအနက် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော လုပ်ငန်းအများစုမှာလည်း ရာခိုင်နှုန်း ၅၀ ထက်မနည်း ဝန်ထမ်းများလျှော့ချနေကြသည်။

Eurocham Myanmar 2020 နှင့် ၎င်း၏ကုမ္ပဏီများနှင့် ပြုလုပ်ထားသောစစ်တမ်းတွင် မျှော်မှန်းဝင်ငွေဆုံးရှုံးမှုမှာ ရာခိုင်နှုန်း ၃၀ မှ ၅၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

အကြီးမားဆုံးဆုံးရှုံးသည့် လုပ်ငန်းများမှာ ခရီးသွားလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ အထည်အလိပ်၊ စားသုံးသူကုန်ပစ္စည်းများနှင့် လက်လီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ အစိုးရ၏ထုတ်ပြန်ချက်အရ ကူးစက်ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်မှုနှင့် ကုန်အမှာစာများ ဖျက်သိမ်းခြင်းများကြောင့် စက်ရုံများတွင် လုပ်သားအင်အားလျှော့ချမှုများနှင့် လုပ်ငန်းပိတ်သိမ်းခြင်းတို့ကြောင့် အလုပ်သမားခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။

ကပ်ရောဂါကြောင့် အကျပ်အတည်း ဖြစ်ပေါ်နေသည့်ကာလတွင် လိုအပ်သည့်ဆေးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးမှုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အားဖြည့်ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးနေသည့်အပြင် နိုင်ငံတော်အစိုးရသည်အလုပ်အကိုင်နှင့် အိမ်ထောင်စုများ၏ဝင်ငွေကို အကာအကွယ်ပေးခြင်းနှင့် အခြားအလားအလာရှိသော စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရခြင်းမဖြစ်စေရန် အကာအကွယ်ပေးမှုတို့အပေါ် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထိခိုက်လွယ်သော အိမ်ထောင်စုများအား လေ့လာမှုစစ်တမ်းတွင် အိမ်ထောင်စုများ ရင်ဆိုင်ရသည့် ဝင်ငွေလျော့နည်းမှုအတိုင်းအတာကို လေ့လာထားမှုတွင် ပျမ်းမျှအားဖြင့် အိမ်ထောင်စုများ၏ ဝင်ငွေသည် ၄၆ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားသည်။ ဆိုလိုသည်မှာ ၂၀၁၉ ခုနှစ်တွင် အိမ်ထောင်စု၏ လစဉ်ဝင်ငွေသည် ကျပ်တစ်သိန်းဟုဆိုလျှင် ၂၀၂၀ ပြည့်နှစ်တွင် ပျမ်းမျှတစ်လလျှင် ကျပ် ၅၃၅၀၀ သာရှိသည်။

မြို့ပြအိမ်ထောင်စုများနှင့် တိုင်းဒေသကြီးများမှ အိမ်ထောင်စုများသည် အခြားအိမ်ထောင်စုများ နှင့်နှိုင်းယှဉ်လျှင် ဝင်ငွေကျဆင်းမှု အတိုင်းအတာပို၍ကြီးမားသည်။ စီးပွားရေးအရ လုံခြုံမှုရှိသော အိမ်ထောင်စုများမှာ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများထက် ဝင်ငွေကျဆင်းမှု  ပိုမိုကြီးမားသော်လည်း ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများသည် ထိုအခြေအနေကို စီမံကိုင်တွယ်နိုင်စွမ်း ပို၍နည်းပါးသည်။ ထိုအိမ်ထောင်စုများ၏ ငါးပုံနှစ်ပုံသည် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်းတွင် မိသားစုမဟုတ်သော အခြားနေရာများမှ ချေးငွေများရယူခဲ့သည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြားတွင် အိမ်ထောင်စုပိုင် စီးပွားရေးလုပ်ငန်းရှိသော အိမ်ထောင်စုများသည် အကြီးမားဆုံးသော အိမ်ထောင်စုဝင်ငွေကျဆင်းမှုကို ကြုံတွေ့ရကြောင်းနှင့် အားလုံးထဲတွင် တိုင်းဒေသကြီးများမှ အိမ်ထောင်စုစီးပွားရေးလုပ်ငန်းများမှ အထိခိုက်ဆုံးဖြစ်ပြီး ၎င်းတို့၏ ဝင်ငွေသည် ၆၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရ၏ထောက်ပံ့ပေးမှုများကို အိမ်ထောင်စုများ၏ ထက်ဝက်နီးပါးသည် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေနှင့် စပ်လျဉ်း၍ အစိုးရထံမှ ငွေသားထောက်ပံ့ကြေးများ ရရှိခဲ့သည်ဟုသိရသည်။

ယေဘုယျအားဖြင့် ငွေသားထောက်ပံ့ကြေးများကို ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအား ဦးတည်ပံ့ပိုးပေးခဲ့ပြီး ထိုအိမ်ထောင်စုများသည် ဆင်းရဲနွမ်းပါးမှုမရှိသော အိမ်ထောင်စုများထက် ငွေသားထောက်ပံ့ကြေး လက်ခံရရှိနိုင်ခြေနှစ်ဆနီးပါး ပိုများသည်။

ကျေးလက်အိမ်ထောင်စုများ၏ ဆယ်ပုံတစ်ပုံနီးပါးသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုလျော့ပါးစေရန် အစိုးရကတောင်သူများထံ ထုတ်ပေးသည့် အထူးချေးငွေကို လက်ခံရရှိခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါစတင် ကူးစက်ပြန့်ပွားလာချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီတာခများ ကင်းလွတ်ခွင့်ပေးခဲ့သည်။ အိမ်ထောင်စုများအားလုံးနီးပါး ၈၉ ဒသမ ၃ ရာခိုင်နှုန်းက  မီတာခကင်းလွတ်ခွင့်ပေးမှုသည် အိမ်ထောင်စု၏ဝင်ငွေနှင့် စပ်လျဉ်း၍ ကောင်းကျိုးသက်ရောက်မှုရှိသည်ဟု ယူဆကြကြောင်း၊ အစိုးရ၏ မျိုးစေ့ထုတ်လုပ်မှုအစီအစဉ်ကို ထွန်စက် သို့မဟုတ် လက်တွန်းထွန်စက်ပိုင် ဆိုင်သော လယ်ယာလုပ်ကိုင်သည့် အိမ်ထောင်စုများ ၃၃ ဒသမ ၄ ရာ ခိုင်နှုန်းနှင့် စပါးစိုက်ပျိုးသော တောင်သူများအကြားတွင်သိရှိမှု အများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ၏ ၄၈ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာထောက်ပံ့မှုများ လက်ခံရရှိခဲ့ပြီး  ဆင်းရဲနွမ်းပါးခြင်းမရှိသော အိမ်ထောင်စုများမှာ ၂၁ ဒသမ ၆ ရာခိုင်နှုန်းသာ စားနပ်ရိက္ခာထောက်ပံ့မှုများ ရရှိသည်ဟု သိရသည်။

ဆင်းရဲနွမ်းပါးခြင်းမရှိသော အိမ်ထောင်စုများသည် ၂၀၁၇ ခုနှစ်က စီးပွားရေးအရ လုံခြုံမှုရှိသော အိမ်ထောင်စုများဖြစ်ခဲ့ကြပြီး ထိုအိမ်ထောင်စုများထဲမှအချို့သည် အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။ လက်ရှိတွင်  ထိုအုပ်စုသည် COVID-19 ကြောင့် များစွာအထိနာခဲ့ပြီး လက်ရှိအချိန်အထိ ၎င်းတို့သည် လုပ်ငန်းများ ပိတ်ထားရသဖြင့် ဝင်ငွေနည်းပါးနေခြင်း သို့မဟုတ် လုံးဝမရှိခြင်းကို ကြုံတွေ့နေရကြောင်း သတိပြုရမည်ဟု အစီရင်ခံစာကဆိုသည်။

 

(၄)

COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်လွှား၌ အလွန်ကြီးမားသည့် စီးပွားရေးတုန်ခါမှုကြီးကို ဖြစ်ပွားစေခဲ့ပြီးဖြစ်သည်။ လုပ်ငန်းကွန်ရက်များ ပြတ်တောက်သွားခြင်းနှင့် Social Distancing နည်းလမ်းကြောင့် အလုပ်များရပ်ဆိုင်းလိုက်ရခြင်းတို့ကြောင့်ဖြစ်သည်။

ကုလသမဂ္ဂကထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်ကလည်း COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။

ရောဂါကူးစက်ပျံ့နှံ့မှု၏ ရိုက်ခတ်ချက်သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကွဲပြားခြားနားမည် ဖြစ်သော်လည်း ယင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဆင်းရဲမွဲတေမှုနှင့် လူတန်းစားမညီမျှမှုကို မြင့်တက်နိုင်ခြေ အများဆုံးဖြစ်စေနိုင်သည်။

လူ့အဖွဲ့အစည်းများ၊ စီးပွားရေးများနှင့် အားနည်းသောအုပ်စုများအပေါ် COVID-19 အကျပ်အတည်းနှင့်ပတ်သက်သော ရိုက်ခတ်ချက်ကို သုံးသပ်ခြင်းသည် အချက်အလက်ပေးရန်၊ အကျပ်အတည်းမှနေ၍ ပြန်လည်နာလန်ထရေးအတွက် တုံ့ပြန်မှုများကို အံဝင်ခွင်ကျလုပ်ဆောင်ရန်နှင့် အားထုတ်မှုတစ်ရပ်၌ မည်သူမျှ နောက်ကျကျန်ရစ်ခြင်းမရှိစေရန်တို့အတွက် အခြေခံကျသည်။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးမှာ အကျဘက်သို့ဦးတည်နေသဖြင့် ယခုနှစ်အတွင်း လူသန်းရာနှင့်ချီ အလွန်အမင်း ဆင်းရဲမွဲတေမည့်အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာကပင် ပြောကြားထားသည်။

လတ်တလော မြန်မာ့စီးပွားရေးကဏ္ဍကိုကြည့်လျှင် ကုန်ထုတ်လုပ်ငန်းများ ကိုဗစ် Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာထိခိုက်နေပြီး ဝယ်လိုအားနည်းပါး၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်ရရှိမှု ကျဆင်းနေသည်။

ထို့ပြင် ကိုဗစ်ကပ်ရောဂါကာလအတွင်း ရန်ကုန်မြို့ပြဒေသနှင့် အပူပိုင်းဇုန်ကျေးလက်ဒေသ တို့တွင်လည်း ဆင်းရဲနွမ်းပါးမှုနှုန်း ရှစ်ဆခန့် မြင့်မားလာနိုင်သည့် အနေအထားများလည်းရှိနေကြောင်း အစီရင်ခံစာတစ်စောင်က ဖော်ပြထားသည်။

ကိုဗစ်ကြောင့် ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေအချက်အလက်များသည် ဆင်းရဲသောနိုင်ငံများအတွက် ခေါင်းခဲစရာပင်ဖြစ်သည်။

အစိုးရအနေဖြင့် မည်သည့် အချက်အလက်များအပေါ် အခြေခံ၍ သုံးသပ်သည်ဖြစ်စေ လက်ရှိကာလ၌ လူမှုစီးပွားဘဝများ ထိခိုက်ခံစားနေကြရသည်မှာ မငြင်းနိုင်ပေ။

COVID-19 ကပ်ရောဂါကို တုံ့ပြန်ရန် ခိုင်မာသည့်မူဝါဒများမရှိလျှင် အနာဂတ်အတွက် ပို၍ပင် စိုးရွံ့ရနိုင်ပေသည်။

မည်မျှရှည်ကြာမည် မသိသော COVID-19 တိုက်ပွဲကို ကြံ့ကြံ့ခံရင်ဆိုင်၍ ဆင်းရဲမွဲတေမှု မည်ကဲ့သို့ လျှော့ချနိုင်မည်ဆိုသည့်အချက်ကို တာဝန်ရှိသူများအနေဖြင့် ကြိုတင်တွက်ချက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသည်။