မှိုင်းမှုန်ရီေ၀ နေ့ရက်များ

မှိုင်းမှုန်ရီေ၀ နေ့ရက်များ
Photo:irishtimes
Photo:irishtimes
Published 21 February 2021
ဇော်သစ်ကြည်

ဆောင်းရက်လက်ကျန်ဖြစ်၍ နှင်းမှုန်များလည်း ဖြစ်နိုင်သည်။ နွေဦးကာလ မြူထခြင်းလည်း ဖြစ်နိုင်သည်။ သေချာသည်ကတော့ ဤနေ့ဤရက်များသည် မှိုင်းမှုန်ရီဝေနေသော နေ့ရက်များပင် ဖြစ်သည်။ ငယ်ကဖတ်ဖြစ်ခဲ့သော ဝတ္ထုဇာတ်လမ်းများ၊ ကြားခဲ့ဖူးသော ပုံပြင်ဇာတ်လမ်းများ၊ ရှေးစကားများအရ ၀ါးတစ်ရိုက်ခန့်အကွာ၊ ညီအစ်ကို မသိတသိ၊ နေဝင်ရီတရော၊ မှောင်ရိပ်သန်းဆိုသော စကားလုံးများကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ဤနေ့ဤရက်များ၏ မှိုင်းမှုန်ရီဝေမှုကိုတော့ အဘယ်သို့သောစကားလုံးများနှင့် စီရင်ထုံးဖွဲ့ရမည်ကို မတွေးတတ်အောင်ပင် ရှိနေသည်။ ထို့ကြောင့်ပင် မှိုင်းမှုန်ရီဝေ နေ့ရက်များဟူ၍ ခေါင်းစဉ်တပ်မိပါသည်။

ခက်တာက၊ နောက်တစ်ခု ရှိနေသေးသည်။ ခေါင်းစဉ်ကို ဖြစ်သလိုပင်၊ ဆွဲဆောင်မှု အားနည်းစွာ ရေးထိုးထားသော်လည်း စာကိုယ်အကြောင်းအရာများသည်လည်း ထိုနည်းနှင်နှင်ပင်၊ မှိုင်းမှုန်ရီဝေနေပြန်သည်။ ရှင်းလင်းပြတ်သားမှုမရှိလှ။ ထို့ကြောင့် မိမိကိုယ်ကိုပင် အားမရဖြစ်ရသည်။ ကြက်ဥ အစရှာမရခြင်းနှင့် ကြက်ဥနှင့် ကြက်မ သံသရာလည်နေပေသည်။ တစ်စစကို ဆွဲထုတ်ဖို့ ကြိုးစားရမည်ပင်။ ခါတိုင်းလို သားအဖသုံးယောက် လမ်းလျှောက်ထွက်သည်နှင့် စတင်ရမလား၊ ညဘက် ပုံပြင်ပြောသည်နှင့် စတင်ရမလား၊ အမေ ပြောခဲ့ဖူးသည်နှင့် စတင်ရမလား၊ အဖေ ဖတ်ခိုင်းသည်နှင့်  စတင်ရမလား ဂဃနဏ မရှိပေ။

ထိုသို့ ထုံးစံများ၊ ရိုးရာများနှင့် သွေဖည်နေသောကြောင့် ကီးဘုတ်ပေါ်မှ လက်တစ်စုံသည် တုံ့ဆိုင်းလေးတွဲ့နေသည်။ လျှောက်နေကျ လမ်းကြောတွင် ၏သည်မရွေး နားလည်သည်။ ခလုတ်၊ ကျင်း၊ ချိုင့်တို့ကို ရှောင်ကွင်းနိုင်သည်။ အချို့နေရာများတွင် ကိုယ်တိုင်ပင် ဖို့ခဲ့နုတ်ခဲ့သည် မဟုတ်ပါလား။ ကိုယ့်လက် ကိုယ့်ခြေဖြစ်၍ ကိုယ့်စကားတစ်ခွန်းပင် အတည်ဖြစ်သည်။ ခုတော့၊ သွားနေကျ လမ်းကြောလည်း မဟုတ်သည့်အပြင် မျက်လုံးနှစ်လုံးစလုံးကို အဝတ်နက်နှင့် စည်းနှောင်ပြီး လူကိုချာချာလည်အောင် မူးချာပတ်ချာရမ်းပြီးမှ လွှတ်လိုက်သည့် “လမ်း” ဖြစ်သည်။ သီချင်းတစ်ပုဒ်လို၊ ဦးညအလယ်သန်းခေါင်ယံမှာ ကပ္ပလီကြီးကို ကျွဲကြီးပေါ်တင်လွှတ်လိုက် သလိုပင်။

စိတ်အာရုံအစဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး စဉ်းစားခန်းဝင်မိသည်။ အကြောင်းအရာတို့သည် ပေါ်လိုက်ငုတ်လိုက် တွေ့ရသည်။ ဆားနှင့် သကြား ရောထားသည် ထက်ပင် ဆိုးသည်။ နွားနို့ထဲက ရေကို အဘယ်သို့ ခွဲထုတ်ရမည်နည်း။ အကြောင်းအချက်တို့က များများစားစား ရှိလှသည်။ သို့သော် မိတ်လိုက်ရာသီ၏ မြွေအလုံးကြီးနှင့် တူနေသည်။ တဝေါဝေါ အသံပေးကာ မြွေအလုံးကြီးသည် လှိမ့်ဆင်းလာသည်။ မထိရဲမကိုင်ရဲရုံမက ရှေ့တည့်တည့်က မတိုးမိအောင်ပင် မနည်းရှောင်ရှားရသည်။ “ဒါက မြွေဟောက်၊ ဒါက မြွေပွေး၊ ဒါက ငန်းတော်ကြား၊ ဒါက ခလောက်မြွေ” ဟူ၍ မခွဲခြားနိုင်အောင် ရှိလှသည်။

တစ်ခါက ဇာတ်တော်လာ ဇာတ်လမ်းတစ်ပုဒ်ကို သတိရမိသည်။ ဘုရားတကာ (ဒကာ) ကြီး တစ်ဦး၊ သေရာညောင်စောင်း လှဲလှောင်းနေရစဉ် နတ်ဘုံအသီးသီးက နတ်ရထားများ ဆိုက်ရောက်လာသည်။ “ဟိုနတ်ဘုံကလည်း သူ့ဘုံကို လိုက်ခဲ့ဖို့၊ ဒီဘုံကလည်း ခေါ်၊  ဟိုဘုံကလည်း ခေါ်” နှင့်  စိတ်ရှုပ်စရာ ဖြစ်ရသည်။ မန္တလေးဘူတာကြီးထဲ ရထားဆိုက်တော့ ဆိုက်ကားသမား၊ တက္ကစီသမားများက အပြိုင်အဆိုင် ခေါ်ယူဆွဲငင်ကြသလို ဖြစ်နေသည်။ ဘုရားတကာကြီးက “ဆိုင်းကြပါဦး၊ ဆိုင်းကြပါဦး” ဟု မြည်တွန်မိသောအခါ တရားဟောနေသော သံဃာတော်တို့က ရပ်တန့်ပြီး ကျောင်းပြန်ကြွသွားကြသည်။ သားသမီးများက “ဒို့ဖခင်တော့ သေငင်ဇောမျောပြီး သတိလက်လွတ်ဖြစ်ပြီ”ဟု ငိုကြွေးကြသည်။ ထိုမှ သတိဝင်လာသောအခါ “သံဃာတော်တို့ကို ဆိုင်းငံ့ခိုင်းတာမဟုတ်၊ နတ်ရထားထိန်းတို့ကို ဆိုင်းငံ့ခိုင်းသည်” ဟု ပြောသည်။ ထိုသို့ ပြောမှပင် “ကယောင်ကတမ်း ပြောနေပြီ” ထင်ကြပြန်သည်။ ထိုအခါ အဘယ်နတ်ဘုံက ကောင်းသနည်းဟု မေးမြန်း၊ သမီးတစ်ယောက်ကို ပန်းကုံးတစ်ကုံး ယူလာစေပြီး အဓိဋ္ဌာန်ဖြင့် ကောင်းကင်သို့ ပစ်လွှတ်စေသောအခါ ပန်းကုံးက နတ်ရထားမှာ ချိတ်မိပြီး တွဲလောင်းကြီး စွဲနေသည် မဟုတ်ပါလား။

ထို့သို့ပင် ဟိုကဒီက၊ ဟိုအကြောင်းဒီအကြောင်း၊ ရေးဖို့ထွေပြားနေသော်လည်း တစ်ကြောင်းကြောင်းကပင် စတင်ရတော့မည်ဖြစ်သည်။ ချိတ်လိုသည့် နတ်ရထားမှာ ချိတ်ပေတော့။

အကြောင်းအချက်တို့သည်ကား မယ်ဘုတ်၏ ချည်ခင်ကဲ့သို့ လုံးထွေးယှက်တင်နေသည်။ သပွတ်အူကဲ့သို့ ကျီးကန်းအသိုက်ကဲ့သို့ ရှုပ်ထွေးပွေလီနေသည်။ ဤသည်ပင် “အစ” ပေလားဟု အားနှင့်အင်နှင့် ဆွဲထုတ်လိုက်လျှင် ဖြတ်ခနဲ ပြတ်ကျန်နေခဲ့သည်။ ဤသည်က “ခေါင်း” ပေလားဟု အားကြိုးခနဲ ဆွဲထုတ်လိုက်လျှင် ဖြောင်းခနဲ ပြုတ်ထွက် သွားပြန်သည်။ နည်းနည်းပါးပါး စွန့်လွှတ်ကာ အလယ်လောက်က စလိုက်မည်ဆိုသော်လည်း အပိုင်းပိုင်း ပြတ်ကျန်ခဲ့ပြန်သည်။ ထို့ကြောင့် မြင်သာမြင်၊ မကြင်ရသောသူအဖြစ် အကြောင်းအချက်တို့ကို ထွေးပိုက်ထားရပေသည်။

မြင်လားဟု မေးလျှင် “မမြင်” ဟု၊ မမြင်ဘူးလားဟု မေးလျှင် “မြင်သည်” ဟု ဖြေရမလိုပင်။ တကယ်မြင်ရဲ့လားဟု ထပ်မေးလာလျှင် “တကယ်မမြင်ပါ”၊ တကယ်မမြင်ဘူးလားဟု မေးလာပါက “မြင်တော့ မြင်လိုက်ပါသည်” ဟု ဖြေရမလိုပင်။ သဲသဲကွဲကွဲဖြေလိုက်ချင်သော်လည်း သဲသဲကွဲကွဲမရှိလှ။ ဆရာမြို့မငြိမ်း သီချင်းထဲကလို၊ “ချောင်းလိုလို မြစ်လိုလို” ဟု စပ်ဆိုရမည် ဖြစ်သည်။ တစ်ခုသော ကမ်းစပ်မှာ ရပ်နေသလိုပေါ့လေ။

ထို့ကြောင့် သောင်းပြောင်းထွေလာသော အတွေးတို့ကို အရင်ရပ်တန့်ပစ်လိုက်မိသည်။ လက်ပ်တော့ကို ဖွင့်လိုက်သည်။ ဇွတ်ဖွင့်လိုက်သည်။ သတင်းထူးနိုးနိုး အဦးအဖျားကြားနိုးနိုးနှင့် ဆေးစာဖတ်ရာ၊ သိုက်စာဖတ်ရာ အနားကပ်နေမိသည် မဟုတ်လား။ သို့ သော် မစားရညှော်ခံဘဝသာ ဖြစ်နေသေးသည်။ အရင်က “ညှော်” ဟု ရေးဖွဲ့ကြသည်။ နောက်တော့ “ဂျင်း” ဟု သုံးနှုန်းလာသည်။ ခုတော့ “ဆိုက်ဝါး” ဟု သုံးစွဲလာပြန်သည်။ ကျွန်တော့်အနေနှင့်ကား ဉာဏ်တစ်ထွာတစ်မိုက်နှင့်ဖြစ်၍ “မှိုင်း” ဟူ၍ပင် လက်ခံပေတော့မည်။ ထိုမှိုင်းတို့ အုပ်ဆိုင်းနေသည်မှာ နှစ်ကာလများစွာ။

မြတ်ဗုဒ္ဓက သတိပဋ္ဌာန်တရားတော်တွင် လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်တွင် အမြဲသတိရှိနေဖို့ မှာကြားခဲ့သည်။ သို့သော် သွားရင်းကြည့်သည်နှင့် ထိုင်ကြည့်သည်တော့ မတူပေ။ လျောင်းလျက်၊ ရပ်လျက် ကြည့်ရလျှင်လည်း ကြာကြာမကြည့်နိုင်၍ “တရားထိုင်” ခိုင်းသည်ဟု သိရသည်။ ထို့ကြောင့် “ထိုင်ကြည့်သည်” ဆိုပါစို့။ ထိုင်ကြည့်တိုင်းလည်း မြင်ကွင်းက ရှင်းလင်းပြတ်သားမှု မရှိနိုင်ပြန်။ ထိုသည်ကိုပင် မြတ်ဘုရားက ဤသို့ ဥပမာပြထားသည်။

ကြည်လင်နေသော ရေပြင်တွင် မိမိမျက်နှာကို ထင်ရှားပြတ်သားစွာမြင်နိုင်သည်။ သို့သော် ရေသည် မငြိမ်လှုပ်ခတ်နေလျှင်၊ရေတွင် ဒိုက်ဖက်များ ရှိနေလျှင်၊ ရေတွင်အနည်၊ အမှုန်များရှိနေလျှင် ကြည်လင်စွာ မြင်တွေ့ရမည် မဟုတ်ပေ။ ထို့အတူ ကျွန်တော်တို့ စိတ်သဏ္ဌာန်တွင် လောဘ၊ ဒေါသ၊ မောဟ စသော မတည်ငြိမ်မှု၊ ဒိုက်ဖတ်၊ အနည်၊ အမှုန်များ ရှိနေပါက ကြည်လင်ထင်ရှားမည် မဟုတ်ပေ။ တရားသဘောသဘာဝများကို အရှိအတိုင်း မြင်ရမည် မဟုတ်ပေ။

ထို့အတူ ကျွန်တော်တို့ မိသားစုဝင်များ အကြား၊ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ ကျေးရွာ၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ် အသီးသီးတွင် စရာမှ စတင်ကာ ကားလာသည့် “စကား” များဖြင့် ဆက်သွယ်ပြောဆို ကြသည်။ အချို့သော စကားလုံးများက ကျွန်တော်တို့ ကိုယ်နှိုက်က ထွက်ပေါ်လာသည်။ အချို့သော စကားလုံးများကတော့ ကျွန်တော်တို့ နှလုံးသားက၊ ကျွန်တော်တို့ လျှာဖျားက ထွက်ပေါ်လာသည်။ အချို့သော စကားလုံးများက ကျွန်တော်တို့နှလုံးသားကို ကိုယ်စားမပြုဘဲ ဦးနှောက်က ထွက်ကျလာသည်။ အချို့ကတော့ နားထဲက လျှံကျလာသည်။ ကျွန်တော်တို့ပင် မသိလိုက်ဘဲ ကျွန်တော်တို့ ဦးနှောက်ကိုစီးကာ၊ ကျွန်တော်တို့ နှုတ်ကိုစီးကာ ထွက်ကျလာသော ရုပ်သေး၊ ကြိုးကိုင်စကားလုံးများလည်း ရှိနိုင်သည်။

အချို့က ထို့ထက်ပိုသည်။ ကျွန်တော်တို့ ကြံစည်သမျှတို့ကို စိုးမိုးထားသည်များ ရှိကြသည်။ ဤအကြံသည် သင့်တော်မှန်ကန်သည်၊ ဤသို့ မကြံစည်အပ်ဆိုသော သဘောထားများပင်။ ထိုသည်များမှာ စေတနာများ၊ မေတ္တာများ၊ ဂရုဏာများကို မြစ်ဖျားခံလာသည်များလည်း ရှိသည်။ “သာသာနဲ့ နာနာနှက်ခဲ့” သည် များလည်း ရှိမည်။ “တစ်သက်လုံး ကျေးဇူးရှင်ကြီး” အဖြစ် မှတ်ထင်သွားအောင် ပြုပြင်စီရင်ထားတတ်ကြသည်။ “အိုးမဖုတ်ခင် အိုးလုပ်စဉ်” ကတည်းက နဖူးမှာသံပူစာ အကပ်ခံရသည်လည်း ရှိမည်။ နှလုံးသားဝယ် ဘုရားတည်ထားသည်လည်း ရှိမည်။

သာမန်လူသားတစ်ယောက်အနေဖြင့် အလိုက်သင့် စီးမျောသွားမည်သာ ဖြစ်သည်။ “ဤသို့ မတွေးအပ်” ဟု စိတ်အစွဲရှိလျှင် မတွေးရဲအောင်ပင် ရှိလိမ့်မည်။ “ဘာကြောင့်၊ ဘာလို့” ဟူသော စောဒကများပင် မတက်ရဲရှိပေလိမ့်မည်။ ဤသည်မှာ “တရား၏၊ မတရား၏” ဟူ၍ပင် စိတ်မကူးရဲအောင်ပင် ရှိလိမ့်မည်။ ထို့ကြောင့်ပင် “ရှေးရိုးစွဲများ” ဟူ၍ ပေါ်လာခြင်း မဟုတ်ပါလား။

ငယ်ငယ်က ခြိမ်းခြောက်ခံခဲ့ရပုံများကို စဉ်းစားကြည့်ပါမည်။ “ညဘက်ကြီး လေမချွန်ကောင်းဘူး၊ ညဘက်ကြီး တံမြက်စည်း မလှည်းကောင်းဘူး”။ မလုပ်ကောင်းဘူးဆိုသည်မှာ ကုသိုလ်အကုသိုလ်နှင့် ဆက်စပ်ပြီး “ငရဲငအုံကြီးတတ်သည်” ဟု ဆိုလိုသည့်သဘောပင် မဟုတ်ပါလား။ “ဘာလို့ လေမချွန်ရတာလဲ၊ ဘာလို့ တံမြက်စည်းမလှည်းရတာလဲ” ဟု ရှင်းလင်းချက် မပေးပါ။ အရေးပေါ်အခြေအနေတွင် “ဥပဒေကဲ့သို့ တည်သောအမိန့်” ထုတ်သည်နှင့် တူနေသည်။ ငယ်ရွယ်သူအပေါ် “ဉာဏ်မမီနိုင်” ထင်ကာ အရေးတယူမရှိသည့် သဘောပင်။ လေးစားသမှုမပြုဘဲ “ဒါမလုပ်နဲ့၊ ဒါလုပ်” ဟု အမိန့်ပေးနေသလို ဖြစ်နေသည်။

တစ်ခါတလေတော့ ကိုယ်နှုတ်အမူအရာတို့ကိုပင် ထိန်းချုပ်ခံထားရတတ်သည်။ လူကြီးရှေ့ခေါင်းငုံ့သွား၊ ထမင်းစားရင် “ပြက် ပြက်” မြည်အောင်မစားရ၊ ဟင်းချိုဟင်းကို “ရှူး ရှူး” မြည်အောင် မသောက်သင့်စသော အခြေခံကျင့်ဝတ်များမှအစချီ၍ သူ့အသတ်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ရာမှားခြင်း၊ သေရည်အရက်မူးယစ်ဆေးဝါးသောက်သုံးခြင်း၊ လိမ်ညာစကားဆိုခြင်းစသည့် နိစ္စသီလများကိုပင် သင်ကြားခံခဲ့ရသည်။ ဆရာများသည်ပင် လူဝတ်ကြောင်၊ ပုထုဇဉ်များဖြစ်သဖြင့် တစ်ခါတလေ ဒေါသအလျောက်၊ တစ်ခါတရံ စိတ်ခံစားမှုအလျောက် သတ်မိသွားတတ်သည်။ သူ့အသက်ဆိုရာတွင် “လူ့အသက်ကိုပဲ အနည်းဆုံးရှောင်သင့်တာပေါ့”ဟု ဆိုမိလျှင် “တိရစ္ဆာန်လေးများ” အပေါ်ကျူးလွန်နိုင်သည်ဟု အထင်ရောက်သွားတတ်သည်။ တကယ်သာ မခိုးမဝှက်ဘူးဆိုလျှင် “လိုင်းကောင်း” သည်ဆိုသော အသက်မွေးဝမ်းကျောင်း အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းများ ရှိမည်မဟုတ်။ ထို့အတူ ကွမ်းတည်၊ လက်ဖက်တည်၊ ဆေးလိပ်ကမ်းသော အလေ့အထတို့သည်လည်း ကွယ်ပျောက်သွားနိုင်မည်။

“သူခိုးခိုးလျှင် ရထားတစ်တွဲ၊ ပညာတတ်ခိုးလျှင် တစ်စီးလုံးကုန်သည်” ဟု ကြားဖူးပါသည်။ “ပညာတတ်အောက်တန်းစား၊ ပညာတတ်အောက်တန်းစား” ဟူသောစကားလုံးသည် ယခုအခါ ပေါ်ပြူလာ ဖြစ်နေပါသည်။ ပညာသည် ကိုးကွယ်သောသူအတွက် အကွာအကွယ်ပေးနိုင်ပါသည်။ “မီးကပူမှာပေါ့၊ ပညာနဲ့ ကိုင်ရင်မပူဘူး” ဟု ကြားနာခဲ့ဖူးသည်။ ထို့ကြောင့် အချို့ကလည်း “သုရာ” ဆိုတာ “ဂဏ္ဍသုရာပါန” အနာရောဂါ ဖြစ်စေတတ်သော သေရည်၊ အလွန်မူးယစ်ကြမ်းတမ်းသော အရက်ကိုဆိုလိုသည်။ မူးအောင်မသောက်၊ ဘီယာလောက်သောက်မည်ဟူ၍ ပြောလာတတ်သည်။ ရှေးက “ယာဘ” မပေါ်သေးဘူး၊ ဘုရားပညတ်တော် မမူဘူးဟု ပြောဆိုသူများလည်း ရှိသည်။

ထို့ကြောင့် ထိုထိုဤဤသော “စကား” များကို ထုတ်နုတ်သုံးစွဲသောအခါ “ဘာကြောင့်၊ ဘယ်လို” ဟူ၍ စေတနာအရင်းခံကာ သင်ကြားပို့ချပေးသင့်သည်။ ခြေချုပ်ခတ်ထားပြီး “ပြေးချင်သလောက် စွမ်းသလောက် ပြေးကြည့်စမ်းပါ” လို့ မပြုသင့်ပေ။ ခေတ်စကားဖြင့် ပြောရလျှင် “ညစ်တွန်း တွန်းခြင်း” ပင် ဖြစ်သည်။ အလှမွေးထားသော လှောင်ချိုင့်ထဲက ငှက်ကလေးများနှင့် တူနေသည်။ သူ့အတွက်လား ကိုယ့်အတွက်လား မခွဲခြားနိုင်ပေ။

ငယ်စဉ်ကတည်းက လက်ရှိအချိန်ထိ တစ်ပါးသူတို့၏ “ပြောစကား၊ မျက်နှာအနေအထား၊ ကိုယ်အမူအရာ” တို့ကို တွေ့ကြုံထိသိခဲ့ရသည်။ ယခုအချိန်အထိ “ပျားသကာလား၊ ခါးတမာလား” မဝေဖန်နိုင်ပေ။ “ချစ်လို့ပြောသည်” ဆိုသော်လည်း “ငါ့ကျောပြင်မှာ နင့်ခြေရာကြီးနဲ့” ဖြစ်နေတတ်သည်။ “ရွှေလက်ကမ်း” သည်ဟုပြောကာ မစင်လူးထားရင် မခက်ပါလား။ ထို့ကြောင့် ဤရက်ပိုင်းသည် မှိုင်းမှုန်ရီဝေသော နေ့ရက်များပင် ဖြစ်သည်။