စွပ်စွဲပြစ်တင်မှုမှလွတ်မြောက်ခဲ့သော်လည်း ရတက်မအေးနိုင်သေးသည့် ထရန့်

စွပ်စွဲပြစ်တင်မှုမှလွတ်မြောက်ခဲ့သော်လည်း ရတက်မအေးနိုင်သေးသည့် ထရန့်
Published 19 February 2021
ရန်မျိုးအောင်

အမေရိကန်တွင် ဇန်နဝါရီ ၆ ရက်က ကွန်ဂရက်အစည်းအဝေးခန်းမဖြစ်သည့် Capitol အဆောက်အအုံစီးနင်းခံရမှုနှင့်ပတ်သက်ပြီး သမ္မတဟောင်းဒေါ်နယ်ထရန့်သည် ဒုတိယအကြိမ်မြောက် စွပ်စွဲပြစ်တင်ခံရမှုမှ လွတ်မြောက်သွားခဲ့သော်လည်း သက်ပြင်းချနိုင်သည့်အနေအထားမျိုး မဟုတ်သေးပေ။  ထရန့်အနေဖြင့် နောက်ပိုင်းတွင် တရားရုံးများသို့ရောက်ရှိနိုင်သည့် အလားအလာများရှိနေဆဲဖြစ်သည်။

ယခုအခါတွင် သာမန်ပြည်သူတစ်ဦးဖြစ်နေသည့် ထရန့်သည် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်ကကဲ့သို့ တရားရေးဆိုင်ရာ အကာအကွယ်များကို ရရှိတော့မည် မဟုတ်ပေ။ ယင်းအပြောင်းအလဲကြောင့်ပင် ဇန်နဝါ ရီ ၆ ရက်က Capitol အဆောက်အအုံ စီးနင်းမှုဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်မှုဖြင့် စွပ်စွဲပြစ်တင်ခံရမှုမှ လွှတ်ပေးရန်မဲပေးခဲ့သည့် ရီပတ်ဘလစ်ကန်များကပင် စွပ်စွဲပြစ်တင်မှုထက် တရားစွဲဆိုမှုများကို ပြုလုပ်ရန် ပြောကြားခဲ့ကြသည်။

“သမ္မတထရန့်ဟာ သူရုံးထိုင်ခဲ့ချိန်မှာ သူလုပ်ခဲ့တဲ့ အရာအားလုံးအတွက် တာဝန်ရှိနေဆဲဖြစ်ပါတယ်”ဟု အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ကန်တပ်ကီ ပြည်နယ်လွှတ်တော်အမတ် မစ်မက်ကွန်နေးက ပြောကြားခဲ့သည်။ ထရန့်အား တရားရေးအရ စွပ်စွဲမှုများပြုလုပ်ရာတွင် လွှတ်တော်တွင်း ကြားနာစစ်ဆေးမှုထက် တရားရုံးများကသာ ပို၍သင့်တော်သည်ဟု ၎င်းကပြောကြားခဲ့သည်။

လူငါးဦးသေဆုံးစေခဲ့သည့် Capitol အဆောက်အအုံစီးနင်းခံရမှုသည် နိုဝင်ဘာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ထရန့်အတွက် တရားရေးအရ ရင်ဆိုင်ရမည့် အမှုများထဲမှတစ်မှု အပါအဝင်ဖြစ်ခဲ့သည်။

ထရန့်သည် ဂျော်ဂျီယာပြည်နယ်တွင်လည်း ရွေးကောက်ပွဲအရာရှိများကို ဖိအားပေးမှုနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရပြီး မန်ဟက်တန်တွင်လည်း လျှို့ဝှက်စွာငွေကြေးပေးချေမှုများနှင့် စီးပွားရေးသဘောတူညီမှု များနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသည်။

သို့သော် ဆူပူမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုအတွက် ပြဋ္ဌာန်းထားသည့်ဥပဒေအရ ထရန့်၏ အပြစ်မကင်းမှုသည် တရားစွဲဆိုခံရမည့်အရေးမှ လွတ်မြောက်မည့် အခြေအနေမရှိသေးပေ။

သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်မှုအချို့ ရှိနေသည့်တိုင်ထရန့်သည် ယင်းဖြစ်စဉ်တွင် နစ်နာသူများ၏ တရားစွဲဆိုမှုကို ခံရဖွယ်ရှိနေသည်။ ယင်းတရားစွဲဆိုမှုများတွင်ထရန့်သည် ဆူပူအုံမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့ခြင်းဟုတ်၊ မဟုတ် အစရှိသည့် စွဲချက်များ ပါဝင်ဖွယ်ရှိသည်။

တရားရေးကျွမ်းကျင်သူများကမူ သင့်တော်သည့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖက်ဒရယ်အဆင့်အမှုတစ်ခုအတွက် တရားစွဲဆိုရန် ကန့်သတ်ထားသည့်အချိန်မှာ ငါးနှစ်ဖြစ်သည်။သက်သေ အထောက်အထားများမှာလည်း နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေသည်။

“စုံစမ်းစစ်ဆေးမှုတွေအရ ဖြစ်စဉ်အမှန်ကိုသိဖို့ အချိန်အရမ်းစောလွန်းနေပါသေးတယ်။ Capitol စီးနင်းတဲ့ ဖြစ်စဉ်မှာ လူပေါင်း ၂၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီး နောက်ထပ်ရာနဲ့ချီတဲ့လူတွေကိုလည်း လိုက်ဖမ်းနေပါတယ်။အဲဒီ လူတွေအားလုံးဟာ မျက်မြင်သက်သေတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်စဉ်မှာ လူတစ်ချို့က ‘ထရန့် လုပ်ခိုင်းလို့လုပ်တာ’ ဆိုတဲ့ ပြောကြားမှုမျိုးတွေ ရှိနေလို့ပါပဲ” ဟု ဖက်ဒရယ် ရှေ့နေဟောင်းတစ်ဦးဖြစ်ပြီး Loyola ဥပဒေတက္ကသိုလ်မှ ဥပဒေပါမောက္ခတစ်ဦးဖြစ်သည့် လော်ရီလီဗန်ဆန်က ပြောကြားခဲ့သည်။

Capitol စီးနင်းခံနေရချိန်မှာ ထရန့်ဘာလုပ်နေခဲ့လဲဆိုတာ မသိသေးပါဘူး။ အဲဒါဟာ အဓိကအချက်ပါ။ စွပ်စွဲပြစ်တင်မှုဟာ အဖြေတွေအများကြီး ထုတ်မပေးနိုင်ပါဘူး”ဟု ၎င်းကပြောကြားခဲ့သည်။

သို့သော် ဖက်ဒရယ်စုံစမ်းစစ်ဆေးသူများသည် ဂျူရီလူကြီးများ၏ တရားရုံးလာရောက်ရန် ဆင့်ခေါ်သည့် သမ္မန်စာများမှတစ်ဆင့် သက်သေအထောက်အထားများကိုရယူရန် အာဏာများရရှိထားသည်ဟု လီဗန်ဆန် က ပြောကြားခဲ့သည်။

“ဒါဟာ လွယ်ကူတဲ့အမှုတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအမှုဟာ အခုအချိန်မှာ ကျွန်မတို့သိချင်နေတဲ့ တစ်ခုတည်းသောအမှုဖြစ်ပြီး ပြောင်းလဲမှုရှိလာနိုင်ပါတယ်” ဟု လီဗန်ဆန်က ပြောကြားခဲ့သည်။

တရားရေးဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စမှာ Capitol အဆောက်အအုံ စီးနင်းမခံရမီ အချိန်တွင် အိမ်ဖြူတော်အနီး၌ပြုလုပ်သည့်စုရုံးပွဲတွင် ထရန့် သို့မဟုတ် မိန့်ခွန်းပြောကြားသူ မည်သူမဆိုသည် ဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဟုတ်၊ မဟုတ်နှင့် ၎င်းတို့၏ စကားလုံးများသည် မည်သို့အကျိုး သက်ရောက်စေမည်ကို ကြိုတင်သိရှိခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။

ထရန့်သည် ဇန်နဝါရီ ၆ ရက်က ၎င်း၏ ထောက်ခံသူများနှင့် စုရုံးတွေ့ဆုံပွဲတွင် ဂျိုးဘိုင်ဒင်၏ သမ္မတရွေးကောက်ပွဲအနိုင်ရရှိမှုကို အတည်ပြုရန် လွှတ်တော်အစည်းအဝေး ပြုလုပ်နေသည့် Capitol အဆောက်အအုံသို့ ချီတက်ကြရန် ၎င်း၏ထောက်ခံသူများကို တိုက်တွန်းခဲ့ပြီး ထောက်ခံသူများနှင့်အတူ ချီတက်မည်ဟုပင် ကတိပြုခဲ့သော်လည်း ထရန့်သည် Capitol သို့ ထောက်ခံသူများနှင့် အတူ အမှန်တကယ်ချီတက်ခဲ့ခြင်းမရှိပေ။

“ပျော့ညံ့နေရင် ကျွန်တော်တို့နိုင်ငံကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာမဟုတ်ဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံခဲ့ဘဲ ၎င်း၏ ထောက်ခံသူများနှင့် တွေ့ဆုံသည့်အခါတိုင်းတွင် ရွေးကောက်ပွဲတွင် မသမာမှုများရှိခဲ့ကြောင်းနှင့် မဲခိုးမှုများရှိခဲ့သည့် စကားများကို ပြောကြားခဲ့သည်။

ထရန့်၏ ရှေ့နေများကမူ ထရန့်သည် တရားမဝင်သည့် မည်သည့်အရာမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ စွပ်စွဲပြစ်တင်မှုမှလွတ်မြောက်ခဲ့ပြီးနောက် ထရန့်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း မည်သည့် အမှားအယွင်းမှ လုပ်ဆောင်ခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။

ဖက်ဒရယ်ရှေ့နေများကမူ ၎င်းတို့အနေဖြင့် Capitol အဆောက်အအုံ စီနင်းခံရမှုကို ရှုထောင့်ပေါင်းစုံမှ ကြည့်ရှုနေပြီး ယင်းဖြစ်စဉ်သည် သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှု ဟုတ်၊ မဟုတ် စုံစမ်းနေသည်ဟု ပြောကြားခဲ့သည်။

ကိုလံဘီယာခရိုင် အစိုးရရှေ့နေချုပ် ကားလ်ရာစင်းကမူ ခရိုင်ရှေ့နေများသည် ထရန့်အား ပြည်သူလူထုကို ဆူပူအုံကြွစေရန် အားပေးလှုံ့ဆော်သည့် ရာဇဝတ်မှုမြောက်သည့် အစီရင်ခံပြောကြားမှုများဆိုင်ရာ ဒေသန္တရ ဥပဒေအောက်တွင် တရားစွဲဆိုရန် သင့်၊ မသင့် စဉ်းစားနေကြသည်ဟု ပြောကြားခဲ့သည်။

ထရန့်၏ အိမ်ဖြူတော် ထိပ်သီးရှေ့နေတစ်ဦးကမူ ထရန့်အား တရားဥပဒေအရ တာဝန်ယူရလိမ့်မည်ဟု ဇန်နဝါရီလ ၆ ရက်တွင် ထပ်တလဲလဲသတိပေးခဲ့သည်။ ယင်းသတိပေးမှုကြောင့် ထရန့်သည် Capitol အဆောက်အအုံစီးနင်းမှုကို ရှုံ့ချခဲ့ပြီး ဘိုင်ဒင်ကျန်းသစ္စာကျိန်ဆိုမည့် ဇန်နဝါရီ ၂၀ ရက်တွင် အိမ်ဖြူတော်မှထွက်ခွာမည်ဟု ဝန်ခံခဲ့သည်။

ယင်းအချိန်မှစ၍ Capitol စီးနင်းမှုတွင် တရားစွဲဆိုခံထားရသူများက ၎င်းတို့သည် ထရန့်၏အမိန့်များအရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး အချို့မှာမူ သက်သေထွက်ဆိုပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်။

ထရန့်အား စွပ်စွဲပြစ်တင်မှုမှ လွှတ်ပေးရန် အခြားရီပတ်ဘလစ်ကန် ၄၁ ဦးနှင့်အတူ မဲပေးခဲ့သည့် မြောက်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် သွမ်တေးလစ်ကမူ ထရန့်သည် သမ္မတတစ်ဦးမဟုတ်တော့သဖြင့် လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်သည့်နည်းလမ်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

“အခြေခံအားဖြင့် တာဝန်အရှိဆုံးကတော့ ကျွန်တော်တို့ရဲ့ ပြစ်မှုဆိုင်ရာ တရားရေးစနစ်နဲ့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ဘယ်သမ္မတမှ ဥပဒေအထက်မှာမရှိပါဘူး။ ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုကလည်း လွတ်ငြိမ်းခွင့်ရမှာမဟုတ်ပါဘူး။ သမ္မတဟောင်းထရန့် အပါအဝင်ပေါ့” ဟု သွမ်တေးလစ်က ပြောကြားခဲ့သည်။