မြစ်ကြီးနား ဆန္ဒထုတ်ဖော်မှု ၁၁ ရောက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများကို ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရသူ အချို့ရှိကြောင်း ကနဦး သတင်းရရှိသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် မြစ်ကြီးနားမြို့ မန္တလေးကျောင်းတိုက်မှ ဦးပညာနှင့် ဆန္ဒပြပွဲတွင် ထော်လာဂျီဖြင့် လိုက်ပါလာသည့် ကားဆရာတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ခွန်ဂျာက ဆိုပါသည်။

တီးဝိုင်းဖြင့် ထိုင်သပိတ်ပြုလုပ်ရာတွင် ပြုလုပ်ခဲ့သူ တစ်ဦးက “ရဲနှင့် တပ်မတော်သားတွေ နှစ်ဖက် ပိတ်လိုက်တော့ အဖွဲ့သားတွေအားလုံး ထွက်ပြေးကြတယ်။ အခုကျွန်တော်တို့ ဆောင်းဘောက်တွေ၊ တခြားဆက်စပ် ပစ္စည်းတွေ သိမ်းသွားတယ်။ ဘယ်ကို လိုက်လို့လိုက်ရမှန်း မသိဘူး” ဟု ပြောကြားသည်။

မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး တင်ဖေဝင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း မဟုတ်ဘဲ လက်ရှိတွင် ရဲတပ်ဖွဲ့ အနေဖြင့် တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထားခြင်း မရှိကြောင်း ပြောကြားသည်။















