ပါလက်စတိုင်းတို့၏ ရွေးကောက်ပွဲနှင့်သံတမန်ရေးအိပ်မက်

ပါလက်စတိုင်းတို့၏ ရွေးကောက်ပွဲနှင့်သံတမန်ရေးအိပ်မက်
Photo:AFP
Photo:AFP
Published 18 February 2021
ခိုင်

ပါလက်စတိုင်းနှင့်အစ္စရေးအကြား သံတမန်ရေးတွန်းအားပြုမှုနှင့် ဆွေးနွေးမှုများမတိုင်မီ ပါလက်စတိုင်း ပြိုင်ဘက်နိုင်ငံရေး အဖွဲ့နှစ်ဖွဲ့ဖြစ်သော ဖာတာနှင့် ဟားမားစ်တို့က ရွေးကောက်ပွဲကျင်းပရန် သဘောတူခဲ့ခြင်းသည် ပါလက်စတိုင်းအုပ်ချုပ်ရေးစနစ်တွင် ယုံကြည်မှုပြန်လည်တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။

ပါလက်စတိုင်းနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦး၏ ပြောကြားချက်အရ အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင် ရွေးကောက်တင်မြှောက်ခံရမှုက ဖာတာအဖွဲ့၏ခေါင်းဆောင် မာမွတ်အဘက်စ်ကို ရွေးကောက်ပွဲတွင် စိတ်ပါဝင်စားစေရန် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

အစ္စရေးကို မျက်နှာသာပေးနေသည်ဟု စွပ်စွဲလျက် အဘက်စ်၏ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က သမ္မတဟောင်းဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့နှင့်ဆက်ဆံရေး ဖြတ်တောက်ထားပြီး လက်ရှိတွင်မူ အဘက်စ်သည် ဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့နှင့် ပြန်လည်စေ့စပ်ညှိနှိုင်းနေကာ ပါလက်စတိုင်းအဖွဲဲ့အစည်းများကို တရားဝင်ဖြစ်စေရေးအတွက် ကြိုးပမ်းရန်ဆန္ဒရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ အာရှက်ဖ်အဘူ အယ်ဟိုလ်က ပြောကြားခဲ့သည်။

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေဒေသတွင် ပါလက်စတိုင်း သြဇာအာဏာကို ထိန်းချုပ်နေသော အဘက်စ်သည် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပမည့် ပါလက်စတိုင်းရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ဇန်နဝါရီတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပါလက်စတိုင်းပြည်သူများ နောက်ဆုံးအကြိမ် ဆန္ဒမဲပေးခဲ့ကြသည့် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင် ဟားမားစ်အစ္စလာမစ်အဖွဲ့က အ့ံဖွယ်မဲရလဒ်ဖြင့် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ သို့သော် မဲရလဒ်ကို ဖာတာအဖွဲ့က အသိအမှတ်မပြုခြင်းကြောင့် နိုင်ငံအတွင်း လူသေဆုံးမှုများသော တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းနိုင်ငံရေးကို  နှစ်ခြမ်းကွဲစေခဲ့သည်။

အနောက်ဘက်ကမ်းခြမ်းဒေသအား ထိန်းချုပ်မှုကို ဖာတာက ဆက်လက်ထိန်းသိမ်းခဲ့သည့် ၂၀၀၇ ခုနှစ်ကတည်းက ဟားမားစ်အဖွဲ့သည် ဂါဇာတွင် သြဇာလွှမ်းမိုးထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ကိုင်ရို၌ တွေ့ဆုံဆွေးနွေးမှုအတွင်း ဖာတာနှင့် ဟားမားစ်အဖွဲ့သည် ရွေးကောက်ပွဲလွန် ဝရုန်းသုန်းကားဖြစ်စဉ်များ ထပ်မံဖြစ်ပွားခြင်းမျိုးမှ ကာကွယ်ရန်အတွက် မေ ၂၂ ရက်တွင် ကျင်းပမည့် ဥပဒေပြုရွေးကောက်ပွဲအတွက် အခြေခံမူများကို သဘောတူညီခဲ့ကြသည်။

ထို့ပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ရွေးကောက်ပွဲကို အကြောင်းပြု၍ ဖြစ်ပွားလာသော မည်သည့်အမှုကိစ္စကိုမဆို အထူးသီးသန့်တရားစီရင် ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော ရွေးကောက်ပွဲဆိုင်ရာ တရားရုံးကို စီစဉ်ထားရှိရန်လည်း နှစ်ဖက်အဖွဲ့က သဘောတူခဲ့ကြသည်။

“ပါလက်စတိုင်းနိုင်ငံသား အချင်းချင်းစည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံတကာအဖွဲ့အစည်းက အစ္စရေး-ပါလက်စတိုင်း စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာအောင် တွန်းအားပေးမှာ မဟုတ်ပါဘူး။ ဖာတာ-ဟားမားစ်ဆွေးနွေးပွဲတွေကို ဂျော်ဒန်နဲ့အီဂျစ်က ထောက်ခံခဲ့ကြပါတယ်။ အစ္စရေးနဲ့ အာရပ်နိုင်ငံလေးနိုင်ငံ ယူအေအီး၊ ဘာရိန်း၊ မော်ရို ကို၊ ဆူဒန်တို့အကြား ပုံမှန်ဆက်ဆံရေးထူထောင်မယ့် သဘောတူညီချက်တွေကလည်း ပါလက်စတိုင်းပြိုင်ဘက်နိုင်ငံရေးအဖွဲ့နှစ်ဖွဲ့ကို တစ်လေသံတည်းထွက်အောင် တွန်းအားပေးခဲ့ပါတယ်” ဟု အဘူအယ်ဟိုလ်က ပြောကြားခဲ့သည်။

သမ္မတထရန့်လက်ထက်က ကြားဝင်လုပ်ဆောင်ပေးခဲ့သော Abraham Accords ဟု အသိများသည့် သဘောတူညီချက်များက ပါလက်စတိုင်းပဋိပက္ခကို ဖြေရှင်းပြီးသည်အထိ အစ္စရေးနှင့်ဆက်ဆံရေးထူထောင်မှုကို ဆန့်ကျင်နေကြသော အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ နှစ်ပေါင်းများစွာကြာ ထိန်းသိမ်းလာသည့် သဘောဆန္ဒနှင့် သွေဖည်နေခဲ့သည်။

ဥရောပသမဂ္ဂနှင့်အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် အမည်ပျက်စာရင်းသွင်းထားသော ဟားမားစ်အဖွဲ့အတွက်မူ ရွေးကောက်ပွဲသည် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) အတွင်းပူးပေါင်းခွင့်ရရန် ကမ်းလှမ်းသော အခွင့်အရေးတစ်ခုကဲ့သို့ ဖြစ်နေသည်။

“PLO အဖွဲ့ထဲ ပူးပေါင်းရင်း နိုင်ငံတကာက အသိအမှတ်ပြုတာကို ဟားမားစ်က အလိုရှိပါတယ်။ ပြီးတော့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ မိတ်ဖက်ဖြစ်ချင်တဲ့ဆန္ဒလည်း ဟားမားစ်မှာရှိတယ်။ အကြောင်းကတော့ စည်းလုံးညီညွတ်မှုကသာ အစ္စရေးကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေတဲ့အတွက်ပါ” ဟု အမည်မဖော်လိုသူ ဟားမားစ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံရခြင်းထက် အခြားသောရွေးချယ်စရာ လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရမည်ဆိုပါက ဟားမားစ်အဖွဲ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ရွေးကောက်ပွဲ ဖြစ်ကြောင်း Centre for Arab Progress အကြံပေးအဖွဲ့ခေါင်းဆောင် မိုဟာမတ်မာရှာကွာက ဆိုသည်။

“ရွေးကောက်ပွဲကျင်းပခြင်းကနေ အများယုံကြည်လက်ခံမှုကို ပြန်လည်တည်ဆောက်ဖို့ ဆန္ဒရှိနေကြတဲ့ ဟားမားစ်နဲ့ ဖာတာကို ထောက်ခံပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲက အနောက်ဘက်ကမ်းခြေဒေသမှာရှိတဲ့ ရာမယ်လာဒေသနဲ့ ဂါဇာဒေသအကြားမှာ ခေါင်းနှစ်လုံးမကောင်းဆိုဝါး တစ်ကောင်ကို လက်သပ်မွေးနေဦးမှာပါ”ဟု လန်ဒန်အခြေစိုက် ပါလက်စတိုင်းအရေး လေ့လာသုံးသပ်သည့်အဖွဲ့မှ ကျွမ်းကျင်ပညာရှင် အဗ္ဗဒယ်ဆာလမ်အာကွယ်က ပြောကြားခဲ့သည်။

ဟားမားစ်နှင့်ပြန်လည်ရင်ကြားစေ့သည့် ကိစ္စအပြင် ဖာတာအဖွဲ့သည် အဖွဲ့တွင်း စိတ်ဝမ်းကွဲမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရဦးမည်ဖြစ်သည်။

လက်ရှိတွင် ယူအေအီးသို့ ထွက်ပြေးတိမ်းရှောင်နေသော ဂါဇာလုံခြုံရေးအကြီးအကဲဟောင်း မိုဟာမတ်ဒါလန်နှင့် ဖာတာခေါင်းဆောင် အဘက်စ်အကြား သဘောထားကွဲလွဲနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

သစ္စာဖောက်တစ်ဦးအဖြစ် အနောက်ဘက်ကမ်းခြေဒေသမှ လူအများအပြားက ဝေဖန်ပုတ်ခတ်ကြသည့် ဒါလန်သည် နိုင်ငံတကာမှ အင်အားစုများနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ၎င်း၏မွေးရပ် ဂါဇာမှ ပါလက်စတိုင်းများအပါအဝင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသော ပါလက်စတိုင်းအချို့၏ ထောက်ခံမှုကို ရရှိနေသူ ဖြစ်သည်။ ထို့ပြင် ဒါလန်သည် ပါလက်စတိုင်းရွေးကောက်ပွဲတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လာမည့်သူလည်း ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ ရုပ်လုံးပေါ်လာမည့် ညွန့်ပေါင်းအစိုးရအဖွဲ့သစ်၏ အခြေအနေကို စောင့်ကြည့်အကဲဖြတ်ရန် ပါလက်စတိုင်းနိုင်ငံရေး လေ့လာသုံးသပ်သူများက စိတ်ဆန္ဒစောနေကြသည်။

အကောင်အထည်ပေါ်လာမည်ဟု ခန့်မှန်းရသော ပါလက်စတိုင်းညွန့်ပေါင်းအစိုးရအဖွဲ့သစ်တွင် ဖာတာ-ဟားမားစ်အဖွဲ့မှ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဖာတာအဖွဲ့တွင်းမှ အဘက်စ်ဆန့်ကျင်ရေးအဖွဲ့ခွဲများနှင့် အထင်ကရနိုင်ငံရေးသမား မာဝမ်ဘယ်ရ် ဂူသီလည်း ပါဝင်လာနိုင်ဖွယ်ရှိသည်။

ပါလက်စတိုင်းမှ မန်ဒဲလားဟု ထောက်ခံသူများက တစ်ခါတစ်ရံ ရည်ညွှန်းကြသော ဘယ်ရ်ဂူသီသည် အကြမ်းဖက်မှုစွဲချက်များဖြင့် အစ္စရေးအကျဉ်းထောင်တွင် တစ်သက်တစ်ကျွန်းထောင်ဒဏ် အများအပြားကျခံနေရသူဖြစ်သည်။

ဖာတာဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ထိပ်တန်းကိုယ်ရေးအရာရှိဖြစ်သူ ဟူစိန်အယ်ရှိတ်က ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးအကျဉ်းထောင်၌ ဘယ်ရ်ဂူသီကို သွားရောက်တွေ့ဆုံခဲ့ကာ ပါလက်စတိုင်းရွေးကောက်ပွဲအတွင်း ပြင်ဆင်စရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။