နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၄၀၀ အထက်ဖြစ်လာခြင်းနှင့်အတူ ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သော ရွှေဈေးနှုန်း၊ တစ်ပတ်ကျော်အတွင်း တစ်လီတာ ကျပ် ၇၀ မြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်း

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၄၀၀ အထက်ဖြစ်လာခြင်းနှင့်အတူ ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သော ရွှေဈေးနှုန်း၊ တစ်ပတ်ကျော်အတွင်း တစ်လီတာ ကျပ် ၇၀ မြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်း
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေးကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေးကောင်တာတစ်ခုကို တွေ့ရစဉ်
Published 14 February 2021
စည်သူအောင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍  ပြည်တွင်းစျေးကွက်အတွင်း ရွှေစျေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် စက်သုံးဆီစျေးနှုန်းများ သိသိသာသာမြင့်တက်လာခဲ့ပြီး ရွှေစျေးနှုန်းသည် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ နိုင်ငံခြား ငွေလဲနှုန်းလည်း ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၃၃၀ ကျော်ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ခုန်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် ကျပ် ၁၄၄၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ ဒေါ်လာစျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းစက်သုံးဆီစျေးနှုန်းလည်း သိသိသာသာမြင့်တက်လာခဲ့ပြီး တစ်ပတ်ကျော်အတွင်းတစ်လီတာ ကျပ် ၇၀ အထိ မြင့်တက်လာခြင်း ဖြစ်သည်။

တစ်ဒေါ်လာ ကျပ် ၁၄၀၀ အထက်ဖြစ်လာသော နိုင်ငံခြားငွေလဲနှုန်း

ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းသည် ဖေဖော်ဝါရီ ၁ ရက်မှ ၁၂ ရက်အထိ ၉၀ ပွိုင့် ဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၄၀ ဝန်းကျင်အထိ ဖေဖော်ဝါရီ ၄ ရက်တွင် မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၃ ရက်တွင်လည်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ အထက် ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းများမှာ သြဂုတ်တွင် ၉၃ ဒသမ ၈၉ ပွိုင့်၊ စက်တင်ဘာတွင် ၉၄ ဒသမ ၇၅ ပွိုင့်၊ အောက်တိုဘာတွင် ၉၄ ဒသမ ၁၂ ပွိုင့်၊ နိုဝင်ဘာတွင် ၉၄ ဒသမ ၂၄ ပွိုင့်၊ ဒီဇင်ဘာတွင် ၈၉ ဒသမ ၉၃ ပွိုင့်၊ ဇန်နဝါရီတွင် ၉၁ ဒသမ ၀၂ ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့်ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၈ ခုနှစ်အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ် အထိပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန်  ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ်လာကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။ မတ် ၁၀ ရက်တွင် တစ်ဒေါ်လာကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့ပြီး ဧပြီလတွင် ၁၄၄၀ ကျပ်၊ မေလတွင် ၁၄၂၆ ကျပ်အထိပြန်တက်ခဲဲ့ပြီး ဇူလိုင်တွင် ၁၃၆၇ ကျပ်၊ သြဂုတ်တွင် ၁၃၄၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇ ကျပ်အထိ ပြန်ကျခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၁၄၃၆- ၁၄၆၅ ကျပ်၊ မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်တို့ ဖြစ်သည်။

ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သော ရွှေစျေးနှုန်း

ဖေဖော်ဝါရီ ၆ ရက်တွင် ကမ္ဘာ့ရွှေစျေးနှုန်း ၁၈၀၀ ဒေါ်လာ ဝန်းကျင်သာရှိခဲ့သော်လည်း ပြည်တွင်းစျေးကွက်တွင် ဒေါ်လာစျေး မြင့်တက်မှုကြောင့် စံချိန်တင်ရွှေစျေးနှုန်းအဖြစ် ကျပ် ၁၄၂၀၀၀၀ အထိ မြင့်တက်ခဲ့သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ်  ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက် တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်၌ ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၁ လအကြာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၅ ရက်တွင် ကျပ် ၁၃၁၈၀၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀ ဖြင့် ယခင်စံချိန်များကို ကျော်လွန်၍ စံချိန်ထပ်တင်ခဲ့သည်။ ယင်းနောက် ငါးလအကြာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကျပ် ၁၃၃၆၀၀၀၊ ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြင့် စံချိန်သစ် ထပ်တင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၅၅၀၀၊ စက်တင်ဘာတွင် ကျပ် ၁၂၉၈၀၀၀-၁၃၂၀၀၀၀၊ အောက်တိုဘာတွင် ကျပ် ၁၃၀၇၅၀၀-၁၃၁၉၀၀၀၊ နိုဝင်ဘာတွင် ကျပ် ၁၂၆၆၇၀၀-၁၃၁၈၀၀၀၊ ဒီဇင်ဘာတွင် ကျပ် ၁၂၇၅၀၀၀-၁၃၃၃၀၀၀၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ်  ၁၃၁၆၅၀၀- ၁၃၃၆၀၀၀ ဖြစ်သည်။

တစ်ပတ်ကျော်အတွင်း တစ်လီတာကျပ် ၇၀ မြင့်တက်ခဲ့သော စက်သုံးဆီစျေးနှုန်း

ကမ္ဘာ့ရေနံစျေးနှုန်း ပြန်မြင့်တက်မှုနှင့်အတူ ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ နိုဝင်ဘာလမှစ၍ ပြန်လည်မြင့်တက်လာပြီး နိုဝင်ဘာ ၁၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း တစ်လီတာ ကျပ် ၁၆၀ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁ ရက်မှစ၍  ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ စျေးနှုန်းမြင့်တက်မှု မြန်ဆန်လာပြီး တစ်ပတ်ကျော်အတွင်း တစ်လီတာ ကျပ် ၇၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၇၆၅ ကျပ် (တစ် ဂါလန် ၃၄၇၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၇၇၅  ကျပ် (တစ်ဂါလန်  ၃၅၂၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၂၅ ကျပ် (တစ် ဂါလန် ၃၂၉၅ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၈၃၅ ကျပ် (တစ်ဂါလန် ၃၇၉၅ ကျပ်) ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိဖြစ်ပေါ်ခဲ့သော ပြည်တွင်းစက်သုံးဆီစျေးနှုန်း အတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ် အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာကျပ် ၅၅၀ မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ်လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ်လီတာ ၁၅ ကျပ်ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာကျပ် ၁၀ ပြန်လည် မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တစ်လီတာကျပ် ၂၀၊  စက်တင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း  တစ်လီတာ ၁၀ ကျပ်မှ ကျပ် ၃၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အတွင်း တစ်လီတာကျပ် ၂၃၀ စီပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။