တောင်ပေါ်ဒေသနေ တောင်ရိုးတိုင်းရင်းသားတွေရဲ့ဘ၀ ဘယ်တော့တိုးတက်လာမလဲ

တောင်ပေါ်ဒေသနေ တောင်ရိုးတိုင်းရင်းသားတွေရဲ့ဘ၀ ဘယ်တော့တိုးတက်လာမလဲ
ညောင်ရွှေမြို့နယ် ကျားတွန်တောင်ပေါ်ကျေးရွာတွင် ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်ရိုးအမျိုသားနေ့အခမ်းအနားတွင် တောင်ရိုးတိုင်းရင်းသားများကို တွေ့ရစဉ်
ညောင်ရွှေမြို့နယ် ကျားတွန်တောင်ပေါ်ကျေးရွာတွင် ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်ရိုးအမျိုသားနေ့အခမ်းအနားတွင် တောင်ရိုးတိုင်းရင်းသားများကို တွေ့ရစဉ်
Published 14 February 2021
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးမှာ မှီတင်းနေထိုင်ကြတဲ့ ၃၃ မျိုး ကျော်သော တိုင်းရင်းသားလူမျိုးစု အားလုံးထဲမှာ လူနည်းစုတိုင်းရင်းသားများနဲ့ တောင်ပေါ်ဒေသနေ တိုင်းရင်းသားလူမျိုးစုများ၏ ဘ၀များဟာ လိုအပ်ချက် အင်မတန်များပြားနေတာ အားလုံးသိပြီးဖြစ်ပါတယ်။ ထို့ပြင် ပျောက်ကွယ်မယ့်အရေးနဲ့ ကြုံတွေ့နေရတဲ့ လူနည်းစုတိုင်းရင်းသားတွေလည်း ရှိနေသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဘ၀ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေခဲ့တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ အင်မတန်မှများပြားစွာ တည်ရှိနေထိုင်ကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူနည်းစုတိုင်းရင်းသားလို့မခေါ်ဆိုနိုင်ပေမဲ့ ဖွံ့ဖြိုးမှုနောက်ကျပြီး ကျန်နေခဲ့တဲ့လူမျိုးနဲ့ မျိုးနွယ်စုတွေထဲမှာ တောင်ရိုးတိုင်းရင်းသားများလည်းအပါအ၀င် ဖြစ်ပါတယ်။ တောင်ရိုးတိုင်းရင်းသားများဟာ မြေပြန့်မှာလည်း နေထိုင်ကြတာရှိပြီး အများစုမှာတောင်ပေါ်ဒေသများတွင် နေထိုင်ကြခြင်းဖြစ်ကာ လိုအပ်ချက်များစွာ ရှိနေပါတယ်။

ရိုးရာလက်မှုလုပ်ငန်းမှ စက်မှုလုပ်ငန်းကို ဘယ်တော့ပြောင်းလဲမလဲ

တောင်ပေါ်ဒေသမှာ အများစုနေထိုင်ကြတဲ့ တောင်ရိုးတိုင်းရင်းသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ရိုးရာဓလေ့အရ စိုက်ပျိုးရေးနဲ့ ရိုးရာလက်မှုလုပ်ငန်းတွေလောက်ပဲရှိပြီး စိုက်ပျိုးရေးမှာလည်း လက်ဖက်၊ တောင်ယာစပါးနဲ့ ပြောင်းတို့ကိုသာ မိရိုးဖလာ စိုက်ပျိုးကြလို့ ၀မ်းစာဖူလုံမှုကိုတောင် အနိုင်နိုင်ရုန်းကန်ရှာဖွေစားသောက်ကြရပါတယ်။ ဒါ့ပြင် ရိုးရာလက်မှုလုပ်ငန်းတွေမှာဆိုရင် ရှေးရိုးရာပစ္စည်းကိရိယာတွေနဲ့ လုပ်ကိုင်လာကြတဲ့အတွက် လုပ်ငန်းတွင်ကျယ်မှုနဲ့ ဈေးကွက်ဝင်မှု အားနည်းနေတာ တွေ့ရပါတယ်။ ဒီလို ရိုးရာလက်မှုလုပ်ငန်းတွေကို ခေတ်မီစက်မှုလုပ်ငန်းတွေနဲ့ ရိုးရာနည်းစနစ်ပေါင်းစပ်လိုက်မယ်ဆိုရင် နိုင်ငံတကာဈေးကွက်ရင်ပေါင် တန်းနိုင်တဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်လာနိုင်မှာ မလွဲမသွေပါပဲ။

ညောင်ရွှေမြို့နယ်၊ ကျားတွန် နဲ့ လက်မောင်းကွေးတောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ တောင်ရိုးဓလေ့ရိုးရာ လက်မှုလုပ်ငန်းများ လျှပ်စစ်မီး၊ ဈေးကွက်နှင့် စက်ပစ္စည်းကိရိယာ လိုအပ်ချက်များရှိနေကြောင်း လက်မှုပညာရှင်များက ပြောကြားပါတယ်။

ထူးခြားလှတဲ့ တောင်ရိုးဒေသ ကျားတွန်ရွာကလေး

ညောင်ရွှေမြို့နယ်ရှိ ကျားတွန်ကျေးရွာ ထူးခြားချက်မှာ မြန်မာ့ရိုးရာပန်း ၁၀ မျိုးမှာ ငါးမျိုးခန့်လုပ်ကိုင်ကြခြင်းဖြစ်ပြီး ရိုးရာလက်မှုလုပ်ငန်းများအဖြစ် ကြေးသွန်းနဲ့ ငွေထည်လုပ်ငန်း၊ သစ်ထွင်းပန်းပု လုပ်ငန်း၊ အိုးစည်ထွင်းလုပ်ငန်း၊ ၀ါးလက်မှုပစ္စည်းလုပ်ငန်း၊ ရိုးရာရက်ကန်းလုပ်ငန်းများနဲ့ ပန်းချီ၊ ပန်းပု၊ ပန်းရန် စတဲ့ လက်မှုလုပ်ငန်းများကို မိရိုးဖလာအဖြစ် ဘိုးစဉ်ဘောင်ဆက်မှ လုပ်ကိုင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

ကျားတွန်ကျေးရွာမှာ ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူ ဦးဖိုးငွေ၏ ပြောကြားချက်အရ ကြေးသွန်းလုပ်ငန်းဟာ ရှေးခေတ်က ဟင်္သာအလေးကို အသုံးပြုခဲ့ကြသော်လည်း ရှေးဟောင်းပစ္စည်းဟုဆိုကာ အ၀ယ်လိုက်ခြင်းကြောင့် ဟင်္သာအလေးများ ကုန်သလောက်ဖြစ်ခဲ့ရပြီး ပစ္စည်းပြတ်သဖြင့် ကျားတွန်ကျေးရွာမှ အဘိုးကြီးကို မေးမြန်းကြည့်ရာ ဟင်္သာအလေးကိုလုပ်၍ ရပါကြောင်း၊ ၁၉၉၀ ခုနှစ်ကျော်မှ စတင်၍ ကြေးသွန်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လုပ်ကိုင်သူ ၁၅ ဦးခန့်ရှိကာ ကြေးသွန်းပစ္စည်း ဈေးကွက်အခက်အခဲရှိပြီး တစ်ရက်လျှင် ရှစ်ထောင်ကျပ်ခန့်သာ ရရှိကြောင်း၊ ထမင်းစားလက်မှတ်သာ ရရှိကြောင်း၊ စီးပွားမဖြစ်နိုင်ကြောင်း၊ ဈေးကွက်လမ်းညွှန်နိုင်လျှင် ပိုကောင်းကြောင်း ကြေးသွန်းပညာရှင် ဦးဖိုးငွေက ပြောပါတယ်။

ကျားတွန်ကျေးရွာမှာ တောင်ရိုးတိုင်းရင်းသား ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သော သစ်ထွင်းပန်းပုလုပ်ငန်းက ပျောက်ကွယ်လုနီးပါး ဖြစ်လာသဖြင့် နောက်ပိုင်းနှစ်များတွင် လုပ်ကိုင်လာကြခြင်းဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက်ကျန်ရစ်ခဲ့သော ရိုးရာအမွေအနှစ် သစ်သားအရုပ်များကို သုတေသီများက လိုက်လံစုဆောင်းလာကြသဖြင့် ဈေးကွက်တစ်ခုဖြစ်လာကာ ရှေးဟောင်းသစ်သားပန်းပုရုပ်စုံများကို ပြန်လည်လုပ်ကိုင်လာကြခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားသားများသာ ၀ယ်လက်ရှိကြောင်း၊ အင်းလေးဒေသမှာ လုပ်ကိုင်သူများလည်းရှိပြီး လက်ရာပိုင်းတွင် ကျားတွန်ဒေသထွက် သစ်သားပန်းပုရုပ်စုံများက ရှေးဟောင်းလက်ရာပိုတူသဖြင့် လူကြိုက်များကြောင်း၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများလည်း လိုအပ်ပါကြောင်း၊ လက်မှုလုပ်ငန်းပညာရှင် ၁၅ ဦးခန့် လုပ်ကိုင်ကြပါကြောင်း လက်သမားဆရာ လက်မှုပန်းပုပညာရှင်ဘိုးရုံက ပြောပါတယ်။

ကျားတွန်ရွာတွင် ရိုးရာရက်ကန်းလုပ်ငန်းအဖြစ် လွယ်အိတ်နဲ့ ခေါင်းပေါင်းတဘက်များ ရက်လုပ်ခြင်းလုပ်ငန်းကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာကြပြီး တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခြင်းဖြစ်၍ လွယ်အိတ်ကို အင်းလေးပို့ရောင်းကြောင်း၊ တခြားလုပ်ငန်းမရှိဘဲ လွယ်အိတ်တစ်မျိုးတည်း လုပ်ကိုင်ကြောင်း၊ စားသောက်ရုံသာရပါကြောင်း၊ ရွာတွင်သုံးဦးသာ လုပ်ကိုင်သူရှိသည်ဟု မနန်းကျော့က ပြောပါတယ်။

ကျားတွန်ကျေးရွာမှာ အိမ်ခြေပေါင်း ၆၅၀ ခန့်ရှိပြီး လူဦးရေ ၃၂၀၀ ၀န်းကျင်ရှိသော်လည်း သောက်သုံးရေရှားပါးခြင်းနဲ့ ကျန်းမာရေးလိုအပ်ချက်ရှိကာ ယခင်နှစ် ၂၀၁၉ ခုနှစ် မေလနှောင်းပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် လူ ၅၀ ကျော် ဖျားနာခြင်းဖြစ်ပွားခဲ့သဖြင့် ညောင်ရွှေပြည်သူ့ဆေးရုံကြီးတွင် လူ ၃၀ ခန့် တက်ရောက်ကုသခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖျားနာမှုဖြစ်ပွားရခြင်းသည် ရေရှားပါးခြင်း၊ မိုးရေလှောင်ကန်တို့ကိုသာ အသုံးပြုရခြင်း၊ ရေမသန့်ရှင်းခြင်း၊ သောက်သုံးရေအတွင်း ခိုချေးများ ပါဝင်နေခြင်း၊ ခြင်များကြောင့် ရောဂါဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ကျေးပေါခုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက ပြောပါတယ်။

လက်မောင်းကွေး တောင်ပေါ်ဒေသ တောင်ရိုးတိုင်းရင်းသားများ၏ ရိုးရာဝါးလက်မှုလုပ်ငန်းကို ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် စတင်လုပ်ကိုင်လာကြခြင်းဖြစ်ပြီး ၀ါးလက်မှုအတတ်ပညာများပြန့်ပွားစေရန် သင်တန်းများပေးခြင်း၊ နေ့စားဝင်ရောက်လုပ်ကိုင်စေခြင်းတို့ဖြင့် လက်မှုပညာသင်ကြားပေးခြင်းရှိကြောင်း၊ လက်မောင်းကွေးတောင်ပေါ်ဒေသတွင် ၀ါးလက်မှုလုပ်ငန်းဆောင်ရွက်သူ များလာကြောင်း သိရပါတယ်။ လက်မောင်းကွေး တောင်ပေါ်ဒေသမှာ ရေရှားပါးခြင်းနှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး လျှပ်စစ်မီးမရရှိသဖြင့် ၀ါးလက်မှုလုပ်ငန်းတွင် စက်ပစ္စည်းများဖြင့် အစားထိုးသုံးစွဲနိုင်ရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ အော်ဒါမှာထားသည်ကို အချိန်မီမပို့နိုင်ခြင်းတို့ကြောင့် လျှပ်စစ်မီး၊ မော်တာတို့ဖြင့် ဆောင်ရွက်နိုင်လျှင် အဆင်ပြေမည်ဖြစ်ကြောင်း၊ အိုးစည်တစ်လုံးထွင်းလျှင် လက်နှင့်ထွင်းနေရပြီး စက်ဖြင့်လုပ်ကိုင်လျှင် ပိုမိုလျင်မြန်နိုင်မည်ဖြစ်ကြောင်း၊ ရွာတွင်ဝါးလက်မှုလုပ်ကိုင်သူ ၁၅ ဦးခန့်ရှိပြီး လူသုံးကုန် ၀ါးလက်မှုပစ္စည်းအမျိုးအစားပေါင်း ၆၀ ခန့် ထုတ်လုပ်ပြီး ဈေးကွက်ထိုးဖောက်နိုင်ရန် အခက်အခဲများလည်း ရှိပါကြောင်း၊ ကမ္ဘာ့ဈေးကွက်အထိ လူသိများလာစေရန်အတွက် ၀ါးလက်မှုလုပ်ငန်းကို တွင်ကျယ်စေလိုပါကြောင်း တောင်ပေါ်ဒေသ လက်မောင်းကွေးကျေးရွာနေ ၀ါးလက်မှုလုပ်ငန်းနှင့် အိုးစည်လုပ်ငန်းလုပ်ကိုင်သူ ဖိုးစံမင်းက ပြောပါတယ်။

အခွင့်အရေးဆုံးရှုံးနေတဲ့ တောင်ရိုး

တောင်ရိုးတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းကနေ လက်ရှိကောက်ခံထားတဲ့ စာရင်းများအရ တောင်ရိုးလူမျိုး တစ်သိန်းခွဲ (၁၅၀ ၀၀၀) ကျော်ပြီလို့ သိရပေမဲ့ နိုင်ငံတော်ကနေ တရားဝင်စာရင်း ၄၇၀၀၀ သာ ရှိသေးတယ်လို့ ဆိုပါတယ်။

တောင်ရိုးတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းစဉ်လာများကို တစ်နယ်နှင့်တစ်နယ်သိရှိနိုင်စေရန် ရည်ရွယ်ပြီး တောင်ရိုးအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး ပင်လောင်းမြို့နယ်၊ ဆည်ခေါင်းကျေးရွာတွင် လေးကြိမ်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် နှစ်ကြိမ်၊ ပင်လောင်းမြို့နယ် နောင်မူကျေးရွာတွင် နှစ်ကြိမ်၊ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာတွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ၁၁ ကြိမ်မြောက်ကို ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာမှာ နှစ်ကြိမ်ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံလူဦးရေရဲ့ သုည ဒသမ တစ်ရာခိုင်နှုန်း ပြည့်မီမှ တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်ပါး ပြည်နယ်မှာရရှိမှာ ဖြစ်ပါတယ်။ တောင်ရိုးလူမျိုးတွေက နိုင်ငံလူဦးရေရဲ့ သုည ဒသမ တစ်ရာခိုင်နှုန်းပြည့်ဖို့ကို နည်းနည်းလေးပဲလိုတယ်။ နှစ်ထောင်သုံးထောင်လောက်ပဲ လိုတယ်။ အရင်ကတည်းက စုစည်းမှုမရှိတော့ မှတ်ပုံတင်မရှိတာနဲ့ နောက်တိုးမွေးစာရင်း မကောက်နိုင်တာနဲ့ လျော့လျော့နေတာဖြစ်ပါတယ်။ အမှန်တကယ် ကောက်လိုက်မယ်ဆိုရင်တော့ နိုင်ငံလူဦးရေရဲ့ သုည ဒသမ တစ်ရာခိုင်နှုန်း ကျော်လွန်နေပြီဖြစ်တဲ့အတွက်ကြောင့် ဒီအခွင့်အရေးဟာ တောင်ရိုးတိုင်းရင်းသားများ ရသင့်တဲ့ အခွင့်အရေးလို့ပဲ ယူဆပါတယ်။ အဲဒီတုန်းက ကောက်လိုက်တဲ့ လူဦးရေစာရင်း မထုတ်ပြန်တော့ ရှုံးမလိုလိုဖြစ်နေတော့ လွှတ်တော်ထဲကိုရောက်ဖို့ ပါတီတစ်ခုခုပေါ့။ တောင်ရိုးပါတီထောင်လိုက်ပြီး ရွေးကောက်ပွဲဝင်မှပဲရတော့မယ့် အနေအထားကို ဖြစ်နေလို့ အဲဒီချိန်က တိုင်ပင်ဆွေးနွေးတာ၊ ခုချိန်မှာ တောင်ရိုးလူဦးရေပြည့်မယ့် အနေအထားဖြစ်လာတော့ အလိုအလျှောက် ရောက်သွားမယ့် အနေအထားတော့ ရှိနေပါပြီ”ဟု တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောကြားပါတယ်။

ရှေးကျသော လူမျိုးကြီး (တောင်ရိုး)

တောင်ရိုးတိုင်းရင်းသားများဟာ အင်မတန်မှ ရှေးကျသောတိုင်းရင်းသားမျိုးနွယ်စု လူမျိုးကြီးတစ်မျိုးဖြစ်ကြောင်း အထောက်အထားများအရ သိရပါတယ်။ တောင်ရိုးမျိုးနွယ်စု တိုင်းရင်းသားများဟာ သမိုင်းသုတေသီတို့အဆိုအရ ရှေးမြန်မာအနွယ် (Proto Burmese) များကဲ့သို့ပင် တိဘက်မြန်မာအုပ်စု အပါအ၀င်ဖြစ်ကြောင်းနဲ့ ရခိုင်၊ မြန်မာ၊ ဓနု၊ တောင်ရိုး၊ အင်းသား အစရှိတဲ့ လူမျိုးစုများဖြစ်လာကြမည့် ရှေးမြန်မာအနွယ်များမှာ မေခ-မလိခမှ ဧရာဝတီမြစ်ကြောင်းကိုစုန်၍ ဆင်းသက်လာပြီး ၎င်းဒေသတွင် အခြေစိုက်ကာ မြန်မာများ ဖြစ်လာကြပါတယ်။

ပုဂံခေတ် ကျောက်စာများနှင့် ရှေးဟောင်းစာပေအရေးအသားများတွင် တွေ့ရသော ဝေါဟာရ၊ ပေါရာဏ စကားများကို တောင်ရိုးအမျိုးသားတို့၏ နေ့စဉ်သုံးစကားများ၌ ပါဝင်နေကြောင်း တွေ့ရှိရပါတယ်။ ရိုးရာပွဲတော်တာတက်ပွဲများ၊ ရှင်ပြုပွဲများတွင် အိုးစည်မောင်းဆိုင်းများတီး၍ လည်းကောင်း၊ ပုလွေ၊ သံလွင်စည်းနှင့် မောင်းများကို တီးမှုတ်၍လည်းကောင်း၊ သံချပ်များ၊ စာချိုးများ၊ တောင်ရိုးစကား၊ တောင်ရိုးသံတို့ဖြင့် အနုရိုး (ခေါ်) တောင်ရိုးမယ်ဘွဲ့၊ မောင်ဘွဲ့တေးထပ်များကို သီဆိုတီးမှုတ် ကခုန်လေ့ရှိကြောင်း လေ့လာသိရှိရသဖြင့် အနုသုခုမကို ချစ်ခင်မြတ်နိုးသော တိုင်းရင်းသားများဖြစ်ကြောင်းသိရပြီး ဘာသာတရားရိုသေကိုင်းရှိုင်းကာ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသည့် တိုင်းရင်းသားများအဖြစ် လေးစားဂုဏ်ယူထိုက်ပါတယ်။

ထို့ပြင် တောင်ရိုးတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားများသည် ခွဲခြား၍မရပါကြောင်း၊ တောင်ရိုးတိုင်းရင်းသားများသည် ရခိုင်တိုင်းရင်းသားများကဲ့သို့ ရှေးကျသော လူမျိုးကြီးတစ်မျိုးဖြစ်ပြီး ရခိုင်နှင့် တောင်ရိုးတို့သည် မျိုးနွယ်စုအတူတူပင် ဖြစ်ပါကြောင်း၊ စကားလည်း အတူတူပင် ဖြစ်ပါကြောင်း၊ တောင်ရိုးတိုင်းရင်းသားများမှ ရခိုင်တိုင်းရင်းသားများ ဆင်းသက်လာသည်ဟု အယူအဆရှိပါကြောင်း၊ ရခိုင်အစတောင်ရိုးမှဟူသော ယူဆချက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ရောက် ရခိုင်အရပ်ဘက် အဖွဲ့အစည်းကွန်ရက်အဖွဲ့အစည်းမှ အတွင်းရေးမှူး ဦးသက်ညီက ပြောပါတယ်။

တောင်ရိုးဒေသ

တောင်ရိုးတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ် နေရာအနှံ့အပြားမှာ ပျံ့နှံ့နေထိုင်ကြပြီး တောင်ပိုင်းမှာ အများဆုံး နေထိုင်ကြတာ ဖြစ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်တဲ့ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ရွာငံနှင့် ပင်းတယ ဒေသများ၌လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်အတွင်းရှိ ကျေးရွာများ၊ အောင်ပန်း၊ ဟဲဟိုး ဒေသများ၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ နမ့်စန်၊ ပင်လုံမြို့တို့တွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ကလောဒေသတစ်ဝိုက် အများဆုံးနေထိုင်ကြကာ ပအိုဝ်းနှင့်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုကြားမှာတည်ရှိ၍ ပင်လောင်းတောင်ခြေရှိ ရမည်းသင်းအစပ်နားမှာလည်း နေထိုင်ကြပါသေးတယ်။

တောင်ရိုးများဟာ ရခိုင်လူမျိုးကနေ ဆင်းသက်လာကြတယ်လို့လည်း ဆိုကြပါတယ်။ စကားပြောရာမှာ ရခိုင်နဲ့ အနည်းငယ် ဆင်တူတာရှိပြီးတော့ တောင်ရိုးဘာသာ စာပေနှင့်စကားကို ဆရာတော်၊ သံဃာတော်များနှင့် တိုင်ပင်ညှိနှိုင်းပြီး ဘာသာစကားအရေးအသားတစ်ရပ်ကို တီထွင်ဖော်ထုတ်ပြီး ဖြစ်ကြောင်း သိရပါတယ်။

တောင်ရိုးတိုင်းရင်းသားများသည် စာပေ၊ စကား နှင့် ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ ပိုင်ဆိုင်ထားသော လူမျိုးစုတစ်စု ဖြစ်ကြောင်း ၀ံ့ကြွားစွာ ပြောဆိုကြပါတယ်။ စိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အားထားလုပ်ကိုင်ကြပြီး ဗုဒ္ဓဘာသာကိုးကွယ်ကြကာ ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းတတ်ကြပါတယ်။

တောင်ရိုးတိုင်းရင်းသူလေးများဟာ ကျေးလက်တောရွာမှာ အများစုနေထိုင်ကြတဲ့အတွက် ချောမောလှပကြပြီး  မြို့သူများနှင့် မတူဘဲ ရိုးရိုးလေးနှင့်ယဉ်ယဉ်လေးများဖြစ်ကာ မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းထားကြသူလေးများပဲ ဖြစ်ကြပါတယ်။

တောင်ရိုးလူမျိုး ဆင်းသက်လာပုံ

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ပုဂံခေတ်၌ ရခိုင်မိဖုရားတစ်ပါးသည် တိုင်းပြည်အခြေအနေ အန္တရာယ် ပဋိပက္ခများကြောင့် ရှောင်တိမ်းရင်း အခြွေအရံများဖြင့် ရှမ်းရိုးမတောင်ပေါ်သို့ ရွှေ့ပြောင်းအခြေချရင်းဖြင့် တောင်ရိုးမျိုးနွယ်စု ပေါက်ဖွားလာကြောင်း အထောက်အထားများအရ သိရပါတယ်။ တောင်ပေါ်ဒေသရောက် ရွှေရခိုင်လူမျိုးများဟုပင် တင်စားခေါ်ဝေါ်လောက်ပါပေတယ်။

တောင်ရိုးမျိုးနွယ်စု၏ ရာဇ၀င်ကို ရှေ့မီနောက်မီ သက်ကြီးဝါကြီးပုဂ္ဂိုလ်များဖြင့် ဖော်ထုတ်ထားကြခြင်းဖြစ်ကာ သမိုင်းဆရာများဖြင့်ပြုစုထားခြင်း မဟုတ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးသောင်းရွှေက ပြောကြားပါတယ်။

တောင်ရိုးဓလေ့ ၀တ်စားဆင်ယင်မှု

တောင်ရိုးတိုင်းရင်းသားများဟာ အမျိုးသမီးတို့ဟာ အနက်ရောင်ဝမ်းဆက် (အထက်အောက်တွဲလျက် ၀တ်စုံ) သင်တိုင်းခေါ်သောဝတ်စုံကို ၀တ်ဆင်လေ့ရှိပြီး ခေါင်းတွင်တဘက်ဖြင့် ရောင်စုံခေါင်းပေါင်းများ ၀တ်ဆင်လေ့ရှိကြပါတယ်။ အမျိုးသားများကတော့ နက်ပြာရောင်ဘောင်းဘီနဲ့ ကောင်းကင်ပြာရောင်၊ မိုးပြာရောင် အင်္ကျီကိုဝတ်ပြီး ခေါင်းပေါင်းများပေါင်းထားလေ့ ရှိကြပါတယ်။

ဝတ်စားဆင်ယင်မှုဟာ ပုဂံခေတ်က နှစ်ပေါင်းထောင်ချီခဲ့ပြီဖြစ်သဖြင့် မတူညီတော့ဘဲ တောင်ပေါ်မှာ ရှေးလူကြီးများနေခဲ့သောရိုးရာကို ကိုယ်ပိုင်ရိုးရာအဖြစ် သတ်မှတ်ခဲ့ကာ ချည်ဖြင့်ဂျပ်ခုတ်ရက်လုပ်သော သင်တိုင်းအနက်ရောင်ကိုဝတ်ကာ အမျိုးသားသည်နက်ပြာရောင် ဘောင်းဘီ၊ မိုးပြာရောင် (Sky Blue) ဖျင်အင်္ကျီကို မဲနယ်ဆိုးပြီး ၀တ်ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

တောင်ရိုးတံဆိပ်

တောင်ရိုးမင်းတစ်ပါးဖြစ်သူ ဖိုးဆော်ချောင်ဖြူမင်းဟာ တပေါင်းလဆန်း ၃ ရက်မှာ မင်းဖြစ်ချိန်၊ မင်းဖြစ်ဖို့ မင်းလောင်းဘ၀ကနေ တောင်ရိုးဒေသကနေ ပုဂံပြည်ကိုသွားရန် အသုံးပြုသော မြင်းဖြူကိုအစွဲပြု၍ တောင်ရိုးတိုင်းရင်းသား အမှတ်တံဆိပ်အဖြစ် မြင်းဖြူကြီးကို တန်ဖိုးထားသတ်မှတ်ခြင်း ဖြစ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဖိုးကျော်လှက ပြောပါတယ်။

အလံမှာ အပြာရောင်သည် တောင်ရိုးတိုင်းရင်းသားတို့ဟာ အေးချမ်းစွာနေတတ်ခြင်း၊ အနီရောင်သည် အမိမြန်မာနိုင်ငံအတွက်လိုအပ်လျှင် ရွပ်ရွပ်ချွံချွံရဲရင့်ခြင်း၊ ကြယ်မကြီးသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ကြယ်ဖြူလေးသုံးလုံးသည် တို့တာဝန်အရေးသုံးပါး ဖော်ကြူးထားခြင်းဖြစ်ကြောင်း ၂၀၀၉ ခုနှစ်တွင် သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

တောင်ရိုးတွေရဲ့ လိုအပ်ချက်

တောင်ရိုးများဟာ ပအိုဝ်းနဲ့ ဓနုဒေသကြားမှာ ပျံ့နှံ့နေထိုင်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးတွေဟာ တိုးတက်မှုနှေးကွေးနေပါတယ်။ တောင်ပေါ်ဒေသတွေမှာ နေထိုင်သူများဟာ နှစ်စဉ်ရေလိုအပ်ချက် မြင့်မားပါတယ်။ ဒေသနှစ်ခုကြားထဲမှာ နေထိုင်ကြတဲ့အတွက် နှစ်ဖက်စလုံးက ဌာနဆိုင်ရာတွေကလည်း ပစ်ပယ်ထားခြင်းကိုခံနေရပြီး ကြားညပ်ခံနေရတယ်လို့လည်း တောင်ရိုးတိုင်းရင်းသားတွေက ဆိုကြပါတယ်။

ဒေသဖွံ့ဖြိုးရေးအဖြစ် ရေလိုအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးများစွာ လိုအပ်ချက်များစွာ ရှိနေကြောင်း တောင်ပေါ်ဒေသတွင်နေထိုင်ကြသောဒေသခံများက ပြောကြားပါတယ်။

ဆုတောင်း

တောင်ရိုးတိုင်းရင်းသားများနေထိုင်ကြတဲ့ တောင်ပေါ်ဒေသကိုအမှီပြုပြီး ခရီးသွားဒေသများ ဖွံ့ဖြိုးလာစေရန်လည်းကောင်း၊ တောင်ရိုးတိုင်းရင်းသားများ၏ လူနေမှုဘ၀ အဆင့်အတန်း မြင့်မားလာစေရန်လည်းကောင်း၊ ပညာတတ်သော တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောမျိုးနွယ်စုများအဖြစ် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော မျိုးနွယ်စုအားလုံး ချစ်ချစ်ခင်ခင်ဖြင့် ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲ နေထိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုအားလုံးတို့သည် တစ်ပြေးညီ အခွင့်အရေးတန်းတူညီတူမျှရကြစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ တိုင်းရင်းသားအားလုံး ချစ်ချစ်ခင်ခင် ပူးတွဲလုပ်ဆောင်ကြကာ တူယှဉ်တွဲနေထိုင်သွားကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရင်းဖြင့် တောင်ရိုးအမျိုးသားနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါတယ်။