ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးဌာနများကို ပိတ်သိမ်းဖို့ပြင်ဆင်ကြပြီ

ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးဌာနများကို ပိတ်သိမ်းဖို့ပြင်ဆင်ကြပြီ
ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Sputnik V Vaccine ဆေးကို တွေ့ရစဉ် (Photo:AFP)
ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Sputnik V Vaccine ဆေးကို တွေ့ရစဉ် (Photo:AFP)
Published 14 February 2021
အိသဉ္ဇာကျော်

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၂ ရက်အထိ COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၂၄ သိန်းကျော်ရှိပြီး ယင်းတို့အနက် ပိုးတွေ့လူနာ ၁၄၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၁၈၈ ဦးရှိပြီဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၂ ရက်တွင် COVID-19 ဓာတ်ခွဲနမူနာ ၁၃၈၄ ခု စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာသစ် ၂၁ ဦး၊ သေဆုံးသူလေးဦးရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၂ ရက်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၈၄ ခုစစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၁ ဦး တွေ့ရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း၂၄၇၃၃၅၆ ခု စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၁၅၄၃ ဦး ရှိပြီဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်အထိ ဆေးရုံဆင်းခွင့်ရရှိသူ ၃၀၆ ဦးရှိပြီ ဖြစ်သဖြင့် စုစုပေါင်း ၁၂၉၂၈၇ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်သည်။ အလားတူ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ လေးဦးရှိသဖြင့် ဖေဖော်ဝါရီ ၁၂ ရက်အထိ သေဆုံးသူ စုစုပေါင်း ၃၁၈၈ ဦးရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့်အချက်အလက်အရ COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုတွင် ရောဂါဖြစ်ပွားသူ ၁၀၆ သန်းကျော်နှင့် သေဆုံးသူ ၂၃ သိန်း ကျော်အထိ တိုးလာသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံစာရင်းတွင် အမေရိကန်နိုင်ငံက ပိုးတွေ့လူနာ ၂၈၀၀၀၀၀၀ ကျော်ဖြင့် ပထမနေရာ၌ ရှိနေပြီး မြန်မာနိုင်ငံနှင့်အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာမူ ပိုးတွေ့လူနာ ၁၀၈၀၀၀၀၀ ကျော်ဖြင့် ဒုတိယနေရာ၌ ရှိနေသည်။

အာဆီယံနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု အခြေအနေအရ အင်ဒိုနီးရှားနိုင်ငံတွင် ၁၂၀၀၀၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံတွင် ၅၄၀၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၂၅၀၀၀၀ ကျော်၊ မြန်မာနိုင်ငံတွင် ၁၄၀၀၀၀ ကျော်၊  စင်ကာပူနိုင်ငံတွင် ၅၉၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၂၄၀၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၂၁၀၀ ကျော်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၄၇၀ ကျော် ၊ ဘရူနိုင်းနိုင်ငံတွင် ၁၈၀ ကျော်၊ လာအိုနိုင်ငံတွင် ၄၅ ဦးရှိနေသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ပိုးတွေ့နှုန်းမှာ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြား ရှိခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်အတွင်း ပိုးတွေ့နှုန်း နှစ်ရာခိုင်နှုန်း ဝန်းကျင်ရှိခဲ့ရာမှ တဖြည်းဖြည်းကျဆင်းလာရာ လက်ရှိတွင် တစ်ရာခိုင်နှုန်းအောက် ရောက်ရှိလျက်ရှိသည်။

ရန်ကုန်တိုင်းအတွင်းရှိ COVID-19 ကုသရေးဌာနများတွင် တက်ရောက်ကုသဆဲလူနာ ၄၀၀ ကျော် ကျန်ရှိကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါ ရီ ၈ ရက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

“ဖေဖော်ဝါရီ ၈ ရက် ၂၀၂၁ ခုနှစ် ရန်ကုန်ရဲ့ COVID-19 အခြေအနေနဲ့ပတ်သက်ပြီး တင်ပြရရင် ရန်ကုန်က COVID စင်တာထဲမှာ COVID-19 ပိုးတွေ့လူနာ ၃၂၉ ဦးရှိပါတယ်။ ဆေးရုံတွေနဲ့ ဆေးရုံကြီးများမှာ ၄၈ ဦး ရှိပါတယ်။ မနေ့က Positive ထွက်ခဲ့တာ ၂၀ ပဲဖြစ်ပါတယ်။ Private ဆေးရုံတွေမှာ လူနာ၂၆ ဦးနဲ့ပေါင်းရင် အားလုံး ၄၀၃ ဦးရှိတာဖြစ်ပါတယ်။ ဒါဟာဆိုရင် Positive ထွက်တဲ့နှုန်းက တဖြည်းဖြည်းကျဆင်းလာတာ ယခုဆိုရင် ၂၀ ပဲရှိတာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ၁၀၀၀ ကျော်ကနေပြီးတော့ တဖြည်းဖြည်း ကျလာတယ်။ အခုဆိုရင် ၁၀၀ အောက်ကို ရောက်နေတာ နှစ်ပတ်လောက်ရှိနေပြီ ဖြစ်ပါတယ်။ အခုအခါမှာ ၂၀ ပတ်ဝန်းကျင်ပဲထွက်တာ လေး၊ ငါးရက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် COVID-19 ရဲ့ အနေအထားက ပြန့်ပွားမှု တဖြည်းဖြည်းလျော့ကျလာတာဖြစ်ပါတယ်။ ဒါဟာ ဖြစ်ဖို့များတာကတော့ Community ထဲမှာ Immunity တစ်ခုရရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လို့ ကျွန်တော်ယူဆပါတယ်။ ယခုကဲ့သို့ အနေအထားမှာ ကျွန်တော်တို့ ကူးစက်မှုတွေလျော့အောင် အားလုံး Mask တပ်ဖို့လိုပါတယ်။ လက်ဆေးဖို့ လိုပါတယ်။ ခပ်ခွာခွာနေဖို့အတွက်ကတော့ အခုလိုအချိန်မျိုးမှာ နည်းနည်းတော့ ခက်ခဲမှာဖြစ်ပါတယ်။ ဒါကို တစ်ယောက်နဲ့တစ်ယောက် သတိထားအသိပေးပြီး ဆောင်ရွက်ကြဖို့လိုပါတယ်” ဟု ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြောကြားသည်။

၁၀ ရက်အတွင်း နေ့စဉ်စစ်ဆေးသော COVID-19 ဓာတ်ခွဲနမူနာများ၏ ပျမ်းမျှအရေအတွက် ၁၂၀၀၀ ကျော်ရှိပြီး ပိုးတွေ့ရှိနှုန်းများ ဆက်တိုက်ကျဆင်းလာလျက်ရှိသည်။ COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းမှာ ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေပြီး ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာများ၏ ပျမ်းမျှအရေအတွက် ၁၂၃၃၄ ခုရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

COVID-19 ပိုးတွေ့လူနာများကျဆင်းလာပြီး လက်ရှိ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် ဆေးကုသနေသူ ၁၉ ဦးသာ ကျန်ရှိ၍ မကြာမီပိတ်သိမ်းမည် ဖြစ်ကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ဖေဖော်ဝါရီ ၈ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

“COVID-19 စင်တာတွေ အနေနဲ့ကတော့ ဖောင်ကြီးမှာ လူနာ ၁၉ ဦးပဲရှိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖောင်ကြီးဟာ မကြာခင် ပိတ်တော့မှာ ဖြစ်ပါတယ်။ ရိုးမနဲ့ သုဝဏ္ဏပဲ ကျန်မှာဖြစ်ပါတယ်။ ကျန်တဲ့စခန်းများကို ပိတ်ရန်အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်” ဟု ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြောကြားသည်။

COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ လူနာ ၇၂ ဦး စောင်ကြပ်ကြည့်ရှုကုသလျက်ရှိပြီး ဇန်နဝါရီ ၃၁ ရက်က ဖောင်ကြီးဆေးရုံမှ ဆေးရုံဆင်းခွင့်ရသူ လေးဦးရှိရာ အထူးကြပ်မတ်ကုသနေသူ ငါးဦးရှိကြောင်း သိရသည်။ 

ဇန်နဝါရီ ၃၁ ရက်တွင် တိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၃၁ ဦးတွင် ပြည်သူ့ဆေးရုံများ ၅၁၇ ဦး၊COVID-19 ရောဂါကုသရေးဌာနများ (ရန်ကုန်မြို့) မှ ၁၁၄ ဦး ပါဝင်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများအနက် Negative အဖြေထွက်ခဲ့ပြီး နေအိမ်များတွင် အသွားအလာကန့်သတ်ထားရှိသူ စုစုပေါင်း ၂၂၈ ဦး ရှိကြောင်း သိရသည်။ 

COVID-19 ကုသရေးဌာနများနည်းတူ လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် ရန်ကုန်တိုင်းရှိ Fever Clinic စုစုပေါင်း ၂၉ ခုအနက် မြို့နယ်အချို့ရှိ ဆေးခန်းများ ယာယီပိတ်ထားကြောင်း Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

“Fever Clinic က လတ်တလောမှာ တချို့ကတော့ ယာယီပိတ်ထားတယ်။ အခြေအနေ ဘယ်လိုရှိသလဲ စောင့်ကြည့်နေတဲ့သူတွေ ရှိတယ်။ တချို့က ဖွင့်ထားတယ်။ ပိတ်တယ်ဆိုတာလည်း ယာယီပိတ်ထားပါတယ်။ ရန်ကုန်တိုင်းမှာက Fever Clinic ပေါင်း ၂၉ ခုရှိတဲ့အထဲမှာ ယာယီပိတ်ထားတာက ၁၀ ခုလောက်တော့ရှိပါတယ်။ အရှေ့ဒဂုံတို့ဘာတို့ဆို ပိတ်ထားတယ်”ဟု ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ Fever Clinic များနှင့်CDM လှုပ်ရှားသူကျန်းမာရေးဝန်ထမ်းများ၊ လူနာတင်ယာဉ်များပူးပေါင်းပြီး လူစုလူဝေးနေရာများတွင် Medical Cover ပေးနေကြောင်း Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

“Medical Cover ပေးတာက ကျွန်တော်တို့ Fever Clinic က ဆရာဝန်တွေနဲ့ လူနာတင်ယာဉ်အဖွဲ့တွေ ပူးပေါင်းပြီး ချိတ်ဆက်ပြီး ရန်ကုန်ကနေရာတော်တော်များများမှာ Medical Cover လုပ်ပေးနေတယ်။ ရန်ကုန်ဆေးရုံကြီး EMS က လူနာတင်ယာဉ်တွေ အပါအဝင် တခြားအဖွဲ့တွေက လူနာတင်ယာဉ်ကားတွေလည်း ပူးပေါင်းပါဝင်နေပါတယ်။ လူနာတွေ ကြည့်ပေးဖို့  ဆရာဝန်တွေလည်း ရှိပါတယ်။ အရေးပေါ် လူနာတွေအတွက်ကိုလည်း လုပ်ပေးဖို့အတွက်လည်း လုပ်ပေးနေပါတယ်။ လူနာလွှဲပြောင်းတဲ့အခါမှာလည်း ပုဂ္ဂလိကဆေးရုံတွေကို လွှဲတာရှိသလို တချို့အရမ်းအရေးကြီးတဲ့ လူနာတွေဆိုရင် ပြည်သူ့ဆေးရုံတွေကို လွှဲပေးပါတယ်။ ဆေးရုံတွေက အရေးပေါ်ဌာနတွေနဲ့ ကျွန်တော်တို့နဲ့ ညှိနှိုင်းလုပ်ဆောင်နေတာတွေရှိတယ်။ ကျွန်တော်တို့ဘက်ကလွှဲမယ်ဆိုရင် ဆေးရုံတွေက လက်ခံပေးတယ်။ များသောအားဖြင့် လက်ရှိမှာတော့ ပုဂ္ဂလိကဆေးရုံတွေကိုလွှဲတာများပါတယ်” ဟု ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး Stay at Home အစီအစဉ်တွင်ပါဝင်ပြီး ရောဂါဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ဖေဖော်ဝါရီ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံလျက်ရှိသည်။

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့်အသက် ၁၈ နှစ်အထက်လူဦးရေ ၃၈ ဒသမ ၃၅ သန်းရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

လက်ရှိ အိန္ဒိယမှဝယ်ယူထားသည့် COVISHIELD ကာကွယ်ဆေး Dose သန်း ၃၀ အနက် ကနဦးအနေဖြင့် နှစ်သန်း ဖေဖော်ဝါရီ ၁၁ ရက်က ရောက်ရှိလာခဲ့ပြီဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရောဂါကူးစက်နိုင်ခြေအမြင့်မားဆုံးလူအုပ်စုများ ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ရန်နှင့် သေဆုံးမှုကို လျှော့ချရန်၊ ရောဂါကူးစက်ပျံ့နှ့ံမှုကို ထိန်းချုပ်၍ ပုံမှန်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်စေရန်၊ ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ အဆင့်ဆင့်တိုးချဲ့ထိုးနှံသွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း ရုရှားနိုင်ငံထုတ် Sputnik V Vaccine ဆေး၊ တရုတ်နိုင်ငံထုတ် SARS COVI Vaccine ဆေးနှင့် အိန္ဒိယနိုင်ငံ ထုတ် COVAXIN Vaccine ဆေးများကို အသုံးပြုနိုင်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

ယင်းမိန့်ခွန်းတွင် ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံ့စွမ်းအားများ၊ ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်ရေးအခြေအနေများ မယုတ်လျော့စေရန် ကျွန်တော်တို့ အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအားလုံးနီးပါးနှင့် စေတနာ့ဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့်အထက်နိုင်ငံ့ဝန်ထမ်းအချို့ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိအိမ်တွင်နေထိုင်ရေးအစီအစဉ် Stay at Home အကျုံးဝင်သည့်မြို့နယ်များ၌ နေထိုင်သော အသက် ၆၅ နှစ်အထက်ရှိ မိဘပြည်သူများကို စတင်ထိုးနှံပေးလျက်ရှိပြီး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေး COVI SHIELD injection ဆေးနှစ်သန်း ဒုတိယအသုတ် ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် ဆက်လက်၍ ရဟန်း၊ သံဃာတော်များပါမကျန် မြန်မာနိုင်ငံသားအားလုံး COVID-19 ကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံနိုင်ပြီး ကျန်းမာကြံ့ခိုင်ကြစေရန် အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအစီအစဉ်သစ်မှာ FDA က အသိအမှတ်ပြုပြီး အာမခံချက်နှင့် ထိရောက်မှုရှိသည့် ကာကွယ်ဆေးအမျိုးအစားသစ်များ ခွင့်ပြုခြင်းနှင့် ပုဂ္ဂလိကထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကို ခွင့်ပြုခြင်းတို့ဖြစ်ကြောင်း၊ ရုရှားနိုင်ငံထုတ် Sputnik V Vaccine ဆေး၊ တရုတ်နိုင်ငံထုတ် SARS COVI Vaccine ဆေးနှင့် အိန္ဒိယနိုင်ငံထုတ် COVAXIN Vaccine ဆေးများတို့ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ယင်းဆေးများမှာ ကမ္ဘာ့နိုင်ငံများတွင် လက်ရှိလက်တွေ့အသုံးပြုနေသည့် ဆေးများဖြစ်ပြီး နိုင်ငံတော်အစီအစဉ်ဖြင့် ဆက်လက်တင်သွင်းပြီးပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်းလည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားထားသည်။

နိုင်ငံတစ်ဝန်း အမြန်ဆုံးလွှမ်းခြုံနိုင်စေရန် စေတနာရှင်မိဘပြည်သူများလည်းယင်းလုပ်ငန်းစဉ်တွင် ထိထိရောက်ရောက် ထဲထဲဝင်ဝင် ပါဝင်နိုင်စေရန်အတွက် ပုဂ္ဂလိကကာကွယ်ဆေး တင်သွင်းထိုးနှံလိုသူများ၊ တင်သွင်းလိုသူများကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ယင်းမှသာ ကာကွယ်ဆေးထိုးနှံရေးအတွက် မိမိတို့အလှည့်မရောက်သေးဘဲ အချိန်ဆောလျင်စွာ ထိုးနှံနိုင်မည်ဖြစ်ပြီး အချိန်တိုအတွင်း ကာကွယ်ဆေးထိုးနှံမှုမှာ လွှမ်းခြုံမှုမြင့်မားလာမည်ဖြစ်သည့်အတွက် COVID ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းလာမည် ဖြစ်ကြောင်း မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားထားသည်။