သြစတြေးလျနိုင်ငံရှိ ဗစ်တိုးရီးယားပြည်နယ်ကို Lockdown လုပ်သော်လည်း သြစတြေးလျအိုးပင်း ဆက်လက်ကျင်းပ

 သြစတြေးလျနိုင်ငံရှိ ဗစ်တိုးရီးယားပြည်နယ်ကို Lockdown လုပ်သော်လည်း သြစတြေးလျအိုးပင်း ဆက်လက်ကျင်းပ
Photos : Getty Images
Photos : Getty Images
Published 14 February 2021

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကြောင့် သြစတြေးလျနိုင်ငံရှိ ဗစ်တိုးရီးယား ပြည်နယ်ကို Lockdown ပြုလုပ်လိုက်သော်လည်း သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်း မဲလ်ဘုန်း မြို့ရှိ ဟိုတယ်တစ်ခုတွင် Quarantine နေထိုင်၍ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦးထံမှတစ်ဆင့် ရောဂါကူးစက်မှု ၁၃ ဦး တွေ့ရှိခဲ့သောကြောင့် Lockdown စည်းမျဉ်းအသစ် ကြေညာခဲ့ခြင်း ဖြစ်သည်။ ဗစ်တိုရီးယားပြည်နယ်ကို တတိယအကြိမ် Lockdown ပြုလုပ်ခြင်းဖြစ်ပြီး သောကြာနေ့ သန်းခေါင်ယံအချိန်မှ ဗုဒ္ဓဟူးနေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။ 

Lockdown ကာလအတွင်း စျေးဝယ်ခြင်း၊ လေ့ကျင့် ခန်းပြုလုပ်ခြင်းနှင့် မဖြစ်မနေအလုပ်သွားရ ခြင်းတို့မှလွဲ၍ နေအိမ်၌သာ နေထိုင်ရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ နေအိမ်မှ ငါးကီလိုမီတာထက်ပို၍မသွားရန်၊ အများပြည်သူနေရာများ တွင် Mask တပ်ဆင်ရန်၊ ဝတ်ပြုသည့်နေရာများနှင့် အရေးတကြီးမလိုအပ်သည့်နေရာများကို ပိတ်ထားရန်၊ စာသင်ကျောင်းများပိတ်ထားရန် စသည့်အချက်များ လိုက်နာရမည်ဖြစ်သော်လည်း မဲလ်ဘုန်းမြို့၌ ကျင်းပလျက်ရှိသည့် သြစတြေးလျအိုးပင်းပြိုင်ပွဲကိုမူ ရွှေ့ဆိုင်းခြင်းမရှိဘဲ ဆက်လက်ကျင်းပနေခြင်း ဖြစ်သည်။

Lockdown စည်းမျဉ်းမှာ သောကြာနေ့ သန်းခေါင်ယံအချိန်တွင် စတင်အသက်ဝင် သောကြောင့် အမျိုးသားတစ်ဦးချင်း တတိယအဆင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဂျိုကိုဗစ် (ဆားဘီးယား) နှင့် အမေရိကန်ကစားသမား တေလာဖရစ်ဇ်တို့ ယှဉ်ပြိုင်ကစားနေစဉ် ပရိသတ်များ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ရသည်။ ယခင်နေ့များတွင် တစ်ရက်လျှင် ပရိသတ် ၃၀၀၀၀ ကြည့်ရှုခွင့်ပြုထားသော်လည်း စနေနေ့မှစ၍ ကြည့်ရှုခွင့်မရတော့ဘဲ လက် မှတ်ဝယ်ယူထားသူများအား ငွေပြန်အမ်းပေး မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ ခရိတ်တီလေက ပြောကြားခဲ့သည်။ 

ယခုပြိုင်ပွဲ ၏ လက်ရှိချန်ပီယံဖြစ်သည့် ကမ္ဘာ့အဆင့် ၁ ကစားသမား ဂျိုကိုဗစ်သည် တေလာဖရစ်ဇ် အား ၂-၀ ပွဲဖြင့် အနိုင်ရနေစဉ် ဝမ်းဗိုက်နာ ကျင်မှုဝေဒနာခံစားရသဖြင့် ဆေးကုသမှုခံယူခဲ့ရသလို ငါးပွဲအပြည့်ကစားပြီးမှ ၃-၂ ပွဲဖြင့် အနိုင်ရခဲ့သည်။ သို့ဖြစ်ရာ ၎င်းက "မျက်ရည်ကျလောက်အောင် နာကျင်ရပါတယ်။ နှစ်ရက်အတွင်းမှာ ပြန်ကောင်းပါ့မလားဆိုတာ ကျွန်တော်မသိပါဘူး။ ကွင်းထဲမှာ ခြေချနိုင် မလားဆိုတာ မသိသေးပါဘူး" ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဂျိုကိုဗစ် (ဆီဒင် ၁) သည် စတုတ္ထအဆင့်တွင် ရာအိုနစ် (ကနေဒါ၊ ဆီဒင် ၁၄) နှင့်တွေ့ ဆုံနေပြီး ယနေ့ (တနင်္ဂနွေနေ့) ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent