ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်
Published 12 February 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဒေါက်တာအေးမောင်သည် ရန်ကုန် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှုပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် (၂) နှစ်အား ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်က စစ်တွေခရိုင် တရားရုံးကအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့်အတူ စာရေးဆရာ ကိုဝေဟင်အောင်လည်း ထောင်ဒဏ်များ ချမှတ်ခံရသည်။ လက်ရှိတွင် ယနေ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် စာရေးဆရာ ကိုဝေဟင်အောင် ပါဝင်ခြင်း ရှိမရှိကို မသိရှိရသေးပေ။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့အား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနှင့်ဆက်သွယ် မှု ၁၇ (၁) တို့ဖြင့် ကနဦးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စွဲဆိုထားသည့် အမှုမှာမူ မခိုင်လုံသဖြင့် စွပ်စွဲခံရမှုမှ လွတ်မြောက်ထားခြင်း ဖြစ်သည်။ 

ဒေါက်တာအေးမောင်သည် ဖမ်းဆီးခံရစဉ်က အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

 

Most Read

Most Recent