မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့သောနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန်နှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရန် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှု မြှင့်တင်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့သောနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန်နှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရန် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှု မြှင့်တင်ဆောင်ရွက်လျက်ရှိ
မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကိုတွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကိုတွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
Published 10 February 2021
နီလာ

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ တင်ပို့သော နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန်နှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရန် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှု မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Expansion of Carbon Sink နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရည်မှန်းချက်များမှာ နိုင်ငံ၏ စုစုပေါင်းဧရိယာ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ထားသော Protected Area Systems အဖြစ် တိုးချဲ့သွားရန်၊ ထိန်းသိမ်းထားသော သစ်တောဟက်တာပေါင်း သုည ဒသမ ၂၅ သန်းကို အများပြည်သူစိုက်ပျိုးမြေအဖြစ် ဆက်လက်ထိန်းသိမ်းထားရန်နှင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ပုဂ္ဂလိကမြေများအား Myanmar Reforestation and Rehabilitation Plan နှင့်အညီ ဆောင်ရွက်ထိန်းသိမ်းသွားရန်ဖြစ်ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်တွင် ပြန်ပြည့်မြဲစွမ်းအင်ကို မဂ္ဂါဝပ် ၂၀၀၀ အထိ တိုးချဲ့ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် International Solar Alliance (ISA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် လက်ရှိ LNG အပါအဝင် သဘာဝဓာတ်ငွေ့ ၄၅ ရာခိုင်နှုန်းခန့်၊ ပြန်ပြည့်မြဲစွမ်းအင် ၅၄ ရာခိုင်နှုန်းခန့်နှင့် အခြားစွမ်းအင် တစ်ရာခိုင်နှုန်းကို အသုံးပြုနေပြီး အဓိကအားဖြင့် ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှုကို အလေးထား ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က ပြောကြားသည်။

LNG ၊ ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့၊ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြန်ပြည့်မြဲစွမ်းအင်ကို မဂ္ဂါဝပ် ၂၀၀၀ အထိ တိုးချဲ့ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် International Solar Alliance (ISA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပါဝင်မှုအချိုးကို ၃၉ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရေးဆွဲထားသော အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contribution- NDC) အရ ၂၀၃၀ ပြည့်နှစ်၌ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတန်ချိန်ကို ၂၉၇ သန်းမှ ၁၄၄ သန်းသို့ လျှော့ချသွားရန် ရည်မှန်းထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ဖြစ်သည့်  Solar Power Plant စီမံကိန်းများကို နေရာ ၂၉ ခုတွင် စုစုပေါင်းတပ်ဆင်အင်အား မဂ္ဂါဝပ် ၁၀၃၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းသို့ သိသာများပြားသည့် Solar Power ပမာဏများကို ဆောင်ရွက်ပြီးစီးပါက ယင်းအချိန်တွင် မြန်မာနိုင်ငံ၏ Generation Mix ၌ ရေအား ၄၀ ရာခိုင်နှုန်း၊ နေစွမ်းအင် ၁၄ ရာခိုင်နှုန်း၊ ပြည်တွင်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့သုံး ၃၄ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့အရည် (LNG) ၁၁ ရာခိုင်နှုန်းနှင့် အခြားတစ်ရာခိုင်နှုန်းတို့ ပါဝင်လာမည်ဖြစ်ကြောင်း၊ စုစုပေါင်းစက်တပ်ဆင် အင်အား ၈၁၁၈ မဂ္ဂါဝပ်ဖြစ်လာမည့်အချိန်တွင် Renewable Energy မှ ၅၄ ရာခိုင်နှုန်း၊ သန့်ရှင်းသည့် လောင်စာ (Clean Fuel) မှ ၄၅ ရာခိုင်နှုန်းအချိုးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ Renewable Energy နှင့် Climate Change ဆိုင်ရာမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်ခဲ့ပြီး အာဆီယံ၏ Renewable Energy ဆိုင်ရာ မျှော်မှန်းချက်များကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် လတ်တလောအကျိုးအမြတ်အနေဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုအချိုး ၅၈ ရာခိုင်နှုန်းကျော် ရရှိနေပြီဖြစ်ပြီး အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရန်အတွက် Renewable Energy ကဏ္ဍကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။