တပ်မတော်က အာဏာရယူခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး၏ စည်းမျဉ်းများ၊နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ICJ က ကြေညာ

တပ်မတော်က အာဏာရယူခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး၏ စည်းမျဉ်းများ၊နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ICJ က ကြေညာ
Photo: AP
Photo: AP
Published 9 February 2021
Ref: ICJ

တပ်မတော်က အာဏာရယူခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး၏ စည်းမျဉ်းများ၊ နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ICJ က ဖေဖော်ဝါရီ ၈ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

“မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ၂၀၀၈ ခုနှစ်မှာ တပ်မတော်ကိုယ်တိုင်က ရေးဆွဲချမှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားနည်းသွားစေပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ  မူမမှန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်တွေဟာလည်း အရေးပေါ်အခြေအနေ ကြေညာရခြင်းနဲ့ ကိုက်ညီမှုမရှိဘဲ အားနည်းနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ချည့်နဲ့သွားစေပါတယ်” ဟု ICJ ၏ အတွင်းရေးမှူးချုပ် ဆမ်ဇာရီဖီက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အာဏာရယူခဲ့ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း၊ ယင်းဥပဒေသည် အားနည်းချက်များ ရှိသောကြောင့် အခြေခံအရ တရားဥပဒေ စိုးမိုးရေးနှင့်လည်းကောင်း နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်လည်းကောင်း လျော်ညီမှုမရှိကြောင်းလည်း ICJ ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် အန္တရာယ်ကျရောက်လာသည့်အခါ သမ္မတက အရေးပေါ်အခြေအနေ ကြေညာရန် လိုအပ်သည်ဟုသာ ဖော်ပြထားသည်။ 

၎င်းအပြင် ပုဒ်မ ၄၁၈ အရ နိုင်ငံတော် သမ္မတသည် အာဏာအရပ်ရပ်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲပြောင်းပေးရန် လိုအပ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့မဟုတ်ဘဲ တပ်မတော်သည် သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးထိိန်းသိမ်းလိုက်ပြီးနောက် ဒုတိယသမ္မတက အရေးပေါ်အခြေအနေကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အရပ်ဘက်အာဏာပိုင်တွေကို တပ်မတော်က တာဝန်ခံရခြင်းဟာ တရားဥပဒေစိုးမိုးရေးရဲ့ ပင်မသဘောတရားဖြစ်ပါတယ်။ မြန်မာတပ်မတော်ခေါင်းဆောင်တွေဟာ လုပ်ပိုင်ခွင့်အားလုံးကို ပြန်လည်ရယူလိုက်ခြင်းအားဖြင့် ဒီသဘောတရားကို ခေါင်ကနေစပြီး ပြောင်းလဲလိုက်တာဖြစ်ပါတယ်” ဟု ဆမ်ဇာရီဖီက ပြောကြားခဲ့သည်။

လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်၊ တရားဥပဒေအရရုံးတင် စစ်ဆေးခံပိုင်ခွင့်တို့ကဲ့သို့သော လူ့အခွင့်အရေးပေါင်းများစွာအတွက် ကာကွယ်ထားမှုများကို ရပ်ဆိုင်းထားနိုင်ဖွယ်ရှိမှုအား အထောက်အပံ့ပြုထားသည့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိုးရိမ်မိကြောင်းလည်း ICJ က ပြောကြားခဲ့သည်။

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများအရ အချို့သောအခွင့်အရေးများမှ သွေဖည်ပိုင်ခွင့်အား နိုင်ငံတော်၏ သေရေးရှင်ရေးကို ခြိမ်းခြောက်နေသည့် အထူးအခြေအနေတစ်ရပ်၌သာ ခွင့်ပြုထားသည်။ လက်ရှိအရေးပေါ် အခြေအနေရပ်များမှာ ယင်းအနေအထားမျိုးနှင့် ကိုက်ညီခြင်းမရှိဟု ICJ က ဆိုသည်။

တရားဥပဒေအရ ရုံးတင်စစ်ဆေးခံရ ပိုင်ခွင့်သည် မည်သည့်အခါမျှ ရပ်ဆိုင်းထား၍ မရသော လူ့အခွင့်အရေးအမျိုးအစားများထဲ၌ ပါဝင်သည်။ တရားဥပဒေအရရုံးတင် စစ်ဆေးခံရပိုင်ခွင့်အား အရေးပေါ်အခြေအနေရပ်များအတွင်း၌ အပါအဝင် မည်သည့် နိုင်ငံတော်အာဏာပိုင်ကမဆို ထိန်းသိမး်ထားသည့် မည်သူ့အတွက်မဆို ခွင့်ပြုပေးထားပြီး ဖြစ်သောကြောင့် မိမိဖမ်းဆီးထိန်းသိမ်းခံရမှု နှင့်ပတ်သက်၍ ဥပဒေနှင့်လျော်ညီခြင်း ရှိ မရှိဆိုသည်ကို စိန်ခေါ်ပိုင်ခွင့်ရှိသည်။

“ဘယ်လိုဖမ်းဆီးထိန်းသိမ်းမှုမျိုးမဆို တရားဥပဒေနဲ့လျော်ညီခြင်း ရှိ မရှိ စမ်းသပ်ခံဖို့အတွက် တရားစီရင်ရေးအဖွဲ့ဟာ ဖမ်းဆီးထိန်းသိမ်းမှုမှန်သမျှကို ဥပဒေနဲ့အညီ လွတ်လပ်စွာ စစ်ဆေးရမှာဖြစ်ပြီး တရားဥပဒေနဲ့ မညီဘဲ ဖမ်းဆီးထိန်းသိမ်းထားမှုကို တွေ့ရှိရင် လွှတ်ပေးဖို့ အမိန့်ပေးရမှာဖြစ်ပါတယ်” ဟု ဆမ်ဇာရီဖီက ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တပ်မတော်အား လုံးဝနီးပါး တရားစွဲဆိုခံရမှုမှ ကင်းလွတ်ပိုင်ခွင့်ပေးပြီး တရားဥပဒေအရ သုံးသပ်မှုမရှိဘဲ အခါအားလျော်စွာ ဖမ်းဆီးထိန်းသိမ်းပိုင်ခွင့်ကို တိုးပွားစေမှာကို ICJ အနေနှင့် အထူးစိုးရိမ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၂ သည် အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့်ပတ်သက်၍ တရားဥပဒေနှင့်လျော်ညီခြင်း ရှိ မရှိ ပြန်လည်သုံးသပ်မှုများမှနေ၍ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များအား ထိရောက်စွာ ကာကွယ်မှုပေးထားရာ တရားဥပဒေစိုးမိုးရေး မျက်နှာစာ၌ အားနည်းမှုကို ဖြစ်စေသည်ဟု ICJ က ထောက်ပြထားသည်။

“တပ်မတော်က အာဏာရယူခဲ့မှုနဲ့ ပတ်သက်တဲ့ တုန်လှုပ်မှုပြီးတဲ့နောက် ကျွန်တော်တို့ဟာ အခုအချိန်မှာ ရဲရင့်တဲ့ရှေ့နေတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေကို မြင်နေရပါပြီ။ သူတို့ဟာ  သူတို့ရဲ့အခွင့်အရေးတွေကို တောင်းဆိုဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ကြိုးပမ်းနေတာကို တွေ့ရှိရပါတယ်” ဟု ဇာရီဖီက ပြောကြားခဲ့သည်။

“ဒီလှုပ်ရှားမှုဟာ အိုင်ကွန်တစ်ဦး ဒါမှမဟုတ် ပါတီတစ်ခုကို ဗဟိုပြုပြီး ဝန်းရံတာ မျိုးသက်သက်မဟုတ်ပါဘူး။ မြန်မာပြည်သူတွေအနေနဲ့ အစိုးရအဖွဲ့ကိုယ်တိုင်ကို သတိပြုမိသွားပြီး သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ကြဖို့ကိုပါ သတိပေးနေတာ ဖြစ်ပါတယ်” ဟုလည်း ဇာရီဖီက ပြောကြားခဲ့သည်။

Most Read

Most Recent