မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အား ထပ်မံဖမ်းဆီးထိန်းသိမ်း

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အား ထပ်မံဖမ်းဆီးထိန်းသိမ်း
Published 9 February 2021
မင်းသန့်

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အား ယနေ့(ဖေဖော်ဝါရီ ၉ ရက်) နံနက်အစောပိုင်းက ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်မှာ ဖေဖော်ဝါရီ ၅ ရက်တွင် ၄င်း၏ မြို့တော်ဝန်ရာထူးတာဝန်မှ နှုတ်ထွက်ခဲ့ခြင်းနှင့် စည်ပင်ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ၎င်း၏ Facebook Account တွင် ရေးသားခဲ့ကာ ပြည်သူနှင့်ထပ်တူဖြစ်ကြောင်း လက်သုံးချောင်းထောင် ပရိုဖိုင်ကို ဖော်ပြထားသည်။

ထို့ပြင် CDM လှုပ်ရှားမှုတွင် စည်ပင်ဝန်ထမ်းများ ပါဝင်မှုနှင့်ပတ်သက်၍ ဒေါက်တာရဲလွင်က “စုံစမ်းကြားသိရတဲ့ သတင်းတွေအရ CDM လုပ်ပြီး ပိတ်ထားလိုက်ရစည်ပင်ဌာနတွေရှိသလို ၁၀% လောက်ပဲ တက်ကြတဲ့ဌာနတွေ ရှိပါတယ်။ မြို့တော်အတွက် မဖြစ်မနေဝန်ဆောင်မှု ပေးရမယ့် ရေပေးရေးစက်ရုံတွေ၊ စျေးတွေ၊ အမှိုက်သိမ်းတာ၊ မြောင်းပိတ်ရေလျှံတဲ့နေရာ မြောင်းဆယ်တာလိုမျိုးကလွဲရင် ကျန်ဝန်ထမ်းအများစုက ဒီနေ့ကစပြီး ရုံးမတက်ကြတော့ဘူးလို့ သိရပါတယ်။ စည်ပင်ဝန်ထမ်းတွေလည်း ပြည်သူတွေပါပဲ'' ဟု ၎င်း၏ Facebook Account တွင် ရေးသားခဲ့သည်။

ယင်းသို့ မန္တလေးမြို့တော်ဝန်အား ပြန်လည်ဖမ်းဆီးခဲ့ခြင်းအပြင် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုလည်း ဖေဖော်ဝါရီ ၈ ရက် ည ၁၂ နာရီအချိန်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။

Most Read

Most Recent