လာမည့်တစ်ပတ် စတင်ကျင်းပ မည့် သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၏ အစောပိုင်း ရက်သတ္တပတ်တွင် တစ်နေ့လျှင် ပရိသတ် ၃၀၀၀၀ ဝင်ရောက်ကြည့်ရှု ခွင့်ပြုမည်ဖြစ်ပြီး ကွာတားဖိုင်နယ်မှ စ၍ ဗိုလ်လုပွဲအထိ ၂၅၀၀၀ စီ ခွင့်ပြုမည်ဖြစ်ကြောင်း ၀ိတိုရိယပြည်နယ်၏ အားကစားဝန်ကြီး မာတင်ပါကူလာက အတည်ပြုပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် ပထမဆုံး ကျင်းပမည့် သြစတြေးလျအိုးပင်း ဂရင်းစလင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ပရိသတ်အရေ အတွက်ကို ယခင်နှစ်များထက် ရာ ခိုင်နှုန်း ၅၀ လျှော့ချထားခြင်းဖြစ်သည်။ ၀ိတိုရိယပြည်နယ်အားကစားဝန်ကြီး မာတင်ပါကူလာ၏ ပြော ကြားမှုအရ ပြိုင်ပွဲစတင်သည့် ဖေ ဖော်ဝါရီ ၈ ရက်မှ ၁၅ ရက်အထိ နေ့ စဉ် ၃၀၀၀၀ စီ ကြည့်ရှုခွင့်ပြုမည်ဖြစ် ပြီး ကွာတားဖိုင်နယ်ပွဲစဉ်များ စတင်မည့် ဖေဖော်ဝါရီ ၁၆ ရက်မှ ဗိုလ်လုပွဲ ကျင်းပမည့် ဖေဖော်ဝါရီ ၂၁ ရက် အထိ ၂၅၀၀၀ သို့ လျှော့ချသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလ ၁၄ ရက် အတွင်း ပရိသတ်စုစုပေါင်း ၃၉၀၀၀၀ ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

"၁၄ ရက်ကာလအတွင်း Melbourne Park မှာ ပရိသတ်စုစုပေါင်း ၃၉၀၀၀၀ ကြည့်ရှုခွင့်ရမယ့်သဘောပါ။ ဒါက ပြီးခဲ့တဲ့နှစ်အနည်းငယ်နဲ့ ယှဉ်ကြည့်ရင် ပျမ်းမျှ ၅၀ ရာခိုင်နှုန်း လောက် ရှိပါတယ်။ Rod laver Arena ရဲ့ ပတ်ဝန်းကျင်အခြေအနေက မယုံနိုင်လောက်အောင်ကောင်းမွန်တာမို့ ပြီးခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အိုးပင်းပြိုင်ပွဲအားလုံးနဲ့ ကွဲပြားခြားမှုမရှိတဲ့ပုံစံ ခံစားရစေမှာပါ။ အရင်ကအခြေအနေနဲ့ ထပ်တူမကျပေမဲ့ လွန်ခဲ့တဲ့လပေါင်းများစွာက ကမ္ဘာကြီးမှာမြင်တွေ့ခဲ့ရတဲ့ လူစုလူဝေးနဲ့ ကျင်းပမယ့် အထင်ရှားဆုံး နိုင်ငံတကာပြိုင်ပွဲတစ်ခု ဖြစ်လာမှာပါ" ဟု ပြည်နယ်အားကစားဝန်ကြီး က ပြောကြားခဲ့သည်။

၅၃ ကြိမ်မြောက်ကျင်းပမည့် သြစတြေးလျအိုပင်းပြိုင်ပွဲကို မူလ က ဇန်နဝါရီ ၁၈ ရက်မှ ၃၁ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် သုံးပတ်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကျင်းပမည်ဖြစ်သော်လည်း ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများ၊ နည်းပြများ၊ ဝန်ထမ်းများနှင့် အခြား တာဝန်ရှိသူများမှာ ၁၄ ရက်ကြိုတင် လာရောက်၍ Quarantine နေထိုင်ခဲ့ရကြောင်း သိရသည်။ ၎င်းတို့အနေ ဖြင့် လေဆိပ်မှတစ်ဆင့် ဟိုတယ်သို့ တိုက်ရိုက်သွားရောက်၍ Quarantine နေထိုင်ခဲ့ရခြင်းဖြစ်ပြီး ကစားသမားများမှာ တစ်နေ့လျှင် ငါးနာရီ ကြာ လေ့ကျင့်ခွင့်ရရှိခဲ့သည်။

သို့ သော် အဘူဒါဘီ၊ ဒိုဟာနှင့် လော့စ်အိန်ဂျလိစ်မှ မဲလ်ဘုန်းသို့ရောက်ရှိလာသည့် လေယာဉ်သုံးစင်းတွင် COVID-19 ရောဂါ Positive လေးဦးတွေ့ရှိသဖြင့် ကစားသမား ၇၂ ဦးမှာ ၁၄ ရက်စလုံး ဟိုတယ်ခန်း အတွင်း၌သာ နေထိုင်ခဲ့ရပြီး နေ့စဉ် လေ့ကျင့်ခွင့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အကြိုလေ့ကျင့်ခွင့်မရသူများတွင် ဘယ်လာရုစ်တင်းနစ်မယ် အဇာရန်ကာ၊ အမေရိကန်တင်းနစ်မယ် စတီဖင်၊ ဂျပန်တင်းနစ်သမား နီရှီကိုရီ၊ ကနေဒါတင်းနစ်မယ် အန်ဒရီယက်စကူး၊ ဂျာမနီတင်းနစ်မယ် အန်ဂျယ်လီခါဘာတို့ ပါဝင်ခဲ့သည်။

သြစတြေးလျအိုးပင်းပြိုင်ပွဲ၏ တစ်ဦးချင်း လက်ရှိချန်ပီယံများမှာ ကမ္ဘာ့အဆင့် ၁ ဆားဘီးယားကစား သမား ဂျိုကိုဗစ်နှင့် ကမ္ဘာ့အဆင့် ၄ အမေရိကန်တင်းနစ်မယ် ဆိုဖီယာကန်နင်တို့ဖြစ်ပြီး ချန်ပီယံဆုရရှိသူ မှာ ဒေါ်လာ ၃ ဒသမ ၁၅ သန်းဝန်းကျင် ရရှိမည်ဖြစ်သည်။















