ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဥပဒေ၏ Mother Law ဖြစ်ပြီး မလိုက်နာပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ဥပဒေကို အလေးထားလိုက်နာရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး။ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တော်လှန်ရေးကောင်စီခေတ်တွင် ၁၉၄၇ ခုနှစ်၊ နဝတခေတ် တပ်မတော်တက်လာသည့်အချိန်တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ခဲ့ကြောင်း၊ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားဝင်ရှိနေသည့် ဥပဒေ တည်ဆဲဥပဒေဖြစ်၍ နိုင်ငံရေး၌ အင်မတန်အရေးကြီးသည့် အခြေခံအကြောင်းတစ်ခုဖြစ်သဖြင့် ပြီးပြီးရော လုပ်၍မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
“ဥပဒေတစ်ခု ပြဋ္ဌာန်းပြီဆိုရင် ဒီဥပဒေကို ဘာကြောင့် ပြဋ္ဌာန်းလဲဆိုတာ ရှင်းရမယ်။ ပုဒ်မတစ်ခုချင်းမှာလည်း သူရဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒီပုဒ်မ ဒီလိုအကြောင်းအရာ ဆိုထားတာ ဘာကိုရည်ရွယ်ပြီးရေးထားတာ ရှင်းလင်းချက်တွေရှိတယ်။ ဒီရှင်းလင်းချက်တွေက ဥပဒေထဲမှာလည်း မပါဘူး။ သို့သော် နောက်ခံဆွေးနွေးတဲ့အထဲမှာ ပါလာတယ်။ အတည်ပြုထားတယ်။ ဒီအကြောင်းအရာတွေကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းတယ်။ သူကတော့ အကျဉ်းပဲ။ ဥပဒေကတော့ အကျဉ်းပဲ။ ဒါပေမဲ့ သူ့ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ အကျယ်တွေရှိတယ်။ အဲဒီတော့ အဲဒီဥပဒေက အငြင်းပွားစရာဖြစ်လာပြီဆိုလို့ရှိရင် နောက်ခံအကြောင်းအရာတွေကိုပါ ပြန်ကြည့်ရတယ်။ ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုလို့မရဘူး။ သူရေးထားတာ ဘာကြောင့် ဒီလိုရေးထားတာလဲ။ တစ်ခါ အဲဒီမှာ မြန်မာစာနဲ့ရေးတာရှိတယ်။ အင်္ဂလိပ်စာနဲ့ ဘာသာပြန်ပြီးတော့ ရေးထားတာရှိတယ်။ ဘယ်လိုစနစ်နဲ့ပဲရေးရေး မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေဟာ မြန်မာလိုရေးသားထားတဲ့ဟာကိုပဲ အတည်ပြုထားတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် ဥပဒေအား ကိုယ်လိုရာဆွဲပြီး လုပ်နေခြင်းသည် အကျိုးထက် အဆိုးကို ဖြစ်စေကြောင်း၊ တပ်မတော်က လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် အခြေခံဥပဒေကို လေးစားလိုက်နာရန်လိုကြောင်း၊ ထို့ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှုမရှိသည့် တည်ဆဲဥပဒေအားလုံးကို တပ်မတော်အနေဖြင့် လေးစားလိုက်နာရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။