ဥပဒေအား ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက် အဆိုးကိုဖြစ် ပေါ်စေနိုင်ပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ယင်းဥပဒေအားမဆန့်ကျင်သည့် တည်ဆဲဥပဒေများကိုလည်း အလေးထားလိုက်နာသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ဥပဒေအား ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက် အဆိုးကိုဖြစ် ပေါ်စေနိုင်ပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ယင်းဥပဒေအားမဆန့်ကျင်သည့် တည်ဆဲဥပဒေများကိုလည်း အလေးထားလိုက်နာသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ဇန်နဝါရီ ၂၇ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ   နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများကို Video Conferencing ဖြင့် တွေ့ဆုံစဉ်
ဇန်နဝါရီ ၂၇ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ   နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများကို Video Conferencing ဖြင့် တွေ့ဆုံစဉ်
Published 27 January 2021

ဥပဒေအား ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်ပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ယင်းဥပဒေအား မဆန့်ကျင်သည့် တည်ဆဲဥပဒေများကိုလည်း အလေးထားလိုက်နာသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံအမှာ စကားပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေး ခေါ်လုပ်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများ၊ အမြင်ကျယ်ပြန့်စွာဖြင့် စဉ်းစားတွေးခေါ် လုပ်ဆောင်နိုင်ရန်အတွက် သမိုင်းကြောင်းနောက်ခံ အကြောင်းအရာများကို သိရှိရန်လိုအပ်ပြီး နောက်ခံအကြောင်းအရာများကို မသိရှိပါက ခိုင်လုံသည့် အကြောင်းအရာများကို ရရှိမည်မဟုတ်သည့်အတွက် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သမိုင်းကြောင်းများအား အကျယ်တဝင့် ဦးစွာပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်များနှင့် ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံရေးအမြင်၌ ပါတီစုံဒီမို ကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံ၊ တရားမျှတသည့်ဒီမိုကရေစီနိုင်ငံ၊ ရိုးသားသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် လိုအပ်ပြီး ဥပဒေကို အလေးထားလိုက်နာရန်လိုအပ်ကြောင်း၊ ဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်သည့် တည်ဆဲဥပဒေများကို အလေးထားလိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးအမြင်နှင့်ပတ်သက်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ရေးစနစ်နှင့် လူသားအရင်းအမြစ်များ ကောင်းမွန်ရန် စသည့် အခြေခံအချက်လေးချက်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ အုပ်ချုပ်ရေးအမြင်တွင်လည်း ညီညွတ်မျှတပြီး စည်းကမ်းနှင့် ဥပဒေကို လေးစားသည့် အုပ်ချုပ်မှုစနစ် ဖြစ်စေရန်အတွက် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာအောင်၊ စည်းကမ်းရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ကာကွယ်ရေးအမြင်နှင့်ပတ်သက်၍ စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ရမည်ဖြစ်ပြီး ကာကွယ်ရေးစွမ်းပကား မြင့်မားစေရန်အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကိုလည်း မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကာကွယ်ရေးတွင် ညာသံပေးနေရုံဖြင့်မရဘဲ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်ပြောကြားရာတွင် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို နောက်ခံအကြောင်းအရာများနှင့် ချင့်ချိန်ပြီး ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စဉ်းစားကာ မိမိကိုယ်ကိုယ် တန်ဖိုးထားရန်၊ တန်ဖိုးမြှင့်တင်ရန်နှင့် တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်အောင် ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်သည့် အခြေအနေများအား အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။