မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအား ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကန့်ကွက်လွှာ တင်ထားသည့်အပေါ် ဥပဒေနှင့်အညီ အကောင်းဆုံး ခုခံချေပသွားမည်ဟု ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ပြောကြား

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအား ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကန့်ကွက်လွှာ တင်ထားသည့်အပေါ် ဥပဒေနှင့်အညီ အကောင်းဆုံး ခုခံချေပသွားမည်ဟု ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ပြောကြား
Published 26 January 2021
ဘိုဘိုမြင့်

လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က လက်ရှိ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးအား ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကန့်ကွက်လွှာ တင်ထားသည့်အပေါ် ဥပဒေနှင့်အညီ အကောင်းဆုံး ခုခံချေပ သွားမည်ဟု ဒေါက်တာ အောင်နိုင်ဦး က ပြောကြားသည်။

“တည့်တည့်ပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ သုံးကြိမ်လုံးမှာ ကျွန်တော်အတွက်ကို အမှားအယွင်း မရှိအောင် သတိနဲ့ ဖြတ်သန်း ကျော်လွှားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိဘူးလို့ ကျွန်တော်ကိုယ် ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံ ချေပသွားပါမယ်”ဟု ဒေါက်တာအောင်နိုင်ဦး က ပြောကြားသည်။

၎င်းထံသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်လွှာနှင့် ပတ်သက်ပြီး အကြောင်းကြားစာကို ပေးပို့ထားကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၃ ရက်တွင် အချိန်မီ ထုချေလွှာ တင်သွင်းရန်အတွက် အကြောင်းကြားစာ ပို့ထားပါကြောင်း၊ တစ်ဖက်က မိမိနှင့် ယှဉ်ပြိုင်ဘက်ပုဂ္ဂိုလ်က ရွေးကောက်ပွဲရလဒ်ကို ပြန်ပြီးစိစစ်ရန် ကန့်ကွက်လွှာ တင်ထားသည့် သဘောဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံကိုလည်း တင်ပြထားပြီး ဖြစ်ကြောင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှလည်း ထိုက်သင့်သည့် အကူအညီများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရာမညရှေ့နေကွန်ရက်ကလည်း အကူအညီပေးသွားမည်ဟု ပြောဆိုထားကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၁) ၌ မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြု ဒေါက်တာအောင်နိုင်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ဦးမင်းကျော်လွင် တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ခိုင်လုံမဲ ၃၅၀၀၀ ကျော်ရှိသည့် ယင်းမဲဆန္ဒနယ်၌ ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ  ၁၅၃၇၀ ရရှိခဲ့ပြီး ဦးမင်းကျော်လွင်က ခိုင်လုံမဲ  ၁၃၉၈၉ မဲရရှိခဲ့ကာ ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ ၁၃၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့နေရာမှာ သူ့ဘက်ကလည်း သူမှန်တယ်ထင်လို့ ကန့် ကွက်လွှာ တင်သွင်းတယ်လို့ ကျွန်တော် ယူဆရပါတယ်။ ကျွန်တော်ဘက်ကလည်း ကျွန်တော်လုပ်သမျှက ဘယ်တော့မှ အမှားအယွင်း မရှိအောင် သတိနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကန့်ကွက်လွှာ တင်တဲ့သူကတော့ သူ့စိတ်ထဲမှာ ဒါသည် ဥပဒေနဲ့မညီဘူးလို့ ထင်ပုံရပါတယ်။ အဲဒီအပေါ်မှာ သူက ကန့်ကွက်လွှာ တင်သွင်းတယ်လို့ပဲ ပြောချင်ပါတယ်။ သူတို့ကန့်ကွက်လွှာထဲမှာ ရေးသား ဖော်ပြထားတာက အချက်အားဖြင့် ၁၅ ချက် ကျော်ပါတယ်။ ကန့်ကွက်လွှာမှာပါတဲ့ အသေးစိတ် အချက်အလက်တွေက လတ်တလောမှာ ပြောလို့ မသင့်တော်လို့ မပြောသေးတာပါ”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ကျွန်တော်သည် ၂၀၁၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိကို ပေးအပ်တဲ့ တာဝန်တွေအပြင် ကျွန်တော့် စေတနာနဲ့ တကယ့်ကို တာဝန်သိရှိမှုနဲ့ တောက်လျှောက် လုပ်ခဲ့ပါတယ်။ အဲဒီတော့ ပြည်သူလူထုက ပေးတဲ့ မေတ္တာတွေ၊ ပြည်သူလူထုအပေါ်မှာ ထားတဲ့ စေတနာတွေကတော့ အကောင်းဆုံး ဖြတ်သန်းမှုရလဒ်ကို ရလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ လတ်တလောမှာလည်း ကျွန်တော်ကို မေတ္တာရှေ့ထားပြီးတော့ ဆုတောင်းပေးကြတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရတဲ့အတွက် ပြည်သူလူထုရဲ့ ဆုတောင်းမှုနဲ့ ကျွန်တော်ရဲ့ အကောင်းဆုံး ရိုးသားမှုကတော့ အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်အနေနဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကိုလည်း ပြင်ဆင်ထားပါတယ်။ အဲဒီအတွက်ကို ကျွန်တော်ကျရှုံးမှု မရှိအောင် အကောင်းဆုံး ဆောင်ရွက်သွားပါမယ်။ ကျွန်တော် ကျရှုံးသွားမယ် ဆိုရင်တော့ ကျွန်တော့် မဲဆန္ဒနယ်က ပြည်သူလူထုတင် ကျရှုံးခြင်း မဟုတ်ဘဲနဲ့ မွန်ပြည်နယ် ပြည်သူလူထုအတွက်ပါ နစ်နာဆုံးရှုံးလိမ့်မယ်လို့ ကျွန်တော်ခံယူပါတယ်။ အဲဒီအတွက်ကြောင့် ကျရှုံးမှု မရှိအောင် ဥပဒေလမ်းကြောင်းကနေ ရင်ဆိုင် ဖြေရှင်းသွားပါမယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။

အဆိုပါ ကန့်ကွက်လွှာ တင်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံထားရသူ ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် သုံးကြိမ်ဆက် ရွေးကောက်တင်မြှောက် ခံထားရသူဖြစ်ပြီး ဦးမင်းကျော်လွင်မှာ ၂၀၁၇ နှစ် ဇွန် ၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ပထမနေ့) တွင် လစ်လပ်လျက်ရှိသည့် မွန်ပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးအဖြစ်  မွန်ပြည်နယ်လွှတ်တော် သို့ အမည်စာရင်း တင်သွင်းကာ ခန့်အပ်ထားသူ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်မြေ ၄၅ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၄ နေရာနှင့် မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့ကြသည်။

Most Read

Most Recent