လှိုင်သာယာ Unique HTT စက်ရုံမှ အလုပ်သမားများ ရလိုသည့်အခွင့်အရေးများ ဆန္ဒပြတောင်းဆိုရာမှ အလုပ်ရှင်နှင့် ပြေလည်မှုရရှိပြီးနောက်မှ အလုပ်သမားခေါင်းဆောင် သံတုတ်ဖြင့်အရိုက်ခံရ

လှိုင်သာယာ Unique HTT စက်ရုံမှ အလုပ်သမားများ ရလိုသည့်အခွင့်အရေးများ ဆန္ဒပြတောင်းဆိုရာမှ အလုပ်ရှင်နှင့် ပြေလည်မှုရရှိပြီးနောက်မှ အလုပ်သမားခေါင်းဆောင် သံတုတ်ဖြင့်အရိုက်ခံရ
Published 23 January 2021
သိင်္ဂီဝင်းထွန်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ရှိ Unique HTT အထည်ချုပ်စက်ရုံမှ အခွင့်အရေး ရလိုမှုများအတွက် အလုပ်သမား ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုရာမှ ပြေလည်မှုရရှိပြီး လုပ်ငန်းဝင်ပြန်လည်ဝင်ရောက်၍ နောက်ပိုင်းတွင် အဆိုပါစက်ရုံမှ အလုပ်သမားခေါင်း ဆောင် ၂၂ ရက် ညနေပိုင်း အလုပ်ပြန်ချိန်တွင် သံတုတ်ဖြင့် အရိုက်ခံရကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီ ၁၉ ရက်တွင် Unique HTT အထည်ချုပ်စက်ရုံ၌ အလုပ်သမား ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုမှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုကာ ပြေလည်မှုရယူခဲ့သော်လည်း အဆိုပါစက်ရုံမှ စက်ရုံမှူးဆိုသူက အပြုအမူများဖြင့် ခြိမ်းခြောက် သည့်ပုံစံပြုလုပ် ခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက် အရ သိရသည်။

ထို့နောက် ၂၂ ရက်တွင် ယင်းစက်ရုံမှူးက အလုပ်သမားခေါင်းဆောင်များကို ခေါ်ယူ၍ ခြိမ်းခြောက်သည့်သဘောသက်ရောက်သည့် စကားများပြောဆိုခဲ့ကြောင်း  မြန်မာနိုင်ငံအထည်ချုပ် အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (ယာယီ) တာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်က ပြောကြားသည်။

“၂၂ရက်နေ့မှာ သမဂ္ဂခေါင်းဆောင် တွေကို  စက်ရုံမှူးက အလှည့်ကျခေါ်ပြီးတော့ ပြောတယ်။ သူတို့ တရုတ်ပြည်မှာဆိုရင် စက်ရုံမှူး အယောက်၂၀၀ လောက်ကို ဖြန့်ထားတာပေါ့နော်။ အဲဒီတော့ ဒီအလုပ်သမား ခေါင်းဆောင်တွေကို နောက်စက်ရုံ လျှောက်မရအောင်  Black List သွင်းလို့ရတယ်ပေါ့။ ပြီးရင် ပိုက်ဆံရှိရင် တရုတ်ပြည်မှာဆိုရင် အလုပ်သမားခေါင်းဆောင်တွေကို သတ်ပစ်လို့တောင်ရတယ်ပေါ့။ အဲဒါပြီးတော့ အလုပ် သမားတွေ  အလုပ်ကအပြန် လမ်းထောင့်ကနေ မျက်နှာဖုံးအုပ်ထားတဲ့ လူနှစ်ယောက်က အလုပ်သမားခေါင်းဆောင်ကို သံတုတ်နဲ့ ရိုက် တာဖြစ်ခဲ့တယ်” ဟု  ဒေါ်မိုးစန္ဒာမြင့်က ပြော ကြားသည်။

လက်ရှိတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်ပြီးနောက်ပိုင်း အလုပ်သ မား ခေါင်းဆောင်များ အရိုက်ခံရမှု၊ ခြိမ်းခြောက်မှု များ ဖြစ်ပွားလျက်ရှိကြောင်းနှင့် အမှုဖွင့်ရန်အ တွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေါ်မိုးစန္ဒာမြင့်က ဆက်လက်ပြောကြားသည်။

“အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြစ်ပြီးနောက်ပိုင်းကျမှာပဲ ဒါမျိုးတွေကြုံရတာ။ အခုနဲ့ဆို စက်ရုံလေးရုံရှိပြီပေါ့။ အမျိုးသမီး သမဂ္ဂခေါင်းဆောင်တွေ အရိုက်ခံရတယ်။ အမျိုးသားတွေကတော့ ပိုများတာပေါ့။ ခြိမ်း ခြောက်ခံရတာတွေလည်း ရှိတယ်။ အမှုမှန် ပေါ်ပေါက်ဖို့ဆိုတာက ဖမ်းပြီးမှပဲ ဘယ်သူ ဘယ်ဝါဆိုတာ သိရမှာပေါ့။ ထင်ကြေးတွေနဲ့ တော့ သွားလို့မရဘူး။ အလုပ်သမားတွေက တော့ ခံစားချက်အပြည့်နဲ့ ထင်ကြေးပေးတာ တွေရှိတာပေါ့။ အခု အစ်မတို့က အမှုဖွင့်ဖို့အ တွက်ကို ဆက်လက်သွားမယ်။ ဆက်လက် ဆောင်ရွက်သွားမယ်။ လောလောဆယ်က ခေါင်းကိုထိထားတာဆိုတော့သူရဲ့ ဒဏ်ရာ ကျက်ရေးကိုပဲ ဦးစားပေးပြီး သွားနေတယ်” ဟု ဒေါ်မိုးစန္ဒာမြင့်က ဆိုသည်။

ဇန်နဝါရီ ၁၉ ရက်တွင် အလုပ်ရှင်အ လုပ်သမား နှစ်ဖက်သဘောတူစာချုပ်ချုပ် ဆို၍ ပြလည်မှုရယူခဲ့ပြီး အလုပ်သမားအား လုံး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြသော် လည်း အလုပ်ရှင်ဘက်ကအလုပ်သမား ခေါင်း ဆောင်ခုနစ်ဦးကို ပုဒ်မ ၄၇ ဖြင့် တရားစွဲဆို ထားသည်ဟု သိရသည်။

“ပြဿနာတွေအားလုံး ပြေလည်ပြီးကာ မှ တရားစွဲတဲ့ကိစ္စက ဖြစ်ပေါ်လာတယ်။ မနေ့ ကမှ တရားစွဲတဲ့ကိစ္စကို အလုပ်သမားခေါင်း ဆောင်တွေက သိတာ။ အားလုံးပြေလည်ပြီးမှ တရားစွဲတယ်ဆိုတော့ အလုပ်သမားတွေက မကျေနပ်ကြဘူး” ဟု မြန်မာနိုင်ငံ အထည်ချုပ် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ယာယီ) တာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်က ပြောကြားသည်။

Unique HTT  အထည်ချုပ်စက်ရုံပိုင် ရှင်မှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်ဖြင့် လုပ်ကိုင်နေသည့် စက်ရုံဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကိစ္စများအတွက် ဇန်နဝါရီ ၂၃ ရက်တွင် ဇုန်ကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ  သုံးပွင့်ဆိုင်  ညှိနှိုင်းမည်ဟု သိရသည်။         

 

 

Most Read

Most Recent