စပိန်စူပါဖလားတွင်ဗိုလ်စွဲရန်မှာ မိမိတို့အသင်းအတွက်အရေးကြီးကြောင်း ဘူးစကွက်စ်ပြောကြား

စပိန်စူပါဖလားတွင်ဗိုလ်စွဲရန်မှာ မိမိတို့အသင်းအတွက်အရေးကြီးကြောင်း ဘူးစကွက်စ်ပြောကြား
Photo: Marca
Photo: Marca
Published 17 January 2021

ဘာစီလိုနာအသင်း၏ စပိန်ဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်က ဘီလ်ဘာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် စပိန်စူပါဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန်မှာ မိမိတို့အသင်းအတွက် အရေးကြီးကြောင်းပြောကြားခဲ့သည်။

၂၀၂၀-၂၁ ရာသီ စပိန်စူပါဖလားဗိုလ်လုပွဲကို ဇန်နဝါရီ (၁၈)ရက် (မြန်မာစံတော်ချိန် တနင်္လာနံနက် ၂း၃၀ နာရီ)တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဆိုစီဒက်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူကျော်ဖြတ်လာသည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ယူခဲ့သည့် ဘီလ်ဘာအိုအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဘူးစကွက်စ် လက်ရှိစူပါဖလားဗိုလ်လုပွဲမှာ မိမိတို့အသင်း၏ ရှေ့လာမည့် စိန်ခေါ်မှုများအတွက် အကောင်းဆုံးအလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ကြောင်းနှင့် ကစာသမားများ၏ စိတ်ခွန်အားနှင့် ပျော်ရွှင်မှုအတွက်လည်း အခွင့်အရေးဖြစ်နိုင်ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘူးစကွက်စ်က''ရှေ့လာမယ့် ကောင်းမွန်တဲ့ကာလအပိုင်းအခြားတွေအတွက် ဒီအရာ (စပိန်စူပါဖလား)ဟာ အခွင့်အရေးပါပဲ။ အသင်းအတွက်လည်းပိုပြီးကောင်းမွန်စေပါလိမ့်မယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတာက လာမယ့်ပြိုင်ပွဲကြီးတွေအတွက်အရေးကြီး 

ခြေလှမ်းဖြစ်နိုင်သလို အသင်းရဲ့တိုးတက်မှုအတွက်လည်းအထောက်အပံ့ဖြစ်စေမှာသေချာပါတယ်။ ကစားသမားတွေအနေနဲ့လည်း ချန်ပီယံဆုအတွက် စိတ်ခွန်အားတွေနဲ့ ပျော်ရွှင်မှုတွေရှိနေပါတယ်။ ဒါဟာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အသင်းအနေ 

နဲ့ ရှေ့လာမယ့်စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်ရင်း ပိုမိုတိုးတက်လာအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်" ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အသင်း (၄)သင်းဖြင့်ကျင်းပသည့် စနစ်သစ်စပိန်စူပါဖလားပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီကစတင်ကျင်းပခဲ့ပြီး စပိန်လာလီဂါ ချန်ပီယံနှင့်ဒုတိယ၊ စပိန်ဘုရင့်ဖလားချန်ပီယံနှင့် ဒုတိယအသင်းတို့ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်၌ အက်သလက်တီကိုအသင်းအား ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့်လွဲချော်ခဲ့ရပြီး၊ ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နှင့်အနိုင်ရဗိုလ်စွဲခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက ဖလားလက်မဲ့ရာသီကိုကြုံတွေ့ခဲ့ရပြီး ယခုရာသီတွင် စပိန်စူပါဖလားနှင့်အတူ ဆုဖလားအိပ်မက်များပြန်လည်နီးစပ်လာခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ၁၉၈၀ ခုနှစ်က စတင်ကျင်းပခဲ့သော စပိန်စူပါဖလားပြိုင်ပွဲသမိုင်းတွင် ချန်ပီယံ (၁၃)ကြိမ်ရယူထားနိုင်ပြီး ပြိုင်ပွဲ၏အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေသည်။

Most Read

Most Recent