လီဗာပူးလ်အသင်း၏ ကွင်းလယ်ကစားသမားဟောင်း မက်အတ်တီယာက မန်ယူအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ မှားယွင်းပြီး ရောက်ရှိနေခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
လီဗာပူးလ်နှင့် မန်ယူအသင်းတို့သည် ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ မက်အတ်တီယာက ယခုကဲ့သို့ ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။
မက်အတ်တီယာက "မန်ယူအသင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေတာဟာ မှားယွင်းတဲ့ ရပ်တည်မှုလို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်။ တခြားအသင်းတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဆိုးလ်ရှားက ကစားသမားအများစုရဲ့ အကောင်းဆုံးပုံစံကို ရရှိခဲ့တာကြောင့်ပါ"ဟု ပြောကြားခဲ့သည်။
မက်အတ်တီယာသည် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၁၃၉)ပွဲ ကစားပေးခဲ့သူဖြစ်ပြီး မန်ယူဂန္ထဝင်ကစားသမား ကန်တိုနာနှင့် ရင်ဆိုင်ခဲ့ဖူးသူလည်းဖြစ်သည်။
၎င်းက ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်နှင့် မန်စီးတီးတို့သာ အပြိုင်လုရမည်ဖြစ်ပြီး မန်ယူအသင်းမှာ ထိပ်ဆုံးမှ ဖယ်ပေးရလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
"ရာသီအဆုံးသတ်ချိန်ရောက်ရင် လီဗာပူးလ်နဲ့ မန်စီးတီးတို့ပဲ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရလိမ့်မယ်လို့ ထင်ပါတယ်။ မန်ယူအသင်း ထိပ်ဆုံးက လျှောကျသွားမှာပါ။ လိုက်ပ်ဇစ်၊ PSG၊ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ သူတို့ အစမ်းသပ်မခံနိုင်ခဲ့ပါဘူး"ဟု မက်အတ်တီယာက ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)ပွဲကစားပြီးချိန်၌ ဒုတိယနေရာမှ လီဗာပူးလ်အသင်းကို (၃)မှတ်ဖြတ်ကာ ဦးဆောင်နေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အလေးပေးမှုတွင်မူ မန်စီးတီး၊ လီဗာပူးလ်တို့၏နောက် တတိယနေရာတွင်သာ ရပ်တည်လျက်ရှိနေကြောင်းလည်း သိရသည်။















